သံယုတ္တနိကာယ်—၁

၄—သတုလ္လပကာယိကဝဂ်

၈—သကလိကသုတ်

၃၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ် ်ပြည်ဝယ် သားတို့ကို ဘေးမဲ့ပေးရာ မဒ္ဒကုစ္ဆိတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား၏ ခြေတော်သည် ကျောက်ချပ်ဖြင့် ထိခိုက်မိသည်ဖြစ်၍ မြတ်စွာဘုရားအား ပြင်းပြသော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန် သော ကိုယ်၌ တည်သည့် ဝေဒနာတို့သည် ဖြစ်ကုန်၏၊ မြတ်စွာဘုရားသည် ထိုဝေဒနာတို့ကို့မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ သည်းခံတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် လေးထပ်ခေါက်ထား သော ဒုကုဋ်တော်ကို ခင်း၍ ခြေတစ်ဖက်၌ ခြေတစ်ဖက်ကို စဉ်းငယ်လွန်ကာ တင်ထားလျက် သတိသမ္ပဇဉ် နှင့် ပြည့်စုံသည် ဖြစ်၍ လက်ယာနံတောင်းဖြင့် မြတ်သော အိပ်စက်ခြင်းကို ပြုတော်မူ၏။

ထိုအခါ သူတော်ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော နတ်သားခုနစ်ရာတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိကုန်သည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ သားတို့ကို ဘေးမဲ့ပေးရာ မဒ္ဒကုစ္ဆိတော အလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်ပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ကုန်၏၊ တစ်ခုသော နေရာ၌ ရပ်တည် ကုန်ပြီးသော် နတ်သားတစ်ဦးသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏— “အချင်းတို့ ရဟန်းဂေါတမသည် ဆင်ပြောင်နှင့် တူစွတကား၊ ဆင်ပြောင်နှင့် တူသည်၏အဖြစ်ကြောင့် သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန်သော ကိုယ်၌ တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ သည်းခံတော်မူ၏”ဟု (ကျူးရင့်၏)။

ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏— “အချင်းတို့ ရဟန်းဂေါတမသည် ခြင်္သေ့မင်းနှင့် တူစွတကား၊ ခြင်္သေ့မင်းနှင့် တူ သည်၏အဖြစ်ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန်သော ကိုယ်၌တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ် နှင့် ပြည့်စုံသည်ဖြစ်၍ သည်းခံတော်မူ၏”ဟု (ကျူးရင့်၏)။

ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏— “အချင်းတို့ ရဟန်းဂေါတမသည် အာဇာနည်ဖြစ်စွတကား၊ အာဇာနည်ဖြစ်သည်၏ အဖြစ်ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လို အပ်ကုန်သော ကိုယ်၌ တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ သည်းခံတော်မူ၏”ဟု (ကျူးရင့်၏)။

ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏— “အချင်းတို့ ရဟန်းဂေါတမသည် ရှေ့ဆောင်နွားလားဥသဘနှင့် တူစွတကား၊ ရှေ့ဆောင်နွားလားဥသဘနှင့် တူသည်၏အဖြစ်ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန်သော ကိုယ်၌ တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ သည်းခံတော်မူ၏”ဟု (ကျူးရင့်၏)။

ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏— “အချင်းတို့ ရဟန်းဂေါတမသည် ဝန်ဆောင်နွားလားနှင့် တူစွတကား၊ ဝန်ဆောင် နွားလားနှင့် တူသည်၏အဖြစ်ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန်သော ကိုယ်၌တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်း ညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ သည်းခံတော်မူ၏”ဟု (ကျူးရင့်၏)။

ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏— “အချင်းတို့ ရဟန်းဂေါတမသည် ယဉ်ကျေးစွတကား၊ ယဉ်ကျေးသည်၏အဖြစ် ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ် ကုန်သော ကိုယ်၌ တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံ သည်ဖြစ်၍ သည်းခံတော်မူ၏”ဟု (ကျူးရင့်၏)။

ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏— “ကောင်းစွာ ပွားများအပ်သော တည်ကြည်မှုကိုလည်းကောင်း၊ (ကိလေသာမှ) ကောင်းစွာ လွတ်သော စိတ်ကိုလည်းကောင်း ရှုလော့။ (ရာဂကြောင့်လည်း) မညွတ်၊ (ဒေါသကြောင့်လည်း) ဖဲမသွား၊ အားထုတ်မှုဖြင့် (ကိလေသာတို့ကို) နှိပ်၍ တားမြစ်မှုသို့လည်း မရောက်၊ အကြင်သူသည် ဤသို့သဘောရှိသော ဆင်ပြောင်ကြီးနှင့် တူသော ယောကျာ်း၊ ခြင်္သေ့နှင့်တူသော ယောကျာ်း၊ အာဇာနည် ဖြစ်သော ယောကျာ်း၊ ရှေ့ဆောင်နွားလားဥသဘနှင့် တူသော ယောကျာ်း၊ ဝန်ဆောင်နွားလားနှင့် တူသော ယောကျာ်း၊ ယဉ်ကျေးသော ယောကျာ်းကို လွန်ကျူးအပ်၏ဟု မှတ်ထင်ရာ၏၊ (ထိုသူ့အား) မသိမြင်ခြင်းမှ တစ်ပါး အဘယ်အကြောင်း ရှိအံ့နည်း”ဟု (ကျူးရင့်၏)။

ဣတိဟာသကျမ်းလျှင် ငါးခုမြောက်သော ဗေဒင်ကျမ်းကို တတ်ကုန်သော ပုဏ္ဏားတို့သည် အနှစ်တစ်ရာပတ်လုံး အကျင့်ကို မှီ၍ ကျင့်ကုန်သော်လည်း ထိုပုဏ္ဏားတို့၏ စိတ်သည် (ကိလေသာမှ) ကောင်းစွာ မလွတ်၊ ယုတ်သော သဘောရှိကုန် သော ထိုပုဏ္ဏားတို့သည် (နိဗ္ဗာန်တည်းဟူသော) တစ်ဖက်ကမ်းသို့ မရောက်ကုန်။

တဏှာဖြင့် လွှမ်းမိုးကုန်သော (ခွေးနွားတို့၏) အလေ့အကျင့်တို့ဖြင့် နှောင်ဖွဲ့ခြင်းရှိကုန်သော သူတို့သည် ခေါင်းပါးသော အကျင့်ကို အနှစ်တစ်ရာပတ်လုံး ကျင့် ကုန်သော်လည်း ထိုသူတို့၏ စိတ်သည် (ကိလေသာမှ) ကောင်းစွာ မလွတ်၊ ယုတ် သော သဘောရှိကုန်သော ထိုသူတို့သည် (နိဗ္ဗာန်တည်းဟူသော) တစ်ဖက်ကမ်းသို့ မရောက်ကုန်။

ဤလောက၌ ထောင်လွှားလိုသောသူအား ယဉ်ကျေးမှုသည် မရှိ၊ တည်ကြည်ခြင်း မရှိသောသူအား (သစ္စာလေးပါးတရားကို) သိခြင်းသည် မရှိ၊ တော၌ တစ်ယောက် တည်း နေသော်လည်း မေ့လျော့သူသည် သေမင်း၏ တည်ရာ တေဘူမကဝဋ်၏ တစ်ဖက်ကမ်း နိဗ္ဗာန်သို့ မရောက်နိုင်။

ထောင်လွှားခြင်းကို ပယ်၍ ကောင်းစွာ တည်ကြည်သော စိတ်ရှိသော ကောင်း သော စိတ်ရှိသော ခန္ဓာစသည့် အလုံးစုံတို့မှ လွတ်သော တော၌ တစ်ယောက်တည်း နေ၍ မမေ့လျော့သော ထိုသူသည် သေမင်း၏ တည်ရာ တေဘူမကဝဋ်၏ တစ်ဖက် ကမ်း နိဗ္ဗာန်သို့ ရောက်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။