သံယုတ္တနိကာယ်—၁၁

၁—ပဌမဝဂ်

၁ဝ—သမုဒ္ဒကသုတ်

၂၅၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား သီလရှိကုန် ကောင်းသော သဘောရှိ ကုန်သော များစွာသော ရသေ့တို့သည် သမုဒ္ဒရာကမ်းနားဝယ် သစ်ရွက်မိုးကုဋိကျောင်းတို့၌ ငြိမ်းချမ်းစွာ နေကုန်၏၊ ထိုအခါ နတ်နှင့် အသုရာတို့၏ စစ်ပွဲသည် ရင်ဆိုင်ခဲ့ဖူးပြီ၊ ရဟန်းတို့ ထိုအခါ သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ထိုရသေ့တို့အား ဤသို့သော အကြံ ဖြစ်၏ — “နတ်တို့သည် တရားကို စောင့်ကုန်၏၊ အသုရာတို့သည် တရားကို မစောင့်ကုန်၊ ငါတို့အား အသုရာအပေါင်းမှ ဘေးဖြစ်ရာသည် သာလျှင်တည်း၊ ငါတို့သည် သမ္ဗရအသုရိန်သို့ ချဉ်းကပ်ကုန်၍ ဘေးမဲ့အလှူကို တောင်းပန်ရကုန်မူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ရဟန်းတို့ ထိုအခါ၌ သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ထို ရသေ့တို့သည် အားရှိသော ယောကျာ်းသည် ကွေးသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သောလက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် သမုဒ္ဒရာကမ်းနားဝယ် သစ်ရွက်မိုး ကုဋိကျောင်းတို့မှ ကွယ်ခဲ့ကုန်သည် ဖြစ်၍ သမ္ဗရအသုရိန်၏ မျက်မှောက်၌ ထင်ရှားဖြစ်ကုန်၏၊ ရဟန်းတို့ ထိုအခါ သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ထိုရသေ့တို့သည် သမ္ဗရအသုရိန်ကို ဂါထာဖြင့် ရွတ်ဆိုကုန်၏—

“သမ္ဗရအသုရိန် ထံသို့ ရောက် ကုန် သော ရသေ့တို့ သည် ဘေး မဲ့ အလှူကို တောင်း ပန် ကုန်၏။ သင်သည် ဘေးကိုလည်းကောင်း၊ ဘေးမဲ့ကိုလည်းကောင်း ပေးရန် အလိုရှိတိုင်း ပြုနိုင်ပါ၏”ဟု (ရွတ်ဆိုကုန်၏)။

“သိကြားမင်း ဆည်းကပ်ကုန်သော (ငါတို့နှင့်) ဆန့်ကျင်ဘက်ဖြစ်ကုန်သော ရသေ့တို့အား ဘေးမဲ့အလှူသည် မရှိ၊ ဘေးမဲ့အလှူကို တောင်းကုန်သော သင်တို့ အား ဘေးအလှူကိုသာလျှင် ငါ ပေးအံ့”ဟု (ဆို၏)။

ဘေးမဲ့အလှူကို တောင်းကုန်သော ငါတို့အား ဘေးအလှူကိုသာလျှင် သင်သည် ပေးလှူ၏၊ သင်၏့ထိုအလှူကို ငါတို့ ခံယူကုန်၏၊ သင့်အား ဘေးသည် မကုန်နိုင် စေသတည်း။

အကြင်သို့ သဘောရှိသော မျိုးစေ့ကို စိုက်ပျိုး၏၊ ထိုမျိုးစေ့နှင့် တူသော အသီးကို ဆောင်၏၊ ကောင်းမှုကို ပြုလေ့ရှိသူသည် ကောင်း ကျိုးကို ခံစားရ၏၊ မကောင်းမှုကို ပြုလေ့ရှိသူသည် မကောင်းကျိုးကို ခံစားရ၏၊ အမောင် သင်သည် မျိုးစေ့ကို စိုက်ပျိုးအပ်ပြီ၊ အသီးကို သုံးဆောင်ရ လတ္တံ့ဟု ရသေ့တို့သည် ရွတ်ဆို ကုန်၏။

ရဟန်းတို့ ထိုအခါ၌ သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ရသေ့တို့သည် သမ္ဗရအသုရိန်ကို ကျိန်ဆဲကုန်၍ အားရှိသော ယောကျာ်းသည် ကွေးသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် သမ္ဗရအသုရိန်၏ မျက်မှောက်၌ ကွယ်ခဲ့ကုန်သည်ဖြစ်၍ သမုဒ္ဒရာကမ်းနားဝယ် သစ်ရွက်မိုးကုဋိကျောင်းတို့၌ ထင်ရှားဖြစ်ကုန်၏၊ ရဟန်းတို့ ထိုအခါ၌ သမ္ဗရအသုရိန်သည် သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ထိုရသေ့တို့ ကျိန်ဆဲအပ်သည် ဖြစ်၍ ညဉ့်၌ သုံးကြိမ် ထိတ်လန့်၏ဟု (မိန့်တော်မူ၏)။

ပဌမဝဂ် ပြီး၏။