မဇ္ဈိမနိကာယ်

၉—သုဘသုတ်

၄၆၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ တောဒေယျ၏သားဖြစ်သော သုဘလုလင်သည် သာဝတ္ထိပြည်သူကြွယ်တစ်ယောက်၏ အိမ်၌ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် တည်းခိုနေ၏။ ထိုအခါ သူကြွယ်အိမ်၌တည်းခိုနေသော တောဒေယျ၏သား သုဘလုလင်သည် ထိုသူကြွယ်ကို “သူကြွယ် သာဝတ္ထိပြည်သည်ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော ရဟန္တာအသျှင်တို့ဖြင့် မဆိတ်ဟု ဤသို့သောစကားကို အကျွန်ုပ်ကြားဖူးပါ၏၊ ယနေ့ အဘယ်မည်သော သမဏ ဗြာဟ္မဏကို ဆည်းကပ်ရပါကုန်အံ့နည်း”ဟု ဤစကားကိုပြောဆို၏။ အသျှင် သာဝတ္ထိပြည်ဝယ် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော ထိုမြတ်စွာဘုရားကို ချဉ်းကပ်လေလော့ဟု (ပြောဆို၏)။

ထိုအခါ တောဒေယျ၏ သားဖြစ်သော သုဘလုလင်သည် ထိုသူကြွယ်၏ စကားကို နားထောင်ပြီးသော်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော အရပ်၌ ထိုင်ကာတောဒေယျ၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ ‘လူဝတ်ကြောင်သည်သာလျှင် နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေနိုင်၏၊ ရဟန်းသည် နည်းလမ်းမှန်သောကုသိုလ်တရားကို မပြည့်စုံစေနိုင်’ဟု ပုဏ္ဏားတို့သည် ဤသို့ ပြောဆိုကြပါကုန်၏၊ အသျှင်ဂေါတမသည်ဤအရာ၌ အဘယ်သို့ ဆိုလိုပါသနည်း”ဟု ဤစကားကို လျှောက်၏။

၄၆၃။ လုလင် ဤနေရာ၌ ငါသည် ခွဲခြားဝေဖန်၍ ဟောကြားလေ့ ရှိ၏၊ ဤအရာ၌ ငါသည်တစ်ဖက်သတ်အားဖြင့် ဟောကြားလေ့ မရှိ။ လုလင် ငါသည် လူဝတ်ကြောင်၏သော်လည်းကောင်း၊ ရဟန်း ၏သော်လည်းကောင်း၊ မှားသော အကျင့်ကို မချီးကျူး။ လုလင် မှန်၏၊ လူဝတ်ကြောင်သည်သော်လည်း ကောင်း၊ ရဟန်းသည်သော်လည်းကောင်း မှားသော အကျင့်ကိုကျင့်သည်ဖြစ်အံ့၊ မှားသော အကျင့်ကို ကျင့်ခြင်းဟူသော အကြောင်းကြောင့် နည်းလမ်းမှန်သောကုသိုလ်တရားကို မပြည့်စုံစေနိုင်။ လုလင် ငါသည် လူဝတ်ကြောင်၏သော်လည်းကောင်း၊ ရဟန်း၏သော်လည်းကောင်း မှန်ကန်သော အကျင့်ကို ချီးကျူး၏။ လုလင် မှန်၏၊ လူဝတ်ကြောင်သည်သော်လည်းကောင်း၊ ရဟန်းသည်သော်လည်းကောင်း မှန်ကန်သော အကျင့်ကိုကျင့်သည်ဖြစ်အံ့၊ မှန်ကန်သော အကျင့်ကို ကျင့်ခြင်းဟူသော အကြောင်းကြောင့် နည်းလမ်းမှန်သောကုသိုလ်တရားကို ပြည့်စုံစေနိုင်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ပုဏ္ဏားတို့သည် “ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စရှိသော များစွာသောပြုဖွယ်ကိစ္စရှိသော အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ်ရှိသော များစွာသော အားထုတ်ဖွယ်ရှိသောဤ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေသော သူတို့၏ အလုပ်သည် ကြီးကျယ်သော အကျိုးရှိ၏၊ အနည်း ငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိသော အနည်းငယ်သော ပြုဖွယ်ကိစ္စရှိသော အနည်းငယ်သောကြောင့်ကြ ဖွယ်ရှိသော အနည်းငယ်သော အားထုတ်ဖွယ်ရှိသော ဤရဟန်းဘောင်၌ နေသော သူတို့၏့အလုပ်သည် နည်းသော အကျိုးရှိ၏”ဟု ဤသို့ ဆိုကြပါကုန်၏၊ ဤသို့ ဆိုရာ၌ အသျှင်ဂေါတမသည်အဘယ်သို့ ဆိုလိုပါသနည်းဟု (လျှောက်၏)။

လုလင် ဤအရာ၌လည်း ငါသည် ခွဲခြားဝေဖန်၍ ဟောကြားလေ့ရှိ၏၊ ဤအရာ၌ ငါသည် တစ်ဖက်သတ်အားဖြင့် ဟောကြားလေ့မရှိ။ လုလင် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စရှိသောများစွာသော ပြုဖွယ်ကိစ္စရှိသော အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ်ရှိသော များစွာသောအားထုတ်ဖွယ်ရှိသော အလုပ်သည် ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏၊ လုလင် ကြီးကျယ် များပြားသော ပြုဖွယ် ဝေယျာဝစ္စရှိသော များစွာသော ပြုဖွယ်ကိစ္စရှိသောအလွန်ကြီးကျယ်သော ကြောင့် ကြဖွယ်ရှိသော များစွာသော အားထုတ်ဖွယ်ရှိသော အလုပ်သည် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏၊ လုလင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိသော အနည်းငယ်သော ပြုဖွယ်ကိစ္စရှိသော အနည်းငယ်သော ကြောင့်ကြဖွယ်ရှိသောအနည်းငယ်သော အားထုတ်ဖွယ်ရှိသော အလုပ်သည် ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော်နည်းသော အကျိုးရှိ၏၊ လုလင် အနည်းငယ် သော ပြုဖွယ် ဝေယျာဝစ္စရှိသော အနည်းငယ်သောပြုဖွယ်ကိစ္စရှိသော အနည်းငယ်သော ကြောင့်ကြဖွယ် ရှိသော အနည်းငယ်သော အားထုတ်ဖွယ်ရှိသောအလုပ်သည် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏၊

လုလင် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စရှိသော များစွာသော ပြုဖွယ်ကိစ္စရှိသော အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ်ရှိသော များစွာသော အားထုတ်ဖွယ်ရှိသော အလုပ်သည် အဘယ်နည်းဟူမူ— ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏ဟူသည် အဘယ်နည်းဟူမူ—လုလင်လယ်လုပ်သော အလုပ်သည် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာသော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည်ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။

လုလင် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စရှိသော များစွာသော ပြုဖွယ်ကိစ္စရှိသော အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ်ရှိသော များစွာသော အားထုတ်ဖွယ်ရှိသော အလုပ်သည် အဘယ်နည်းဟူမူ— ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏ဟူသည် အဘယ်နည်းဟူမူ—လုလင်လယ်လုပ်သော အလုပ်သည်ပင်လျှင် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ များစွာသောပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာသော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်များပြားသော အကျိုးရှိ၏။

