သံယုတ္တနိကာယ်—၁

၂—နန္ဒနဝဂ်

၁ဝ—သမိဒ္ဓိသုတ်

၂ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သမိဒ္ဓိသည် ညဉ့်၏ မိုးသောက်ချိန်၌ စော စောထကာ တပေါဒါမြစ်သို့ ကိုယ်လက်တို့ကို ရေချိုးသုတ်သင်ရန် ချဉ်းကပ်တော်မူ၏၊ တပေါဒါမြစ်၌ ကိုယ် လက်တို့ကို ရေချိုးသုတ်သင်ပြီးနောက် ပြန်တက်၍ ကိုယ်လက်တို့ကို ခြောက်သွေ့စေလျက် သင်္ကန်းတစ် ထည်တည်းဖြင့် ရပ်နေတော်မူ၏၊ ထိုအခါ နတ်သမီးတစ်ယောက်သည် ပစ္ဆိမယမ်လွန်ပြီးသော (မိုးသောက်) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ တပေါဒါမြစ်အားလုံးကို ထွန်းလင်းစေလျက် အရှင် သမိဒ္ဓိအထံသို့ ချဉ်းကပ်ပြီးလျှင် ကောင်းကင်၌ ရပ်တည်ကာ အရှင်သမိဒ္ဓိကို ဂါထာဖြင့် လျှောက်၏—

“ရဟန်း အသျှင်သည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံဘိ၏၊ (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းမခံပါလင့်၊ ရဟန်း (ကာမဂုဏ်ငါးပါးတို့ကို) ခံစားပြီးမှသာ ဆွမ်းခံပါလော့၊ (ကာမဂုဏ်ခံစားရာ) အချိန်သည် သင့်ကို လွန်၍ မသွားပါစေလင့်”ဟု (လျှောက်၏)။

(နတ်သမီး) ငါသည် (သေရမည့်) အခါကို မသိ၊ (သေရမည့်) အခါသည် ဖုံးလွှမ်းအပ်သည် ဖြစ်၍ ငါ့အား မထင်၊ ထို့ကြောင့် ငါသည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံအံ့၊ (တရားအားထုတ်ရာ) အချိန်သည် ငါ့ကို လွန်၍ မသွားပါစေလင့်ဟု (မိန့်တော်မူ၏)။

ထိုအခါ ထိုနတ်သမီးသည် မြေ၌ ရပ်တည်၍ အရှင်သမိဒ္ဓိအား ဤစကားကို ဆို၏— “ရဟန်း သင်သည် ရဟန်းပြုသည်ကား ငယ်လှသေး၏၊ ပျိုနုလှသေး၏၊ မည်းနက်သော ဆံပင်ရှိ၏၊ ပဌမအရွယ် ဖြစ်၍ အရွယ်ကောင်းနှင့် ပြည့်စုံသည် ဖြစ်ပါလျက် ကာမဂုဏ်တို့၌ ခံစားပျော်ပါးလေ့ မရှိခဲ့၊ ရဟန်း လူ၌ ဖြစ်သော ကာမဂုဏ်တို့ကို ခံစားပါဦးလော့၊ မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက်ကာလ၌ ဖြစ် မည့် နတ်ကာမဂုဏ်ကို မတောင့်တလင့်”ဟု (ဆို၏)။

နတ်သမီး ငါသည် မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက်ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ် ကို မတောင့်တ၊ နတ်သမီး စင်စစ် ငါသည် နောက်ကာလ၌ ဖြစ်မည့် နတ်ကာမကိုလည်း စွန့်၍ ကိုယ်တိုင် သိမြင်နိုင်သော (လောကုတ္တရာ) အကျိုးကို တောင့်တ၏။ နတ်သမီး မှန်၏၊ နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသောဆင်းရဲခြင်း ရှိကုန်၏၊ များသောပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟော တော်မူအပ်ကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်သည် များလှ၏၊ ဤ (လောကုတ္တရာ) တရားတော်သည် ကိုယ် တိုင် သိမြင်နိုင်သော တရားဖြစ်၏၊ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဆောင်ပြထိုက်၏၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်၏ဟု (မိန့်၏)။

“ရဟန်း အဘယ်သို့လျှင် နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသော ဆင်းရဲခြင်း ရှိကုန်၏၊ များသော ပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း၊ ဤကာမဂုဏ်ငါးပါးတို့၌ အဘယ်သို့လျှင် အပြစ်များပါသနည်း၊ ဤ (လောကုတ္တရာ) တရားသည် အဘယ်သို့လျှင် ကိုယ်တိုင် သိမြင် နိုင်ပါသနည်း၊ အခါမလင့် အကျိုးပေးနိုင်ပါသနည်း၊ လာလှည် ့ ရှုလှည့်ဟု ဆောင်ပြထိုက်ပါသနည်း၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ပါသနည်း”ဟု (လျှောက်၏)။

