သံယုတ္တနိကာယ်—၁ဝ

၇—ပုနဗ္ဗသုသုတ်

၂၄၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့် စပ်သော တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက် တရားကို ဆောက်တည်စေကာ တရား ကျင့်သုံးရန် ထက်သန်ရွှင်လန်းစေ၏၊ ထိုရဟန်းတို့သည်လည်း အရိုအသေပြုကာ နှလုံးသွင်းကုန်လျက် စိတ်ဖြင့် အလုံးစုံ တရားစကားကို ကောင်းစွာ မှတ်သားပြီးလျှင် နားစိုက်ထောင်ကုန်၍ တရားနာကုန်၏၊ ထိုအခါ၌ ပုနဗ္ဗသုမာတာ ဘီလူးမသည် သားငယ်ကို ဤသို့ နှစ်သိမ့်စေ၏—

“ချစ်သမီး ဥတ္တရိကာ ငါသည် နတ်လူတို့ကို ဆုံးမတော်မူတတ်သော ဘုရား မြတ်၏ တရားကို နာနေသမျှအတွင်း ဆိတ်ဆိတ် နေပါလော့၊ ချစ်သား ပုနဗ္ဗသု ဆိတ်ဆိတ်နေ ပါလော့။

မြတ်စွာဘုရားသည် အလုံးစုံသော အထုံးအဖွဲ့ (ဂန္ထ) မှ လွတ်မြောက်စေသော နိဗ္ဗာန်နှင့် စပ်သော တရားစကားကို ဟောတော်မူ၏၊ ဤတရားတော်၌ မြတ်နိုးခြင်း သည် ငါ့အား ကြာမြင့်မှသာလျှင် ဖြစ်ရာ၏။

လောက၌ မိမိ၏ သားသမီးကို ချစ်အပ်၏၊ လောက၌ မိမိ၏ ခင်ပွန်းကို ချစ် အပ်၏၊ ငါ့အား သားသမီး, ခင်ပွန်းလင်ကို ချစ်သည်ထက် ဤတရားကို တောင့်တ ရှာမှီးမှုကို ပိုလွန်၍ ချစ်မြတ်နိုးပါ၏။

သူတော်ကောင်းတို့၏ တရားကို နာကြားခြင်းသည် သတ္တဝါတို့အား ဆင်းရဲမှလွတ်စေသကဲ့သို့ ချစ်ခင်အပ်သော သားသမီးသည်လည်းကောင်း၊ ခင်ပွန်းလင်သည်လည်းကောင်း ဆင်းရဲမှ မလွတ်စေနိုင်။

ဆင်းရဲဖြင့် နှိပ်စက်အပ်သော အိုခြင်း, သေခြင်းနှင့် စပ်သော လောက၌ အိုခြင်း, သေခြင်းမှ လွတ်ခြင်းငှါ (မြတ်စွာဘုရား) ထိုးထွင်း၍ သိတော်မူသော တရားကို နာခြင်းငှါ ငါသည် အလိုရှိပါ၏၊ ချစ်သား ပုနဗ္ဗသု ဆိတ်ဆိတ် နေပါလော့”ဟု နှစ် သိမ့်စေ၏။

“မိခင် ငါသည် စကားမပြော ဆိတ်ဆိတ် နေအံ့၊ ဤဥတ္တရာသည်လည်း ဆိတ်ဆိတ် နေပါ၏၊ တရားကိုသာလျှင် နှလုံးသွင်းပါလော့၊ သူတော်ကောင်းတို့၏ တရားကို နာကြားရခြင်းသည် ချမ်းသာပါ၏။

မိခင် သူတော်ကောင်းတို့၏ တရားကို မသိသောကြောင့် ဆင်းရဲငြိုငြင်စွာ လှည့် လည်နေရကုန်၏၊ ပြင်းစွာ တွေဝေကုန်သော နတ်လူတို့အား အရောင်ကို ပြုတတ် သော၊ အဆုံးစွန်သော ကိုယ်တော်နှင့်လည်း ယှဉ်တော်မူသော၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော ဤမြတ်စွာဘုရားသည့်တရားကို ဟောတော်မူ၏”ဟု (ဆို၏)။

“ရင်၌ဖြစ်သော သားသည် ပညာရှိဖြစ်၍ ကောင်း၏၊ ငါ့သားသည် ဘုရားမြတ်၏ စင်ကြယ်စွာသော တရားကို ချစ်မြတ်နိုး၏။

ချစ်သား ပုနဗ္ဗသု ယခု ငါသည် ဝဋ်မှ ထွက်မြောက်ပြီ၊ သင်ချစ်သားသည်လည်း ချမ်းသာခြင်းရှိသည် ဖြစ်လော့၊ အရိယာသစ္စာတို့ကို (ငါတို့ သားသမီးတစ်စုတို့ သည်) မြင်အပ်ကုန်ပြီ၊ ငါ၏ ဥတ္တရာမည်သော ချစ်သမီးသည်လည်း (တရားကို) နာပါလော့”ဟု (နှစ်သိမ့်စေ၏)။