လုလင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိသော အနည်းငယ်သော ပြုဖွယ်ကိစ္စရှိသော အနည်းငယ်သော ကြောင့်ကြဖွယ်ရှိသော အနည်းငယ်သော အားထုတ်ဖွယ်ရှိသော အလုပ်သည် အဘယ်နည်းဟူမူ— ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏ဟူသည် အဘယ်နည်းဟူမူ—လုလင်ကုန်သည် အလုပ်သည် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ အနည်းငယ်သော ပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည်ချွတ်ယွင်း သည်ရှိသော် နည်းသော အကျိုးရှိ၏။

လုလင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိသော အနည်းငယ်သော ပြုဖွယ်ကိစ္စရှိသော အနည်းငယ်သော ကြောင့်ကြဖွယ်ရှိသော အနည်းငယ်သော အားထုတ်ဖွယ်ရှိသော အလုပ်သည် အဘယ်နည်းဟူမူ—ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏ဟူသည် အဘယ်နည်းဟူမူ— လုလင်စင်စစ် ကုန်သည် အလုပ်သည်ပင်လျှင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ အနည်းငယ်သောပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏။

၄၆၄။ လုလင် ဥပမာအားဖြင့် လယ်လုပ်သော အလုပ်သည် ကြီးကျယ်များပြားသော ပြုဖွယ် ဝေယျာဝစ္စရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာ သောအားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။ လုလင် ဤဥပမာအတူသာလျှင် လူ့ဘောင်၌ နေသော သူတို့၏ အလုပ်သည် ကြီးကျယ်များပြားသော ပြုဖွယ် ဝေယျာဝစ္စရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာ သောအားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။

လုလင် ဥပမာအားဖြင့် လယ်လုပ်သော အလုပ်သည်ပင်လျှင် ကြီးကျယ်များပြားသော ပြုဖွယ် ဝေယျာဝစ္စရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာ သောအားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုး ရှိ၏။ လုလင်ဤဥပမာ အတူသာလျှင် လူ့ဘောင်၌ နေသော သူတို့၏ အလုပ်သည် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာသော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏။

လုလင် ဥပမာအားဖြင့် ကုန်သည်အလုပ်သည် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ အနည်းငယ်သော ပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ်ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။ လုလင် ဤဥပမာအတူသာလျှင်ရဟန်းအလုပ်သည် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိ၏၊ အနည်းငယ်သော ပြုဖွယ်ကိစ္စရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ်ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။

လုလင် ဥပမာအားဖြင့် ကုန်သည်အလုပ်သည်ပင်လျှင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိ၏၊ အနည်းငယ်သော ပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သောအားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်များပြားသော အကျိုးရှိ၏။ လုလင်ဤဥပမာအတူသာလျှင် ရဟန်းအလုပ်သည် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ အနည်းငယ်သောပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ် များပြားသော အကျိုးရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ငါးပါးသောတရားတို့ကို ပညတ်ကြပါကုန်၏ဟု (လျှောက်၏)။ လုလင် အကယ်၍ သင် ဝန်မလေးပါမူ ကောင်းမှုကိုပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့ ပညတ်ထားသော ငါးပါးသော တရားတို့ကို ဤပရိသတ်၌ ပြောဆိုပါလော့ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အသျှင်ဘုရားဖြစ်စေ အသျှင်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်စေ ထိုင်နေသော ပရိသတ်မျိုး၌ ပြောကြားရန် အကျွန်ုပ်မှာ ဝန်မလေးပါဟု (လျှောက်၏)။ လုလင် သို့ဖြစ်မူ ပြောကြားပါလော့ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့သည် အမှန်ဆိုခြင်းကိုပဌမတရားဟူ၍ ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့သည် ခြိုးခြံသော အကျင့်ကို ဒုတိယတရားဟူ၍ ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့သည် မေထုန်မှ ကြဉ်ခြင်းကို တတိယတရားဟူ၍ ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါပုဏ္ဏားတို့သည် ဗေဒင်သင်ယူခြင်းကို စတုတ္ထတရားဟူ၍ ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့သည် စွန့်ကြဲခြင်းကို ပဉ္စမတရားဟူ၍ပညတ်ကြပါကုန် ၏။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို့ပြည့်စုံစေခြင်းငှါ ဤငါးပါးသော တရားတို့ကို ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမသည် ဤအရာ၌အဘယ်သို့ ဆိုလိုပါသနည်းဟု (လျှောက်၏)။

၄၆၅။ လုလင် “ဤငါးပါးသော တရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြု ကာ ငါဟောကြား၏”ဟု ပုဏ္ဏားတို့အထဲတွင် ဆိုစွမ်းနိုင်သော တစ်စုံတစ်ယောက်သောပုဏ္ဏားသည် ရှိသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မရှိပါဟု (လျှောက်၏)။ လုလင် “ဤငါးပါးကုန်သော တရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုကာငါ ဟောကြား ၏“ဟု ပုဏ္ဏားတို့အထဲတွင် ဆိုစွမ်းနိုင်သော တစ်စုံတစ်ယောက်သောဆရာ၊ တစ်စုံတစ်ယောက်သော ဆရာ့ဆရာ၊ ခုနစ်ဆက်တိုင်အောင်ဖြစ်သော ဆရာ့ဆရာသည်လည်း ရှိသလောဟု (မေးတော်မူ၏)။ အသျှင် ဂေါတမ မရှိပါဟု (လျှောက်၏)။

လုလင် ပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကိုပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့ သီဆိုပို့ချပေါင်းစုထားသော ထိုရှေးဟောင်းဝေဒကျမ်းကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ ရွတ်ဆိုကုန်၏၊ ရွတ်ဆိုထားတိုင်း လိုက်၍ ရွတ်ဆိုကုန်၏၊ ပို့ချထားတိုင်း လိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့သည် အဘယ်နည်း။ အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမတဂ္ဂိရသေ့ အင်္ဂီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထိုရသေ့တို့သည်လည်း “ဤငါးပါးကုန်သောတရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ငါတို့ ဟောကြားကုန်၏”ဟု ဤသို့ ဆိုကြကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့လည်း မဆိုကြပါကုန်ဟု (လျှောက်၏)။