နတ်သမီး ငါသည် သီတင်းငယ်သာ ဖြစ်၏၊ ရဟန်းပြုသည်ကား မကြာသေး၊ ယခုမှ ဤဓမ္မဝိနယ (သာသနာ) သို့ ရောက်လာ၏၊ ငါသည် ထိုဓမ္မဝိနယကို အကျယ်တဝင့် မဟောနိုင်၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူပြီးသော ဤမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထို အကြောင်းကို မေးလျှောက်လေလော့၊ မြတ်စွာဘုရားသည် သင့်အား ဖြေကြားသော အခြင်းအရာဖြင့် ထို အနက်ကို သင် မှတ်လေလော့ဟု (မိန့်၏)။

ရဟန်း တစ်ပါးကုန်သော တန်ခိုးကြီးကုန်သော နတ်တို့သည် ခြံရံအပ်သည်ဖြစ်၍ အကျွန်ုပ်တို့သည် ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်ရန် မလွယ်ပါ၊ ရဟန်း သင်သည် ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထို အကြောင်းကို အကယ်၍ မေးလျှောက်ပါမူကား အကျွန်ုပ်တို့သည်လည်း တရားနာအံ့သောငှါ လာပါကုန်အံ့ဟု (လျှောက်၏)။ နတ်သမီး “ကောင်းပြီ”ဟု အသျှင်သမိဒ္ဓိသည် နတ်သမီးအား ပြန်ကြား၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်လျက် ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကာ မြတ်စွာဘုရားအား ဤစကား ကို လျှောက်၏—

အသျှင်ဘုရား အကျွန်ုပ်သည် ဤရာဇဂြိုဟ်ပြည်ဝယ် ညဉ့်၏ မိုးသောက်ချိန်၌ စောစောထကာ တပေါဒါမြစ်သို့ ကိုယ်လက်တို့ကို ရေချိုးသုတ်သင်ရန် ချဉ်းကပ်ပါ၏၊ တပေါဒါမြစ်၌ ကိုယ်လက်တို့ကို ရေချိုးသုတ်သင်ပြီးနောက် ပြန်တက်၍ ကိုယ်လက်တို့ကို ခြောက်သွေ့စေလျက် သင်္ကန်းတစ်ထည်တည်းဖြင့် ရပ်နေပါ၏၊ အသျှင်ဘုရား ထိုအခါ နတ်သမီးတစ်ယောက်သည် ပစ္ဆိမယမ်လွန်ပြီးသော (မိုးသောက်) အချိန် ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ တပေါဒါမြစ်အားလုံးကို ထွန်းလင်းစေလျက် အကျွန်ုပ်ထံ သို့ ချဉ်းကပ်ပြီးလျှင် ကောင်းကင်၌ ရပ်တည်ကာ ဤဂါထာဖြင့် လျှောက်ပါ၏—

“ရဟန်း အသျှင်သည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံဘိ၏၊ (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းမခံပါလင့်၊ ရဟန်း (ကာမဂုဏ်ငါးပါးတို့ကို) ခံစားပြီးမှသာ ဆွမ်းခံပါလော့၊ (ကာမဂုဏ်ခံစားရာ) အချိန်သည် သင့်ကို လွန်၍ မသွားပါစေလင့်”ဟု (လျှောက်၏)။

အသျှင်ဘုရား ဤသို့ လျှောက်လတ်သော် အကျွန်ုပ်သည် ထိုနတ်သမီးကို ဂါထာဖြင့် ပြန်၍ ဆို ပါ၏—

(နတ်သမီး) ငါသည် (သေရမည့်) အခါကို မသိ၊ (သေရမည့်) အခါသည် ဖုံး လွှမ်းအပ်သည်ဖြစ်၍ ငါ့အား မထင်၊ ထို့ကြောင့် ငါသည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံအံ့၊ (တရားအားထုတ်ရာ) အချိန်သည် ငါ့ကို လွန်၍ မသွားပါ စေလင့်ဟု (ဆိုပါ၏)။

