သံယုတ္တနိကာယ်—၁ဝ

၁—ဣန္ဒကသုတ်

၂၃၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ် ပြည် ဣန္ဒကူဋတောင် ဣန္ဒကဘီလူး၏ ဗိမာန်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဣန္ဒကဘီလူးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—

“အသျှင်ဘုရား မြတ်စွာဘုရားတို့သည် ရုပ်ကို ဇီဝဟူ၍ ဆိုတော် မမူကုန်။ အဘယ်အကြောင်းကြောင့် ဤသတ္တဝါသည် ဤကိုယ်ကို ရသနည်း၊ ထိုသတ္တဝါအား အရိုးစု အသားစိုင်သည် အဘယ်မှ ရောက်လာသနည်း၊ အဘယ်အကြောင်းကြောင့် ဤသတ္တဝါသည် အမိဝမ်း၌ ကပ်ငြိသနည်း”ဟု လျှောက်၏။

“ဘီလူး ရှေးဦးစွာ ကလလရေကြည် ဖြစ်၏၊ ကလလရေကြည်မှ အမြှုပ် ဖြစ်၏၊ အမြှုပ်မှ သားတစ် ဖြစ်၏၊ သားတစ်မှ အခဲ ဖြစ်၏၊ အခဲမှ ခက်မငါးဖြာတို့ ဖြစ် ကုန်၏၊ ဆံ, အမွေး, ခြေသည်း, လက်သည်းတို့လည်း ဖြစ်ကုန်၏။

ဤသတ္တဝါ၏ အမိသည် အကြင်ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း စား၏။ အမိ၏ ဝမ်း၌ တည်သော ထိုသတ္တဝါသည် ထို (အမိစားသော) အစာဖြင့် ထိုအမိဝမ်း၌ မျှတ၏”ဟု (မိန့်တော်မူ၏)။