လုလင် ဤသို့လျှင် “ဤငါးပါးကုန်သော တရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုကာ ငါဟောကြား၏”ဟု ပုဏ္ဏားတို့အထဲတွင် ဆိုစွမ်းနိုင်သော တစ်စုံတစ်ယောက်သောပုဏ္ဏားသည်လည်း မရှိခဲ့။ “ငါသည် ဤငါးပါးသော တရားတို့၏ အကျိုးကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ငါဟောကြား၏”ဟု ပုဏ္ဏားထဲတွင် ဆိုစွမ်းနိုင်သောတစ်စုံတစ်ယောက်သော ဆရာ၊ တစ်စုံတစ်ယောက် သောဆရာ့ဆရာ၊ ခုနစ်ဆက်မြောက်တိုင်အောင်ဖြစ်သော ဆရာ့ဆရာ တစ်စုံ တစ်ယောက်မျှလည်း မရှိခဲ့။ ပုဏ္ဏားတို့၏လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကို ပို့ချကုန်သောအကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့သီဆိုပို့ချပေါင်းစုထားသော ထိုရှေးဟောင်းဝေဒကျမ်းကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ ရွတ် ဆိုကုန်၏၊ ရွတ်ဆိုထားတိုင်း လိုက်၍ ရွတ်ဆိုကုန်၏၊ ပို့ချထားတိုင်း လိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့ ကားအဘယ်နည်း။ အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမတဂ္ဂိရသေ့အင်္ဂီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထိုရသေ့တို့သည်လည်း “ဤငါးပါးကုန်သော တရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ငါတို့ ဟောကြားကုန်၏”ဟူ၍လည်း မဆိုခဲ့ကြကုန်။

လုလင် ဥပမာအားဖြင့် အချင်းချင်း ဆွဲကိုင်ဆက်စပ်လျက်ရှိသော သူကန်းတို့၏ အစဉ်အတန်းတွင်ရှေ့ဆုံးလူသည်လည်း မမြင်၊ အလယ်လူသည်လည်း မမြင်၊ နောက်ဆုံးလူသည်လည်း မမြင်၊ လုလင်ဤဥပမာအတူသာလျှင် ပုဏ္ဏားတို့ ပြောဆိုသော စကားသည် သူကန်းတို့၏ အစဉ်အတန်းကဲ့သို့ဖြစ်ချေ၏၊ ရှေ့ဆုံးလူသည်လည်း မမြင်၊ အလယ်လူသည်လည်း မမြင်၊ နောက်ဆုံးလူသည်လည်းမမြင်ဟု (မိန့်တော်မူ၏)။

၄၆၆။ ဤသို့မိန့်တော်မူသော် တောဒေယျ၏သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားက သူကန်း့အစဉ် ဥပမာအားဖြင့် ဆိုသောကြောင့် စိတ်ဆိုးသည် အမျက်ထွက်သည်ဖြစ်၍ မြတ်စွာဘုရားကို သာလျှင်အပြစ်တင်လို၍ မြတ်စွာဘုရားကိုသာလျှင် ရှုတ်ချလိုသည်ဖြစ်၍ မြတ်စွာဘုရားကိုသာလျှင် ဆိုလို၍”ရဟန်းဂေါတမ အပေါ်သို့ ကျရောက်သည် ဖြစ်လတ္တံ့”ဟု (နှလုံးသွင်းကာ) မြတ်စွာဘုရားအား ဤသို့သော စကားကို ဆို၏— “အသျှင်ဂေါတမ သြပမညအနွယ်ဖြစ်သော သုဘဂတောကို အစိုးရသောပေါက္ခရသာတိပုဏ္ဏားသည် ‘ဤလောက၌ အချို့သော ရဟန်းပုဏ္ဏားတို့သည် လူတို့၏ တရားထက် လွန်မြတ်သော အရိယာဖြစ်စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို ဤသို့ချည်းသာ ဝန်ခံပြောဆိုကြကုန်၏၊ ထိုရဟန်းပုဏ္ဏားတို့၏ စကားသည် ရယ်ဖွယ်သာလျှင် ဖြစ်၏၊ စကားမျှသာလျှင် ဖြစ်၏၊ အကျိုးမရှိသည်သာလျှင်ဖြစ်၏၊ အချည်းနှီးသာလျှင် ဖြစ်၏၊ လူသားဖြစ်သော သူသည် လူတို့၏ တရားထက် လွန်မြတ်သောအရိယာဖြစ်စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို အဘယ်မှာ သိနိုင် မြင်နိုင် မျက်မှောက်ပြုနိုင်ပါအံ့နည်း’။ ဤသို့ (သိနိုင် မြင်နိုင် မျက်မှောက်ပြုနိုင်သော) အကြောင်းမျိုးကား မရှိနိုင်ချေ”ဟု (ဆို၏)။

လုလင် သြပမည အနွယ်ဖြစ်သော သုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် အလုံးစုံသာလျှင် ဖြစ်ကုန်သော ရဟန်းပုဏ္ဏားတို့၏ စိတ်ကို မိမိ၏ စိတ်ဖြင့် ပိုင်းခြား၍ သိပါသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ သြပမည အနွယ်ဖြစ်သော သုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် မိမိ၏ ကျွန်မဖြစ်သော ပုဏ္ဏိကာ၏ စိတ်ကိုသော်မှလည်း မိမိ၏ စိတ်ဖြင့် ပိုင်းခြား၍ မသိနိုင်ပါ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော ရဟန်းပုဏ္ဏားတို့၏ စိတ်ကို အဘယ်မှာ မိမိ၏ စိတ်ဖြင့် ပိုင်းခြား၍ သိနိုင်ပါလတံ္တ့နည်းဟု (လျှောက်၏)။

လုလင် ဥပမာအားဖြင့် ပဋိသန္ဓေအားဖြင့် ကန်းသော ယောကျာ်းသည် အမည်း အဖြူဖြစ်သောအဆင်းတို့ကို မမြင်ရာ၊ ညိုသောအဆင်းတို့ကိုလည်း မမြင်ရာ၊ ရွှေသောအဆင်းတို့ကိုလည်း မမြင်ရာ၊ နီသောအဆင်းတို့ကိုလည်း မမြင်ရာ၊ မောင်းသောအဆင်းတို့ကိုလည်း မမြင်ရာ၊ ညီညွတ်သည် မညီညွတ်သည်ကိုလည်း မမြင်ရာ၊ ကြယ်တာရာတို့ကိုလည်း မမြင်ရာ၊ လ နေတို့ကိုလည်း မမြင်ရာ၊ ထိုသူကန်းသည် “အမည်း အဖြူအဆင်းတို့သည် မရှိကုန်၊ အမည်း အဖြူအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်းမရှိကုန်။ ညိုသောအဆင်းတို့သည် မရှိကုန်၊ ညိုသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ ရွှေသောအဆင်းတို့သည် မရှိကုန်၊ ရွှေသော အဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ နီသောအဆင်းတို့သည် မရှိကုန်၊ နီသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ မောင်းသောအဆင်းတို့သည် မရှိကုန်၊ မောင်းသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ ညီညွတ် မညီညွတ်သောအရာသည် မရှိ၊ ညီညွတ် မညီညွတ်သော အရာကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ ကြယ်တာရာတို့သည် မရှိကုန်၊ ကြယ်တာရာတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ လ နေတို့သည် မရှိကုန်။ လ နေတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ ဤအလုံးစုံကို ငါမသိ၊ ငါမမြင်၊ ထို့ကြောင့် ထိုအလုံးစုံသည် မရှိ”ဟု ဤသို့ ဆိုရာ၏။ လုလင် ထိုသူကန်း၏ ဆိုခြင်းသည် ကောင်းစွာ ဆိုခြင်း ဖြစ်ကောင်းအံ့လော့ဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ မဖြစ်နိုင်ပါ၊ အမည်း အဖြူအဆင်းတို့သည် ရှိပါကုန်၏၊ အမည်း အဖြူအဆင်းတို့ကိုမြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏၊ ညိုသောအဆင်းတို့သည် ရှိပါကုန်၏၊ ညိုသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏၊ ရွှေသောအဆင်းတို့သည် ရှိပါကုန်၏၊ ရွှေသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏၊ နီသောအဆင်းတို့သည် ရှိပါကုန်၏၊ နီသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်းရှိပါကုန်၏၊ မောင်းသောအဆင်းတို့သည် ရှိပါကုန်၏၊ မောင်းသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်းရှိပါကုန်၏၊ ညီညွတ် မညီညွတ်သော အရာသည် ရှိပါ၏၊ ညီညွတ် မညီညွတ်သော အရာကို မြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏။ ကြယ်တာရာတို့သည် ရှိပါကုန်၏၊ ကြယ်တာရာတို့ကို မြင်လေ့ရှိသူတို့လည်းရှိပါကုန်၏၊ လ နေတို့သည် ရှိပါကုန်၏၊ လ နေတို့ကို မြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏။ အသျှင်ဂေါတမ့ထိုသူကန်းက “ငါသည် ဤအလုံးစုံကို မသိ၊ ငါသည် ဤအလုံးစုံကို မမြင်၊ ထို့ကြောင့် ထိုအလုံးစုံသည်မရှိ”ဟု ပြောဆိုသည်ရှိသော် ကောင်းစွာ ပြောဆိုခြင်း မဖြစ်နိုင်ပါဟု (လျှောက်၏)။

