သံယုတ္တနိကာယ်—၁ဝ

၅—သာနုသုတ်

၂၃၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ တစ်ယောက်သော ဥပါသိကာမ၏ သာနုမည် သော သား (သာမဏေ) ကို ဘီလူးသည် ဖမ်းစားအပ်၏၊ ထိုအခါ ထိုဥပါသိကာမသည် ငိုကြွေးလျက် ဤ ဂါထာတို့ကို ရွတ်ဆို မြည်တမ်း၏—

“အကြင်သူတို့သည် တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း၊ တစ် ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း၊ လဆန်းပက္ခ, လဆုတ်ပက္ခ၏ ရှစ်ရက် မြောက်သော နေ့၌လည်းကောင်း၊ ပါဋိဟာရိယပက္ခ၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ကောင်းစွာ ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးကုန်၏၊ မြတ်သော အကျင့်ကို ကျင့် ကုန်၏။ ထိုသီလနှင့် ပြည့်စုံသော လူတို့ကို ဘီလူးတို့သည် မပင်ပန်းစေကုန်ဟု ရဟန္တာတို့၏ စကားကို ကြားဖူး၏၊ ယခုအခါ ဘီလူးတို့သည် သာနုမည်သော ငါ့သား သာမဏေအား ပင်ပန်းစေသည်ကို ယနေ့ ငါ တွေ့မြင်ရ၏”ဟု (မြည်တမ်း၏)။

ဥပါသိကာမ အကြင်သူတို့သည် တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း၊ လဆန်းပက္ခ, လဆုတ် ပက္ခ၏ ရှစ် ရက်မြောက်သော နေ့၌လည်းကောင်း၊ ပါဋိဟာရိယပက္ခ၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ကောင်းစွာ ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးကုန်၏၊ မြတ်သော အကျင့်ကို ကျင့်ကုန်၏၊ ထိုသူတို့ကို ဘီလူးတို့သည် မပင်ပန်းစေကုန်ဟု ရဟန္တာတို့ထံမှ ကြားဖူးသော သင့် စကားသည် ကောင်းပါပေ၏၊ နိုးကြားသတိရလာသော သာနု (သာမဏေ) အား ပြောကြားလိုက်ပါလော့။

“သင်သည် မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ မကောင်းသော အမှုကို မပြုလင့်။ သင်သည် မကောင်းသော အမှုကို အကယ်၍ ပြုလိမ့်ငြားအံ့၊ (အကယ်၍ မူလည်း) ပြုနေငြားအံ့၊ ကောင်းကင်သို့ ပျံတက်၍ ပြေးသော်လည်း သင့်အား ဆင်းရဲမှ မလွတ်နိုင်”ဟု ဘီလူးတို့၏ ဤစကားကို ပြောကြားလိုက်ပါလော့ဟု (ဘီလူးက ပူးကပ်ပြောဆို၏)။

“မိခင် လောက၌ သေသော သူကိုလည်း (ရည်မှန်း၍) ငိုကြွေးကုန်၏၊ အသက် ရှင်လျက် ပျောက်ဆုံးနေသူကိုသော်လည်း (ရည်မှန်း၍) ငိုကြွေးကုန်၏၊ မိခင် အသက်ရှင်သော ငါ့ကို မြင်ရလျက် အဘယ်ကြောင့် ငိုကြွေးဘိသနည်း”ဟု (သာနု သာမဏေက ဆို၏)။

“ချစ်သား လောက၌ သေသော သူကိုသော်လည်း (ရည်မှန်း၍) ငိုကြွေးကုန်၏၊ အသက်ရှင်လျက် ပျောက်ဆုံးနေသူကိုသော်လည်း (ရည်မှန်း၍) ငိုကြွေးကုန်၏၊ အကြင်သူသည် ဝတ္ထုကာမဂုဏ်တို့ကို စွန့်ပြီး ဖြစ်လျက် တစ်ဖန် ဤ လူ့ဘောင်သို့ ပြန်လည် လူထွက်လာ၏၊ ထိုသူကိုလည်း (ရည်မှန်း၍) ငိုကြွေးကုန်၏။ ဤစကား မှန်၏၊ တစ်ဖန် ထိုလူ့ဘောင်သို့ ပြန်လည် လူထွက်လာသော သူသည် အသက်ရှင်သော်လည်း သူသေနှင့် တူ၏။

ချစ်သား (အိမ်ရာ တည်ထောင်ခြင်းဟူသော) ပြာပူမှ တက်ပြီး၍ ပြာပူသို့ ဆင်းခြင်းငှါ အလိုရှိဘိ၏။ ချစ်သား ချောက်မှ တက်ပြီးဖြစ်လျက် ချောက်သို့ ကျခြင်းငှါ အလိုရှိဘိ၏။

သားမောင်တို့သည် ပြေးသွားပါကုန်လော့၊ ချစ်သားအား ကောင်းခြင်းသည် ဖြစ် စေသတည်း၊ (ဘီလူး ဖမ်းစား၍ ဤသို့သော ဖောက်ပြန်မှုကို) အဘယ်သူအား အပြစ်စကား ပြောကြားတိုင်တည်ရကုန်အံ့နည်း၊့သင်သည် မီးလောင်အိမ်မှ ထုတ် အပ်သော ဘဏ္ဍာကို တစ်ဖန် လောင်မြိုက်ခြင်းငှါ အလိုရှိဘိတကား”ဟု (အမိသည် ရွတ်ဆို၏)။