သံယုတ္တနိကာယ်—၁

၈—ဆေတွာဝဂ်

၆—န ဇီရတိသုတ်

၇၆။ အဘယ်အရာသည် ဆွေးမြေ့ပါသနည်း၊ အဘယ်အရာသည် မဆွေးမြေ့ပါ သနည်း၊ အဘယ်အရာကို လမ်းမှားဟု ဆိုအပ်ပါသနည်း၊ အဘယ်အရာသည် တရားတို့၏ ဘေးရန် မည်ပါသနည်း၊ အဘယ်အရာသည် ညဉ့်နေ့တို့၌ ကုန်ပါသ နည်း၊ အဘယ်အရာသည် မြတ်သော အကျင့်၏ အညစ်အကြေးပါနည်း၊ ရေမဟုတ် သော ဆေးကြောဖွယ်သည် အဘယ်နည်း၊ အကြင်အပေါက်၌ စီးပွားဥစ္စာသည် မတည်၊ လောက၌ ထိုအပေါက်တို့သည် အဘယ်မျှတို့ပါနည်း၊ မြတ်စွာဘုရားကို မေးလျှောက်ခြင်းငှါ လာပါကုန်၏၊ ထိုအကြောင်းကို အဘယ်သို့လျှင် အကျွန်ုပ်တို့ သည် သိရပါကုန်အံ့နည်းဟု (လျှောက်၏)။

သတ္တဝါတို့၏ ရုပ်သည် ဆွေးမြေ့တတ်၏၊ အမည်အနွယ်သည် မဆွေးမြေ့တတ်၊ စွဲမက်မှု ‘ရာဂ’ကို လမ်းမှားဟု ဆိုအပ်၏၊ လိုချင်မှု ‘လောဘ’သည် တရားတို့၏ ဘေးရန် မည်၏၊ အရွယ်သည် ညဉ့်နေ့တို့၌ ကုန်၏၊ မိန်းမသည် မြတ်သော အကျင့်၏ အညစ်အကြေးတည်း၊ ဤမိန်းမ၌ သတ္တဝါအပေါင်းသည် ကပ်ငြိ၏၊ ကိလေသာကို ပူပန် (နှိပ်စက်) တတ်သော အကျင့်သည်လည်းကောင်း၊ မြတ်သော အကျင့် (မေထုန်မှ ရှောင်ကြဉ်ခြင်း) သည်လည်းကောင်း ရေမဟုတ်သော ဆေးကြော ဖွယ် ဝတ္ထုမည်၏။

လောက၌ စီးပွားဥစ္စာ မတည်ကြောင်း အပေါက်တို့သည် ခြောက်ပါးတို့တည်း။ ပျင်းရိခြင်းလည်းကောင်း၊ မေ့လျော့ခြင်းလည်းကောင်း၊ ထကြွလုံ့လ မရှိခြင်းလည်းကောင်း၊ မစောင့်စည်းခြင်းလည်းကောင်း၊ အအိပ်ကြူးခြင်းလည်းကောင်း၊ (အလုပ်၌) မပျော်မွေ့ခြင်းလည်းကောင်း၊ ဤသို့ ထိုခြောက်ပါးသော အပေါက်တို့ကို အချင်း ခပ်သိမ်း ပိတ်ဆို့ရာ၏ဟု (မိန့်တော်မူ၏)။