လုလင် ဤဥပမာအတူသာလျှင် သြပမညအနွယ်ဖြစ်သော သုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် ကန်း၏၊ မျက်စိအမြင် မရှိ၊ စင်စစ် ထိုသူသည် လူတို့၏ တရားထက် လွန်မြတ်သောအရိယာဖြစ် စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို သိလတံ့္တ မြင်လတ္တံ ့ မျက်မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။

၄၆၇။ လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ကောသလတိုင်း၌ နေကြကုန်သော စင်္ကီ ပုဏ္ဏားတာရုက္ခပုဏ္ဏား ပေါက္ခရသာတိပုဏ္ဏား ဇာဏေုဿာဏိပုဏ္ဏား သင်၏ အဖဖြစ်သော တောဒေယျပုဏ္ဏားဟူသော ပုဏ္ဏားသူဌေးကြီးတို့သည် ရှိကုန်၏၊ ထိုပုဏ္ဏားကြီးတို့၏ လောကဝေါဟာရအားဖြင့် ပြောဆိုသောစကား, လောက ဝေါဟာရ မဟုတ်ဘဲ ပြောဆိုသော စကားတို့တွင် အဘယ်စကားသည် ချီးမွမ်းအပ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ လောကဝေါဟာရအားဖြင့် ပြောဆိုသော စကားသည်ချီးမွမ်းအပ်ပါ၏ဟု (လျှောက်၏)။ ထိုပုဏ္ဏားကြီးတို့၏ နှိုင်းချိန်၍ ပြောဆိုသောစကား, မနှိုင်းချိန်ဘဲပြောဆိုသော စကားတို့တွင် အဘယ်စကားသည် ချီးမွမ်းအပ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမနှိုင်းချိန်၍ ပြောဆိုသော စကားသည် ချီးမွမ်းအပ်ပါ၏ဟု (လျှောက်၏)။

ထိုပုဏ္ဏားကြီးတို့၏ ဆင်ခြင်၍ ပြောဆိုသောစကား, မဆင်ခြင်ဘဲ ပြောဆိုသော စကားတို့တွင်အဘယ်စကားသည် ချီးမွမ်းအပ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဆင်ခြင်၍ပြောဆိုသောစကားသည် ချီးမွမ်းအပ်ပါ၏ဟု (လျှောက်၏)။

ထိုပုဏ္ဏားကြီးတို့၏ အကြောင်းခိုင်လုံစွာ ပြောဆိုသောစကား, အကြောင်းမခိုင်လုံဘဲ ပြောဆိုသောစကားတို့တွင် အဘယ်စကားသည် ချီးမွမ်းအပ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ အကြောင်းခိုင်လုံစွာ ပြောဆိုသော စကားသည် ချီးမွမ်းအပ်ပါ၏ဟု (လျှောက်၏)။

လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကယ်၍ ဤသို့ဖြစ်မူ သြပမညအနွယ်ဖြစ်သောသုဘဂ တောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် လောကဝေါဟာရအားဖြင့် စကားကို ပြောဆိုသလော၊ လောကဝေါဟာရ မဟုတ်ဘဲ စကားကို ပြောဆိုသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမလောကဝေါဟာရ မဟုတ်ဘဲ ပြောဆိုပါ၏ဟု (လျှောက်၏)။

နှိုင်းချိန်၍ စကားကို ပြောဆိုသလော၊ မနှိုင်းချိန်ဘဲ စကားကို ပြောဆိုသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မနှိုင်းချိန်ဘဲ စကားကို ပြောဆိုပါ၏ဟု (လျှောက်၏)။

ဆင်ခြင်၍ ပြောဆိုသလော၊ မဆင်ခြင်ဘဲ ပြောဆိုသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမမဆင်ခြင်ဘဲ ပြောဆိုပါ၏ဟု (လျှောက်၏)။

အကြောင်းခိုင်လုံစွာ စကားကို ပြောဆိုသလော၊ အကြောင်းမခိုင်လုံဘဲ စကားကို ပြောဆိုသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ အကြောင်းမခိုင်လုံဘဲ စကားကို ပြောဆိုပါ၏ဟု (လျှောက်၏)။

လုလင် ပိတ်ပင်တတ်သော ‘နီဝရဏ’ တရားတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း ဟူမူ—ကာမဂုဏ်ငါးပါးတို့ ၌ လိုချင်တောင့်တမှု ‘ကာမစ္ဆန္ဒနီဝရဏ’ လည်းကောင်း၊ သူတစ်ပါးအား ပျက်စီးစေလိုမှု ‘ဗျာပါဒ နီဝရဏ’ လည်းကောင်း၊ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓနီဝရဏ’လည်းကောင်း၊ ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှုဟူသော ‘ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ’လည်းကောင်း၊ သို့လော သို့လော တွေးတောယုံမှားမှု’ဝိစိကိစ္ဆာနီဝရဏ’ လည်းကောင်း လုလင် ပိတ်ပင်တတ်ကုန်သော တရားတို့သည် ဤငါးပါးတို့တည်း။

လုလင် သြပမညအနွယ်ဖြစ်သော သုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားကို ဤငါးပါးကုန်သော ပိတ်ပင်တတ်သော ‘နီဝရဏ’ တရားတို့သည် ပိတ်ပင်ထား၏၊ ဖုံးလွှမ်းထား၏၊ တားမြစ်ထား၏၊ မြှေးယှက် ထား၏၊ ရစ်ပတ်ထား၏၊ စင်စစ် ထိုပေါက္ခရသာတိပုဏ္ဏားသည် လူတို့၏ တရားထက့်လွန်မြတ်သော အရိယာဖြစ်စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို သိလတံ့္တ မြင်လတ္တံ့ မျက်မှောက် ပြုလတ္တံ့ဟူသော ဤအကြောင်းသည် မရှိနိုင်သည်သာတည်း။