အသျှင်ဘုရား ထိုအခါ ထိုနတ်သမီးသည် မြေ၌ ရပ်တည်၍ အကျွန်ုပ်အား ဤစကားကို ဆိုပါ၏— “ရဟန်း သင်သည် ရဟန်းပြုသည်ကား ငယ်လှသေး၏၊ ပျိုနုလှသေး၏၊ မည်းနက်သော ဆံပင်ရှိ၏၊ ပဌမအရွယ် ဖြစ်၍ အရွယ်ကောင်းနှင့် ပြည့်စုံသည် ဖြစ်ပါလျက် ကာမဂုဏ်တို့၌ ခံစားပျော်ပါးလေ့ မရှိခဲ့၊ ရဟန်း လူ၌ ဖြစ်သော ကာမဂုဏ်တို့ကို ခံစားပါဦးလော့၊ မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက် ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ်ကို မတောင့်တလင့်”ဟု ဆိုပါ၏။

အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် အကျွန်ုပ်သည် ထိုနတ်သမီးအား ဤစကားကို ဆိုပါ၏— “နတ်သမီး ငါသည် မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက်ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ်ကို မတောင့်တ၊ နတ်သမီး စင်စစ် ငါသည် နောင်ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ်ကိုလည်း စွန့်၍ ကိုယ်တိုင့်သိမြင်နိုင်သော (လောကုတ္တရာ) အကျိုးကို တောင့်တ၏။ နတ်သမီး မှန်၏၊ နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသောဆင်းရဲခြင်း ရှိကုန်၏၊ များသောပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟော တော်မူအပ်ကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်သည် များလှ၏၊ ဤ (လောကုတ္တရာ) တရားတော်သည် ကိုယ် တိုင် သိမြင်နိုင်သော တရားဖြစ်၏၊ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဆောင်ပြထိုက်၏၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်၏”ဟု (ဆိုပါ၏)။

အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် ထိုနတ်သမီးသည် အကျွန်ုပ်အား ဤစကားကို ဆိုပါ၏— “ရဟန်း အဘယ်သို့လျှင် နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသော ဆင်းရဲခြင်း ရှိကုန်၏၊ များသော ပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း၊ ဤကာမဂုဏ်ငါးပါးတို့၌ အဘယ်သို့လျှင် အပြစ်များပါသနည်း၊ ဤ (လောကုတ္တရာ) တရားသည် အဘယ်သို့လျှင် ကိုယ်တိုင် သိမြင် နိုင်ပါသနည်း၊ အခါမလင့် အကျိုးပေးနိုင်ပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဆောင်ပြထိုက်ပါသနည်း၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ပါသနည်း”ဟု (လျှောက်ပါ၏)။

အသျှင်ဘုရား ဤသို့ လျှောက်သည်ရှိသော် အကျွန်ုပ်သည် ထိုနတ်သမီးအား ဤစကားကို ဆိုပါ၏— “နတ်သမီး ငါသည် သီတင်းငယ်သာ ဖြစ်၏၊ ရဟန်းပြုသည်ကား မကြာသေး၊ ယခုမှ ဤဓမ္မဝိနယ (သာသနာ) သို့ ရောက်လာ၏၊ ငါသည် ထိုဓမ္မဝိနယကို အကျယ်တဝင့် မဟောနိုင်၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူပြီးသော ဤမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထို အကြောင်းကို မေးလျှောက်လေလော့၊ မြတ်စွာဘုရားသည် သင့်အား ဖြေကြားသော အခြင်းအရာဖြင့် ထို အနက်ကို သင် မှတ်လေလော့”ဟု (ဆိုခဲ့ပါ၏)။

အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် ထိုနတ်သမီးသည် အကျွန်ုပ်အား “ရဟန်း တစ်ပါးကုန်သော တန်ခိုး ကြီးသော နတ်တို့သည် ခြံရံအပ်သည်ဖြစ်၍ အကျွန်ုပ်တို့သည် ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်ရန် မလွယ်ပါ၊ ရဟန်း သင်သည် ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ ထိုအကြောင်းကို အကယ်၍ မေးပါမူကား အကျွန်ုပ်တို့သည်လည်း တရားနာအံ့သောငှါ လာပါကုန်အံ့”ဟု ဤစကားကို လျှောက်ပါ၏၊ အသျှင်ဘုရား ထိုနတ်သမီး၏ စကားသည် အကယ်၍ မှန်သည် ဖြစ်အံ့၊ ထိုနတ်သမီးသည် မနီးမဝေးသော ဤအရပ်၌ ပင်လျှင် ရှိပါလိမ့်မည်ဟု လျှောက်၏၊ ဤသို့ လျှောက်သည်ရှိသော် ထိုနတ်သမီးသည် အသျှင်သမိဒ္ဓိကို “ရဟန်း မေးမြန်းပါလော့၊ ရဟန်း မေးမြန်းပါလော့၊ အကျွန်ုပ် ရောက်ပါပြီ”ဟု ဤစကားကို လျှောက်၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုနတ်သမီးကို ဂါထာတို့ဖြင့် ဟောတော်မူ၏—

