သံယုတ္တနိကာယ်—၁၁

၂—ဒုတိယဝဂ်

၂—သက္ကနာမသုတ်

၂၅၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား ဤစကားကို မိန့်တော်မူ၏ — ၁။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်အခါက မဃမည်သော လုလင် ဖြစ်၏၊ ထို့ကြောင့် ထိုသိကြားကို “မဃဝ”ဟူ၍ ဆိုအပ်၏။ ၂။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်အခါက ရှေးဦးစွာ အလှူကို ပေး လှူ၏၊ ထို့ကြောင့် “ပုရိန္ဒဒ”ဟူ၍ ဆိုအပ်၏။ ၃။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်အခါက ရိုသေစွာ ပေးလှူ၏၊ ထို့ ကြောင့် “သက္က”ဟူ၍ ဆိုအပ်၏။ ၄။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်အခါက တည်းခိုရာဇရပ်ကို ပေးလှူ ဖူး၏၊ ထို့ကြောင့် “ဝါသဝ”ဟူ၍ ဆိုအပ်၏။ ၅။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် တစ်ထောင်သော အကြောင်းအရာကိုလည်း တစ် မုဟုတ်ခြင်းဖြင့် ကြံနိုင်၏၊ ထို့ကြောင့် “သဟဿက္ခ”ဟူ၍ ဆိုအပ်၏။ ၆။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းအား အသုရာ၏သမီး သုဇာမည်သော မယားရှိ၏၊ ထို့ ကြောင့် “သုဇမ္ပတိ”ဟူ၍ ဆိုအပ်၏။ ၇။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို အစိုးရသည်၏ အဖြစ် အကြီးအမှူး၏ အဖြစ်ဟူသော မင်းအဖြစ်ကို ပြုစေ၏၊ ထို့ကြောင့် “ဒေဝါနမိန္ဒ”ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်အခါက ခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို အပြည့်အစုံ ကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ ယင်းခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို သိကြားမင်းသည် ကောင်းစွာ ဆောက်တည်သည်၏ အဖြစ်ကြောင့် သိကြားမင်း၏ အဖြစ်ကို ရ၏၊ ခုနစ်ပါး ကုန်သော ကျင့်ဝတ်အစုတို့ဟူသည် အဘယ်တို့နည်းဟူမူကား— (၁) အသက်ထက်ဆုံး အမိအဖကို လုပ်ကျွေး မွေးမြူသူ ဖြစ်အံ့။

(၂) အသက်ထက်ဆုံး အမျိုးထဲ၌ ကြီးသော သူတို့ကို အရိုအသေ ပြုလေ့ရှိသူ ဖြစ်အံ့။

(၃) အသက်ထက်ဆုံး သိမ်မွေ့သော စကားကို ဆိုလေ့ရှိသူ ဖြစ်အံ့။

(၄) အသက်ထက်ဆုံး ကုန်းစကားကို ဆိုလေ့ မရှိသူ ဖြစ်အံ့။

(၅) အသက်ထက်ဆုံး လွတ်လွတ် စွန့်ကြဲခြင်းရှိသူ, ပေးလှူရန် အခါခပ်သိမ်း စင်ကြယ်သော လက်ရှိသူ, စွန့်လှူခြင်း၌ မွေ့လျော်သူ, သူတစ်ပါးတို့ တောင်းခံခြင်းငှါထိုက်သူ, ပေးကမ်းလှူဒါန်း ဝေဖန်ခြင်း၌ မွေ့လျော်သူ ဖြစ်၍ ဝန်တိုခြင်းကင်းသော စိတ်ဖြင့် အိမ်ကို အုပ်စိုး၍ နေသူ ဖြစ်အံ့။

(၆) အသက်ထက်ဆုံး မှန်သော စကားကို ဆိုလေ့ရှိသူ ဖြစ်အံ့။

(၇) အသက်ထက်ဆုံး အမျက်ထွက်ခြင်း မရှိသူ “အကယ်၍ ငါ့အား အမျက်ထွက်ခြင်း ဖြစ်စေကာမူ ထိုအမျက်ကို လျင်စွာသာလျှင် ပယ်ဖျောက်နိုင်သူ ဖြစ်အံ့”။ ဤခုနစ်ပါးတို့တည်း။

ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်က ခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို အပြည့်အစုံ ကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ ယင်းခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို သိကြားမင်း သည် ကောင်းစွာ ဆောက်တည်သည်၏အဖြစ်ကြောင့် သိကြားမင်း၏အဖြစ်ကို ရ၏ဟု မိန့်တော်မူ၏။

အမိအဖတို့ကို လုပ်ကျွေးမွေးမြူသော၊ အမျိုးထဲ၌ ကြီးသောသူတို့ကို အရိုအသေ ပြုလေ့ရှိသော၊ သိမ်မွေ့နူးညံ့သော စကားကို ပြောဆိုတတ်သော၊ ကုန်းစကားကို ပယ်လေ့ရှိသော၊ ဝန်တိုခြင်း မရှိသော၊ မှန်သောစကားရှိသော၊ အမျက်ကို လွှမ်းမိုး နှိပ်စက်တတ်သော ထိုလူပုဂ္ဂိုလ်ကို စင်စစ် တာဝတိံသာနတ်တို့သည် “သူတော် ကောင်း”ဟူ၍ု ဆိုကုန်၏ဟု (မိန့်တော်မူ၏)။