၄၆၈။ လုလင် ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ— စက္ခုဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ဖွယ်သောသဘောရှိသော ကာမနှင့် စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ် ဖြစ်ကုန်သော ရူပါရုံတို့လည်းကောင်း။ သောတဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့လည်းကောင်း။ပ။ ဃာနဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့လည်းကောင်း။ ဇိဝှါဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့လည်းကောင်း။ ကာယဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်ကုန်သောချစ်ဖွယ်သောသဘောရှိသော ကာမနှင့် စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ် ဖြစ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့လည်းကောင်း။ လုလင် ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ လုလင် သြပမညအနွယ်ဖြစ်သောသုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် ဤငါးပါးသော ကာမဂုဏ်တို့ဖြင့် တပ်မက်သည်တွေဝေသည် လွှမ်းမိုးခြင်းသို့ ရောက်သည် အပြစ်ကို မမြင်နိုင်သည် ထွက်မြောက်ကြောင်း ပညာမရှိသည်ဖြစ်၍ သုံးဆောင်ခံစား၏။ စင်စစ် ထိုပေါက္ခရသာတိပုဏ္ဏားသည် လူတို့၏ တရားထက် လွန်မြတ်သော အရိယာဖြစ်စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို သိလတံ့္တ မြင်လထ္တံ့ မျက်မှောက်ပြုလတ္တံ့ဟူသောဤအကြောင်းသည် မရှိသည်သာတည်း။

လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ မြက်ထင်းဟူသော လောင်စာကို အစွဲပြု၍ မီးကိုတောက်ပစေရာ၏၊ မြက်ထင်းဟူသော လောင်စာမပါဘဲ မီးကို တောက်ပစေရာ၏၊ (ထိုတွင်) အဘယ်မီးသည် အလျှံရှိသည်လည်းကောင်း၊ အဆင်းရှိသည်လည်းကောင်း၊ ပြိုးပြိုးပြက် တောက်ပသည်လည်းကောင်း ဖြစ်ရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မြက်ထင်းဟူသော လောင်စာမပါဘဲ မီးကိုတောက်ပစေရန် အကြောင်းမျိုးသည် အကယ်၍ ရှိငြားအံ့၊ ထိုမီးသည် အလျှံရှိသည်လည်းကောင်း၊ အဆင်းရှိသည်လည်းကောင်း၊ ပြိုးပြိုးပြက် တောက်ပသည်လည်းကောင်း ဖြစ်ရာပါ၏ဟု (လျှောက်၏)။ လုလင် တန်ခိုးရှိသူကို ကြဉ်၍ မြက်ထင်းဟူသော လောင်စာမပါဘဲ မီးကို တောက်ပစေနိုင်ခြင်းသည်အကြောင်းမဟုတ် အရာမဟုတ်။ လုလင် ဥပမာအားဖြင့် မြက်ထင်းဟူသော လောင်စာကို အစွဲပြု၍မီးသည် တောက်ပသကဲ့သို့ ထိုနှင့်တူစွာ ငါးပါးသော ကာမဂုဏ်တို့ကို အစွဲပြု၍ ဖြစ်သော ဤပီတိကိုငါဆို၏။ လုလင် ဥပမာအားဖြင့် မြက်ထင်းဟူသော လောင်စာမပါဘဲ မီးသည် တောက်ပသကဲ့သို့ ထိုနှင့်တူစွာ ကာမတရားတို့ကို ကြဉ်၍သာလျှင် အကုသိုလ်တရားတို့ကို ကြဉ်၍သာလျှင် ဖြစ်သော ဤပီတိကိုငါဆို၏။

လုလင် ကာမတို့ကို ကြဉ်၍သာလျှင် အကုသိုလ်တို့ကို ကြဉ်၍သာလျှင် အဘယ်သို့သဘောရှိသောပီတိသည် ဖြစ်သနည်းဟူမူ—လုလင် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ လုလင် ဤပီတိသည်လည်း ကာမတရားတို့မှကြဉ်၍သာလျှင် အကုသိုလ် တရားတို့မှ ကြဉ်၍သာလျှင် ဖြစ်သော ပီတိပင်တည်း။ လုလင်တစ်ဖန်လည်း ဝိတက်ဝိစာရ တို့ ငြိမ်းခြင်းကြောင့် ဒုတိယဈာန်ကို ပြည့်စုံစေ၍ နေ၏။ လုလင်အမှန်အားဖြင့် ဤပီတိသည်လည်း ကာမတရားတို့မှ ကြဉ်၍သာလျှင် အကုသိုလ်တရားတို့မှကြဉ်၍သာလျှင် ဖြစ်သော ပီတိပင်တည်း။

၄၆၉။ လုလင် ပုဏ္ဏားတို့သည် ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသောတရားတို့ကို ပညတ်ကြကုန်၏၊ ဤသို့ ပညတ်ရာ၌ အဘယ်တရားကို ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ အကျိုးအကြီးဆုံးဟူ၍ ပညတ်ကြကုန်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမပုဏ္ဏားတို့သည် ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ့်ကြကုန်၏၊ ဤသို့ ပညတ်ရာ၌ စွန့်ကြဲခြင်းတရားကို ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ အကျိုးအကြီးဆုံးဟူ၍ ပညတ်ကြပါကုန်၏ဟု (လျှောက်၏)။

လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ပုဏ္ဏားတစ်ယောက်သည် ကြီးစွာသော ယဇ်ပူဇော်ပွဲကိုခင်းကျင်းစီမံထားရာ၏၊ ထိုအခါ “ဤအမည်ရှိသော ပုဏ္ဏား၏ ယဇ်ကြီးကို ခံစားကုန်အံ့”ဟု နှစ်ယောက်သော ပုဏ္ဏားတို့သည် လာကုန်ရာ၏။ ထိုပုဏ္ဏားနှစ်ယောက်တို့တွင် တစ်ယောက်သော ပုဏ္ဏားအား “ငါသည်သာလျှင် ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကို မြတ်သောထမင်းကို ရပါမူကောင်းလေရာ၏၊ ငါမှတစ်ပါးသော ပုဏ္ဏားသည် ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကိုမြတ်သောထမင်းကို မရပါမူ ကောင်းလေရာ၏”ဟု ဤသို့သော အကြံသည် ဖြစ်ရာ၏။ လုလင် မိမိမှတစ်ပါးသော ပုဏ္ဏားသည် ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကို မြတ်သောထမင်းကို ရ၍ထိုကြံစည်သော ပုဏ္ဏားသည် ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကို မြတ်သောထမင်းကိုမရရာသော အကြောင်းသည် ရှိပေ၏။ “တစ်ပါးသော ပုဏ္ဏားသည် ထမင်းစားရာ၌ မြတ်သောနေရာကိုမြတ်သောရေကို မြတ်သောထမင်းကို ရ၏၊ ငါသည်ကား ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကို မြတ်သောထမင်းကို မရခဲ့”ဟု ထိုပုဏ္ဏားသည် စိတ်ဆိုး၏၊ နှလုံးမသာဖြစ်၏။