“ခန္ဓာငါးပါးတို့၌ (ပုဂ္ဂိုလ်သတ္တဝါစသည်) အမှတ်ရှိကုန်သည်ဖြစ်၍ ခန္ဓာငါးပါး၌ တည်ကုန်သောသတ္တဝါတို့သည် ခန္ဓာငါးပါးကို ပိုင်းခြား၍ မသိသောကြောင့် သေမင်း၏ အားထုတ်မှုသို့ လိုက်ရကုန်၏။

(ရဟန္တာပုဂ္ဂိုလ်သည်) ခန္ဓာငါးပါးကို ပိုင်းခြား၍ သိသောကြောင့် (ပုဂ္ဂိုလ်သတ္တဝါဟု) ပြောကြားဖွယ်ကို မမှတ်ထင်၊ အကြင် (ရာဂစသော) အကြောင်းဖြင့် ထိုသူကို ဆိုငြားအံ့၊ ထိုရဟန္တာပုဂ္ဂိုလ်အား (ထိုအကြောင်းသည်) မရှိ။ မှန်၏၊ ထို (ရာဂ စသော) အကြောင်းသည် ထိုရဟန္တာပုဂ္ဂိုလ်အား မဖြစ်။

နတ်သမီး အကယ်၍ သိသည် ဖြစ်အံ့၊ ဆိုလော့”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် မသိနိုင်ပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ့်သိနိုင်ရာ သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား ဟောတော်မူပါဟု (လျှောက်၏)။

“အကြင်ပုဂ္ဂိုလ်သည် (မိမိကိုယ်ကို) တူသူဟူ၍လည်းကောင်း၊ ထူးကဲသူဟူ၍လည်းကောင်း သို့မဟုတ် ယုတ်သူဟူ၍လည်းကောင်း အောက်မေ့၏။ ထိုပုဂ္ဂိုလ်သည် ထို မာန်ဖြင့် (အမျိုးအနွယ်ဂုဏ်ကို) ငြင်းခုံရာ၏။ အကြင်ပုဂ္ဂိုလ်သည် သုံးပါးကုန်သော မာန်တို့၌ တုန်လှုပ်ခြင်း မရှိ၊ ထိုပုဂ္ဂိုလ်အား တူသူဟူ၍လည်းကောင်း၊ ထူးကဲသူ ဟူ၍လည်းကောင်း၊ (ယုတ်သူဟူ၍လည်းကောင်း) မဖြစ်။

နတ်သမီး အကယ်၍ သိသည်ဖြစ်အံ့၊ ဆိုလော့”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် မသိနိုင်ပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် သိနိုင်ရာ သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား ဟောတော်မူပါလော့ဟု (လျှောက်၏)။

အကြင်ပုဂ္ဂိုလ်သည် (တပ်မက်သူ, ပြစ်မှားသူ, တွေဝေသူ) ဟူသော ပညတ်ကို ပယ်ပြီးပြီ၊ ကိုးပါးသော ထောင်လွှားမှု ‘မာန်’သို့ မကပ်ရောက်၊ ဤနာမ်ရုပ်၌ တပ် မက်မှု ‘တဏှာ’ကို ဖြတ်ပြီးပြီ။ ထုံးဖွဲ့မှု ‘ဂန္ထ’လေးပါးကို ဖြတ်ပြီးသော ဆင်းရဲ မရှိ သော တပ်မက်ခြင်းကင်းသော ထိုပုဂ္ဂိုလ်ကို ရှာဖွေကြည့်ရှုကြကုန်သော နတ်တို့ သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ ဤလောက၌လည်းကောင်း၊ အခြား လောက၌လည်းကောင်း၊ နတ်ပြည်တို့၌လည်းကောင်း၊ အလုံးစုံသော နေရာတို့၌လည်းကောင်း မတွေ့မမြင်ရကုန်။

နတ်သမီး အကယ်၍ သိသည် ဖြစ်အံ့၊ ဆိုလော့ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ်သည် ဤသို့ သိပါ၏—

အလုံးစုံသော လောက၌ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကို စိုးစဉ်းမျှ မပြုရာ။ အောက်မေ့မှု ‘သတိ’ ဆင်ခြင် ဉာဏ် ‘သမ္ပဇဉ်’နှင့် ပြည့်စုံသည်ဖြစ်၍ ကာမဂုဏ်တို့ကို ပယ်ပြီးလျှင် အကျိုးစီးပွား နှင့် မစပ်သော ဆင်းရဲကို မမှီဝဲရာဟု (လျှောက်၏)။

နှစ်ခုမြောက် နန္ဒနဝဂ် ပြီး၏။