သံယုတ္တနိကာယ်—၁၁

၂—ဒုတိယဝဂ်

၁—ဝတပဒသုတ်

၂၅၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ နတ်တို့ အရှင်သိကြားမင်းသည် ရှေးလူဖြစ်စဉ်က ခုနစ်ပါးကုန် သော ကျင့်ဝတ်အစုတို့ကို အပြည့်အစုံ ကောင်းစွာ ဆောက်တည်အပ်ကုန်ပြီ၊ ယင်းခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို သိကြားမင်းသည် ကောင်းစွာ ဆောက်တည်သည်၏အဖြစ်ကြောင့် သိကြားမင်း၏အဖြစ် ကို ရ၏၊ ခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ဟူသည် အဘယ်တို့နည်း— (၁) အသက်ထက်ဆုံး အမိအဖကို လုပ်ကျွေး မွေးမြူသူ ဖြစ်ပါအံ့၊

(၂) အသက်ထက်ဆုံး အမျိုးထဲ၌ ကြီးသော သူတို့ကို အရိုအသေ ပြုလေ့ရှိသူ ဖြစ်ပါအံ့၊

(၃) အသက်ထက်ဆုံး သိမ်မွေ့သော စကားကို ဆိုလေ့ရှိသူ ဖြစ်ပါအံ့၊

(၄) အသက်ထက်ဆုံး ကုန်းစကားကို ဆိုလေ့ မရှိသူ ဖြစ်ပါအံ့၊

(၅) အသက်ထက်ဆုံး လွတ်လွတ် စွန့်ကြဲခြင်းရှိသူ, ပေးလှူရန် အခါခပ်သိမ်း စင်ကြယ်သော လက် ရှိသူ, စွန့်လှူခြင်း၌ မွေ့လျော်သူ, သူတစ်ပါးတို့ တောင်းခံခြင်းငှါ ထိုက်သူ, ပေးကမ်းလှူဒါန်း ဝေဖန်ခြင်း၌ မွေ့လျော်သူဖြစ်၍ ဝန်တိုခြင်းကင်းသော စိတ်ဖြင့် အိမ်ကို အုပ်စိုးနေသူ ဖြစ်ပါအံ့၊

(၆) အသက်ထက်ဆုံး မှန်သော စကားကို ဆိုလေ့ရှိသူ ဖြစ်ပါအံ့၊

(၇) အသက်ထက်ဆုံး အမျက်ထွက်ခြင်း မရှိသူ “အကယ်၍ ငါ့အား အမျက်ထွက်ခြင်း ဖြစ်စေကာမူ ထိုအမျက်ကို လျင်စွာသာလျှင် ပယ်ဖျောက်နိုင်သူ” ဖြစ်ပါအံ့၊ ဤသည်တို့တည်း။

ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်က ခုနစ်ပါးကုန်သော ဤကျင့်ဝတ်အစုတို့ကို အပြည့်အစုံ ကောင်းစွာ ဆောက်တည်အပ်ကုန်ပြီ၊ ယင်းခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို သိကြားမင်းသည် ကောင်းစွာ ဆောက်တည်သည်၏အဖြစ်ကြောင့် သိကြားမင်း၏ အဖြစ်ကို ရပြီဟု ဟော တော်မူ၏။

အမိအဖတို့ကို လုပ်ကျွေးမွေးမြူသော၊ အမျိုးထဲ၌ ကြီးသောသူတို့ကို အရိုအသေ ပြုလေ့ရှိသော၊ သိမ်မွေ့နူးညံ့သော စကားကို ပြောဆိုတတ်သော၊ ကုန်းစကားကို ပယ်လေ့ရှိသော၊ ဝန်တိုခြင်း မရှိသော၊ မှန်သောစကားရှိသော၊ အမျက်ကို လွှမ်းမိုး နှိပ်စက်တတ်သော ထိုလူပုဂ္ဂိုလ်ကို စင်စစ် တာဝတိံသာနတ်တို့သည် “သူတော် ကောင်း”ဟု ဆိုကုန်၏ဟု (ဟောတော်မူ၏)။