လုလင် ဤယဇ်၏ အကျိုးကို ပုဏ္ဏားတို့သည် အဘယ်သို့ ပညတ်ကြကုန်သနည်းဟု (မေးတော် မူ၏)။ အသျှင်ဂေါတမ ဤအရာ၌ ပုဏ္ဏားတို့သည် “ဤအလှူဖြင့် တစ်ပါးသူသည် အမျက်ထွက်သည်နှလုံးမသာသည် ဖြစ်စေသတည်း”ဟု ဤသို့ကား အလှူကို မပေးလှူကြပါကုန်၊ ဤအရာ၌ ပုဏ္ဏားတို့သည် အစဉ်သနားခြင်း သဘောရှိသည်ဖြစ်၍သာလျှင် အလှူဒါနကို ပေးလှူကြပါကုန်၏ဟု (လျှောက်၏)။ လုလင် ဤသို့ဖြစ်သည်ရှိသော် ပုဏ္ဏားတို့မှာ ဤခြောက်ခုမြောက်ဖြစ်သောအစဉ်သနားခြင်းသဘော ရှိမှု ဟူသော ပုညကိရိယဝတ္ထုရှိသေးသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ ဖြစ်သည် ရှိသော် ပုဏ္ဏားတို့မှာ ဤခြောက်ခုမြောက်ဖြစ်သောအစဉ်သနားခြင်းသဘောရှိမှုဟူသော ပုညကိရိယဝတ္ထု ဖြစ်ပါ၏ဟု (လျှောက်၏)။

လုလင် ပုဏ္ဏားတို့သည် ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြကုန်၏၊ သင်သည် ဤငါးပါးသော တရားတို့ကို လူ ရဟန်း နှစ်မျိုးတို့တွင် အဘယ်သူတို့၌ များစွာဖြစ်သည်ကို မြင်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြပါကုန်၏၊ အကျွန်ုပ်သည် ဤငါးပါးသော တရားတို့ကို ရဟန်းတို့၌ များစွာဖြစ်သည်ကို မြင်ပါ၏၊ လူတို့၌ အနည်းငယ်သာ တွေ့မြင်ပါ၏။ အသျှင်ဂေါတမ လူသည် များစွာသော ပြုဖွယ်ဝေယျာဝစ္စ ရှိပါ၏၊ များစွာသောပြုဖွယ်ကိစ္စရှိပါ၏၊ များစွာသော ကြောင့်ကြဖွယ် ရှိပါ၏၊ များစွာသော အားထုတ်ဖွယ် ရှိပါ၏၊ အမြဲမပြတ် အမှန်ကို ဆိုလေ့ရှိသည် မဖြစ်နိုင်ပါ။ အသျှင်ဂေါတမ ထိုမှတစ်ပါး ရဟန်းသည်ကားနည်းသော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ နည်းသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်နည်းသော ကြောင့်ကြဖွယ်ရှိ၏၊ နည်း သော အားထုတ်ဖွယ် ရှိ၏၊ အမြဲမပြတ် အမှန်ကို ဆိုလေ့ရှိပါ၏။ အသျှင်ဂေါတမ လူသည်များစွာသော ပြုဖွယ်ဝေယျာဝစ္စ ရှိပါ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိပါ၏၊ အလွန်များသောကြောင့်ကြဖွယ် ရှိပါ၏၊ များစွာသော အားထုတ်ဖွယ် ရှိပါ၏၊ အမြဲမပြတ် ခြိုးခြံသောအကျင့် မရှိပါ၊ မြတ်သော အကျင့်ကို ကျင့် လေ့မရှိပါ၊ ဗေဒင်ကို သရဇ္ဈာယ်ခြင်းများသည် မဖြစ်ပါ၊ စွန့်ကြဲခြင်းများသည် မဖြစ်ပါ။

အသျှင်ဂေါတမ ရဟန်းသည်ကား နည်းသော ပြုဖွယ်ဝေယျာဝစ္စ ရှိပါ၏၊ နည်းသော ပြုဖွယ်ကိစ္စ ရှိပါ၏၊ အနည်းငယ်မျှသော ကြောင့်ကြဖွယ် ရှိပါ၏၊ နည်းသော အားထုတ်ဖွယ် ရှိပါ၏၊ အမြဲမပြတ် ခြိုးခြံသောအကျင့် ရှိပါ၏၊ မြတ်သောအကျင့် ရှိပါ၏၊ ဗေဒင်ကို သရဇ္ဈာယ်ခြင်း များပါ၏၊ စွန့်ကြဲခြင်း များပါ့၏။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြပါကုန်၏။ အကျွန်ုပ်သည် ဤငါးပါးသော တရားတို့ကို ရဟန်းတို့၌များစွာတွေ့မြင်ရပါ၏၊ လူတို့၌ အနည်းငယ်သာ မြင်ရပါ၏ဟု (လျှောက်၏)။ လုလင် ပုဏ္ဏားတို့သည်ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြကုန်၏။ ဤပုဏ္ဏားတို့ ပညတ်ပြောဆိုသော တရားငါးပါးတို့ကို ရန်ကင်းစေလိုသော ဆင်းရဲကင်းစေလိုသောစိတ်ကို ပွါးများခြင်းငှါ ထိုစိတ်၏ အခြံအရံတို့ဟူ၍ ငါ ဟော၏။

လုလင် ဤသာသနာတော်၌ ရဟန်းသည် အမှန်ကို ဆိုလေ့ရှိ၏၊ ထိုရဟန်းသည် “ငါသည် အမှန်ဆိုခြင်းရှိသည် ဖြစ်ခဲ့ပြီ”ဟု အနက်အဓိပ္ပါယ်နားလည်မှုကို ရ၏၊ စကားနားလည်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ရန်ကင်းစေလိုသော ဆင်းရဲကင်းစေလိုသော စိတ်ကို ပွါးများခြင်းငှါထိုကုသိုလ်နှင့် စပ်သော ဝမ်းမြောက်ခြင်းကို စိတ်၏ အခြံအရံဟူ၍ ငါ ဟော၏။

လုလင် ဤသာသနာတော်၌ ရဟန်းသည် ခြိုးခြံသော အကျင့် ရှိ၏။ပ။ မြတ်သော အကျင့်ကိုကျင့်လေ့ရှိ၏။ပ။ ဗေဒင်ကို သရဇ္ဈာယ်ခြင်း များ၏။ပ။ စွန့်ကြဲပေးကမ်းခြင်း များ၏။ ထိုရဟန်းသည်”ငါသည် စွန့်ကြဲပေးကမ်းခြင်းများသည် ဖြစ်ခဲ့ပြီ”ဟု အနက်အဓိပ္ပါယ်နားလည်မှုကို ရ၏၊ စကားနားလည်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်ခြင်းကို ရ၏၊ ရန်ကင်းစေလိုသောဆင်းရဲကင်းစေလိုသော စိတ်ကို ပွါးများခြင်းငှါ ထိုကုသိုလ်နှင့် စပ်သော ဝမ်းမြောက်ခြင်းကို စိတ်၏အခြံအရံဟူ၍ ငါ ဟော၏။ လုလင် ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်တရားကိုပြည့်စုံစေခြင်းငှါ ငါးပါးသောတရား တို့ကို ပညတ်ကြကုန်၏၊ ထိုတရား ငါးပါးတို့ကို ရန်ကင်းစေလိုသောဆင်းရဲကင်းစေလိုသော စိတ်ကို ပွါးများခြင်းငှါ စိတ်၏ အခြံအရံတို့ဟူ၍ ငါဟော ၏ဟု (မိန့်တော်မူ၏)။

၄၇ဝ။ ဤသို့ မိန့်တော်မူသော် တောဒေယျ၏သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားကို”အသျှင်ဂေါတမ ‘ရဟန်းဂေါတမသည် ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ခြင်းငှါ ခရီးလမ်းကြောင်း အကျင့်ကို သိ၏’ဟု ဤသို့သော စကားကို ကြားဖူးပါ၏”ဟု ဤစကားကို လျှောက်၏။

လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ကျူထရံသည်ရွာသည် ဤအရပ်မှ အနီး၌ ရှိ၏၊ ဤအရပ်မှ ကျူထရံသည်ရွာသည် မဝေးသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင် ကျူထရံသည်ရွာသည် ဤအရပ်မှ နီးပါ၏၊ ကျူထရံသည်ရွာသည် ဤအရပ်မှ မဝေးသည် မှန်လှပါ၏ဟု (လျှောက်၏)။ လုလင် သင်အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ကျူထရံသည်ရွာ၌ မွေးဖွားကြီးပြင်းသော ယောကျာ်းတစ်ယောက် ရှိရာ၏၊ ထိုခဏ၌ပင်လျှင် ကျူထရံသည်ရွာမှ ဖဲထွက်လာသော ထိုသူကို ကျူထရံသည် ရွာသို့သွားစရာခရီးကို မေးမြန်းရာ၏။ လုလင် ကျူထရံသည်ရွာ၌ မွေးဖွားကြီးပြင်းသော ထိုယောကျာ်းအားကျူထရံသည်ရွာသို့ သွားရာခရီးကို မေးမြန်းသည်ရှိသော် နုံ့နှေးဖင့်နွှဲခြင်းသည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မဖြစ်ရာပါ။ အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဂေါတမ ဤယောကျာ်းသည်ကျူထရံသည်ရွာ၌ မွေးဖွားကြီးပြင်းပါ၏၊ ထိုသူသည် ကျူထရံသည်ရွာသို့ သွားရာ လမ်းခရီးအားလုံးတို့ကို ကောင်းစွာ ခွဲခြား၍ သိထားသောကြောင့်ပါတည်းဟု (လျှောက်၏)။

လုလင် ကျူထရံသည်ရွာ၌ မွေးဖွားကြီးပြင်းသော ယောကျာ်းမှာ ကျူထရံသည်ရွာသို့ သွားရာလမ်းခရီးကို မေးမြန်းသည်ရှိသော် နုံ့နှေးဖင့်နွှဲခြင်းသည် ဖြစ်မည်ဆိုသော် ဖြစ်တန်ရာ၏၊ ငါဘုရားအားဗြဟ္မာ့ပြည်ကိုလည်းကောင်း၊ ဗြဟ္မာ့ပြည်သို့ သွားရာခရီးကိုလည်းကောင်း၊ အကျင့်ကိုလည်းကောင်းမေးသည်ရှိသော် နုံ့နှေးဖင့်နွှဲခြင်းသည် မဖြစ်နိုင်သည်သာတည်း။ လုလင် ငါသည် ဗြဟ္မာကိုလည်း သိ၏၊ ဗြဟ္မာ့ပြည်လောကကိုလည်း သိ၏၊ ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်းအကျင့်ကိုလည်း သိ၏၊ ဗြဟ္မာ့ပြည်လောကသို့ ရောက်ကြောင်းအကျင့်ကို ကျင့်ကြံပုံကိုလည်း သိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမအကျွန်ုပ်သည် “ရဟန်းဂေါတမသည် ဗြာဟ္မာ့တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ်း့ကြောင်းအကျင့်ကို ဟောကြား၏”ဟု ဤစကားကို ကြားဖူးပါ၏။ အသျှင်ဂေါတမသည် ဗြဟ္မာတို့၏အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ်းကြောင်းအကျင့်ကို အကျွန်ုပ်အား ဟောကြားတော်မူပါလော့ဟု (လျှောက်၏)။ လုလင် သို့ဖြစ်မူ နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင် ကောင်းပါပြီ” ဟူ၍သာလျှင် တောဒေယျ၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

၄၇၁။ လုလင် ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ်းကြောင်းအကျင့်သည်အဘယ်နည်းဟူမူ— လုလင် ဤသာသနာတော်၌ ရဟန်းသည် ချစ်ခြင်း ‘မေတ္တာ’နှင့်ယှဉ်သော စိတ်ဖြင့်တစ်ခုသော အရပ်ကို ပျံ ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်ကို။ ထို့အတူ သုံးခုမြောက်အရပ်ကို။ ထို့အတူ လေးခုမြောက် အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသောသတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသောမေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ ့နှံ့စေ၍ နေ၏။ လုလင် မေတ္တာဈာန်စိတ်ကို ဤသို့ ပွါးများသည်ရှိသော်အနှိုင်းယှဉ်ခံရသော ထိုကာမာဝစရကံသည် ထိုမေတ္တာ ဈာန်၌ မကြွင်းကျန်၊ ထိုကာမာဝစရကံသည်ထိုမေတ္တာဈာန်၌ မတည်။ လုလင် ဥပမာအားဖြင့် အားရှိသော ခရုသင်းမှုတ်သမားသည် အနည်းငယ်အပင်ပန်းခံ၍ မှုတ်ကာမျှဖြင့်သာလျှင် အရပ်လေးမျက်နှာတို့ကို သိစေနိုင်ရာသကဲ့သို့၊ လုလင် ဤဥပမာအတူသာလျှင်။ပ။ လုလင် မေတ္တာဈာန်စိတ်ကို ဤသို့ ပွါးများသည်ရှိသော် အနှိုင်းယှဉ်ခံရသော ထိုကာမာဝစရကံသည် ထိုမေတ္တာဈာန်၌ မကြွင်းကျန်၊ ထိုကာမာဝစရကံသည် ထိုမေတ္တာဈာန်၌ မတည်၊ လုလင် ဤတရားသည်လည်း ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ်းကြောင်းအကျင့်ပေတည်း။

လုလင် တစ်ဖန်လည်း ရဟန်းသည် သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း’မုဒိတာ’နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်ကို။ ထို့အတူ သုံးခုမြောက် အရပ် ကို။ ထို့အတူ လေးခုမြောက် အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ ့နှံ့စေ၍နေ၏။ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသောသတ္တလောက ကို ပြန့်ပြောသော မြတ်သော အပိုင်းအခြား မရှိသော ရန်မရှိသော ကြောင့်ကြမရှိသောလျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့် ယှဉ်သော စိတ်ဖြင့် ပျံ ့နှံ့စေ၍ နေ၏။ လုလင် ဥပေက္ခာဈာန်စိတ်ကိုဤသို့ ပွါးများသည် ရှိသော် အနှိုင်းယှဉ်ခံရသော ထိုကာမာဝစရကံသည် ထိုဥပေက္ခာ ဈာန်၌မကြွင်းကျန်၊ ထိုကာမာဝစရကံ သည် ထိုဥပေက္ခာဈာန်၌ မတည်။ လုလင် ဥပမာအားဖြင့် အားရှိသောခရုသင်းမှုတ်သမားသည် အနည်း ငယ် အပင်ပန်းခံ၍ မှုတ်ကာမျှဖြင့်သာလျှင် အရပ်လေးမျက်နှာတို့ကိုသိစေနိုင်ရာသကဲ့သို့၊ လုလင် ဤဥပမာအတူသာလျှင်။ပ။ လုလင် ဥပေက္ခာဈာန်စိတ်ကို ဤသို့ပွါးများသည်ရှိသော် အနှိုင်းယှဉ်ခံရသော ထိုကာမာဝစရကံသည် ထိုဥပေက္ခာဈာန်၌ မကြွင်းကျန်၊ ထိုကာမာဝစရကံသည် ထိုဥပေက္ခာဈာန်၌မတည်။ လုလင် ဤတရားသည်လည်း ဗြဟ္မာတို့၏အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ်းကြောင်း အကျင့်တည်းဟု (မိန့်တော်မူ၏)။

၄၇၂။ ဤသို့ မိန့်တော်မူသော် တောဒေယျ၏သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားကို”အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’့ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည်အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ။ အသျှင်ဂေါတမ ယခုအခါ အကျွန်ုပ်တို့ သွားကြပါကုန်အံ့၊ အကျွန်ုပ်တို့သည် များစွာသောကိစ္စ များစွာသော ပြုဖွယ်ရှိကြပါကုန်၏”ဟု လျှောက်၏။ လုလင် ယခု သွားရန် အချိန်ကို သင်သိ၏ (သွားရန်မှာသင်၏ အလိုအတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါ တောဒေယျ၏ သား သုဘလုလင်သည်မြတ်စွာဘုရား၏ စကားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် အရိုအသေပြု၍ ဖဲသွားလေ၏။ ထိုအခါ ဇာဏေုဿာဏိပုဏ္ဏားသည် အလုံးစုံသောဖြူသော အဆင်းရှိသော မြည်းကသောရထားဖြင့် နေ့လယ် မွန်းတည့်အချိန်အခါ၌ သာဝတ္ထိပြည်မှ ထွက်လာ၏။ ဇာဏေုဿာဏိပုဏ္ဏားသည် အဝေးမှ လာသော တောဒေယျ၏သား သုဘလုလင်ကိုမြင်လေသည် သာတည်း၊ မြင်လေ၍ တောဒေယျ၏သား သုဘလုလင်ကို ဤသို့သော စကားကိုဆို၏—“အသျှင်ဘာရဒွါဇ သည် ယခု နေ့လယ် မွန်းတည့်ချိန်အခါ၌ အဘယ်အရပ်ဌာနမှ လာဘိသနည်း”ဟု (ဆို၏)။ ငါသည် အမှန်ပြောရလျှင် ဤရဟန်းဂေါတမ၏ အထံမှ လာခဲ့ပါ၏ဟု (ပြန်ကြားပြောဆို၏)။

အသျှင်ဘာရဒွါဇ ထိုငါမေးအံ့သော အကြောင်းကို သင် အသို့ အောက်မေ့မှတ်ထင်ဘိသနည်း၊ ရဟန်းဂေါတမ၏ ပညာဉာဏ် ပြန့်ပြောသော အဖြစ်သည် ပညာရှိလက္ခဏာနှင့် ညီညွတ်ပါ၏လောဟု (မေးမြန်း၏)။ အသျှင် အကျွန်ုပ်သည် အဘယ်သို့သဘောရှိသော သူပါနည်း၊ အဘယ်မှာ ရဟန်းဂေါတမ၏ ပညာရှိသော အဖြစ်ကို သိနိုင်ပါအံ့နည်း။ အကြင်သူသည် ရဟန်းဂေါတမ၏ ပညာရှိသော အဖြစ်ကိုသိ၏၊ ထိုသူသည်လည်း ထိုအသျှင်ဂေါတမကဲ့သို့သဘောရှိသူသာ ဖြစ်ရာသည် မဟုတ်လောဟု (ဆို၏)။ အသျှင်ဘာရဒွါဇသည် စင်စစ် ရဟန်းဂေါတမကို လွန်ကဲသော ချီးမွမ်းခြင်းဖြင့် ချီးမွမ်းလေဘိ၏တကားဟု (ဆို၏)။ အသျှင် အကျွန်ုပ်သည် အဘယ်သို့သဘောရှိသော သူပါနည်း၊ အဘယ်မှာလျှင် ရဟန်းဂေါတမကို ချီးကျူးနိုင်စွမ်းရှိအံ့နည်း၊ ထိုအသျှင် ဂေါတမသည် ချီးကျူးအပ် ချီးကျူးသင့်သော သူတို့ထက် အထူးသဖြင့် ချီးကျူးအပ် ချီးကျူးထိုက်သူသာဖြစ်၍ နတ်လူတို့ထက် ဆတက်လွန်ကျူး အထူးသဖြင့် မြတ်၏။ အသျှင် ဤပုဏ္ဏားတို့သည် ကောင်းမှု ပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြကုန်၏။ ထိုငါးပါးသော တရားတို့ကို ရဟန်းဂေါတမသည် ရန်ကင်းစေလိုသော ဆင်းရဲကင်းစေလိုသော မေတ္တာစိတ်ကို ပွါးများခြင်းငှါ ထိုမေတ္တာစိတ်၏ အခြံအရံတို့ဟူ၍ ဟောကြား၏ဟု (ဆို၏)။

ဤသို့ သုဘလုလင်က ပြောကြားသည်ရှိသော် ဇာဏေုဿာဏိပုဏ္ဏားသည် အလုံးစုံဖြူသောအဆင်းရှိသော မြည်းကသော ရထားမှ ဆင်းသက်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်ရုံသည်ကိုပြု၍ မြတ်စွာဘုရားရှင် ရှိရာဘက်သို့ လက်အုပ်ချီ၍ “ပသေနဒိကောသလမင်းကြီးအားအရတော်ပေစွ၊ ပသေနဒီကောသလမင်းကြီးအား အလွန်အရတော်ပေစွ၊ ပသေနိဒိကောသလမင်းကြီး၏တိုင်းနိုင်ငံ၌ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဟုတ်မှန်သော အကျင့်ရှိသောဘုရားရှင်သည် သီတင်းသုံးတော်မူ ဘိ၏”ဟု ဥဒါန်းစကား မြွက်ဆိုကျူးရင့်လေ၏။

ကိုးခုမြောက် သုဘသုတ် ပြီး၏။