သံယုတ္တနိကာယ်—၁၁

၂—ဒုတိယဝဂ်

၃—မဟာလိသုတ်

၂၅၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ မဟာလိလိစ္ဆဝီမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရားသည် နတ်တို့အရှင် သိကြားမင်းကို မြင်ဖူးပါသလော”ဟု လျှောက်၏၊ မဟာလိ ငါဘုရားသည် နတ်တို့အရှင် သိကြားမင်းကို မြင်ဖူးသည်သာလျှင်တည်းဟု မိန့်ဆို၏၊ အသျှင်ဘုရား ထိုအရှင်သိကြားသည် သိကြားတု အယောင်ဆောင် ဖြစ်ပါလိမ့်မည်။ အသျှင်ဘုရား ထိုစကားမှန်၏၊ နတ်တို့အရှင် သိကြားမင်းကို တွေ့မြင်နိုင်ခဲ၏ဟု လျှောက်၏၊ မဟာလိ ငါဘုရားသည် သိကြား၏အဖြစ်ကိုလည်း သိ၏၊ သိကြားအဖြစ်ကို ပြုတတ်သော တရားတို့ကိုလည်း သိ၏၊ ယင်းတရားတို့ကို သိကြားသည် ကောင်းစွာ ဆောက်တည်ခြင်းကြောင့် သိကြား၏ အဖြစ်ကို ရ၏၊ ထိုတရားကိုလည်း ငါ သိ၏။

၁။ မဟာလိ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်အခါက မဃမည်သော လုလင်

ဖြစ်ဖူးပြီ၊ ထို့ကြောင့် “မဃဝ”ဟူ၍ ဆိုအပ်၏။

၂။ မဟာလိ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်အခါက ရိုသေစွာ ပေးလှူ၏၊ ထို့

ကြောင့် “သက္က”ဟူ၍ ဆိုအပ်၏။

၃။ မဟာလိ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်အခါက ရှေးဦးစွာ အလှူကို ပေးလှူ

၏၊ ထို့ကြောင့် “ပုရိန္ဒဒ”ဟူ၍ ဆိုအပ်၏။

၄။ မဟာလိ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်အခါက တည်းခိုရာဇရပ်ကို ပေးလှူဖူး၏၊

ထို့ကြောင့် “ဝါသဝ”ဟူ၍ ဆိုအပ်၏။

၅။ မဟာလိ နတ်တို့အရှင် သိကြားမင်းသည် တစ်ထောင်သော အကြောင်းအရာတို့ကို တစ်မုဟုတ်

ခြင်းဖြင့် ကြံနိုင်၏၊ ထို့ကြောင့် “သဟဿက္ခ”ဟူ၍ ဆိုအပ်၏။

၆။ မဟာလိ နတ်တို့အရှင် သိကြားမင်းအား အသုရာ၏သမီး သုဇာမည်သော မယားရှိ၏၊ ထို့

ကြောင့် “သုဇမ္ပတိ” ဟူ၍ ဆိုအပ်၏။

၇။ မဟာလိ နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို အစိုးရသည်၏အဖြစ် အကြီး

အမှူး၏အဖြစ်ဟူသော မင်းအဖြစ်ကို ပြုစေ၏၊ ထို့ကြောင့် “ဒေဝါနမိန္ဒ” ဟူ၍ ဆိုအပ်၏။

မဟာလိ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်အခါက ခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို အပြည့်အစုံ ကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ ယင်းခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို သိကြားသည် ကောင်းစွာ ဆောက်တည်အပ်သည်၏အဖြစ်ကြောင့် သိကြား၏အဖြစ်ကို ရ၏၊ ခုနစ်ပါးကုန် သော ကျင့်ဝတ်အစုတို့ဟူသည် အဘယ်တို့နည်းဟူမူကား— (၁) အသက်ထက်ဆုံး အမိအဖကို လုပ်ကျွေး မွေးမြူသူ ဖြစ်အံ့။

(၂) အသက်ထက်ဆုံး အမျိုးထဲ၌ ကြီးသော သူတို့ကို အရိုအသေ ပြုလေ့ရှိသူ ဖြစ်အံ့။

(၃) အသက်ထက်ဆုံး သိမ်မွေ့သော စကားကို ဆိုလေ့ရှိသူ ဖြစ်အံ့။

(၄) အသက်ထက်ဆုံး ကုန်းစကားကို ဆိုလေ့ မရှိသူ ဖြစ်အံ့။

(၅) အသက်ထက်ဆုံး လွတ်လွတ် စွန့်ကြဲခြင်းရှိသူ, ပေးလှူရန် အခါခပ်သိမ်း စင်ကြယ်သော လက် ရှိသူ, စွန့်လှူခြင်း၌ မွေ့လျော်သူ, သူတစ်ပါးတို့ တောင်းခံခြင်းငှါ ထိုက်သူ, ပေးကမ်းလှူဒါန်း ဝေဖန်ခြင်း၌ မွေ့လျော်သူ ဖြစ်၍ ဝန်တိုခြင်းကင်းသော စိတ်ဖြင့် အိမ်ကို အုပ်စိုး၍ နေသူ ဖြစ်အံ့။

(၆) အသက်ထက်ဆုံး မှန်သော စကားကို ဆိုလေ့ရှိသူ ဖြစ်အံ့။

(၇) အသက်ထက်ဆုံး အမျက်ထွက်ခြင်း မရှိသူ “အကယ်၍ ငါ့အား အမျက်ထွက်ခြင်း ဖြစ်စေကာမူ့ထိုအမျက်ကို လျင်စွာသာလျှင် ပယ်ဖျောက်နိုင်သူ ဖြစ်အံ့”။ ဤခုနစ်ပါးတို့တည်း။

မဟာလိ နတ်တို့အရှင် သိကြားမင်းသည် ရှေးလူဖြစ်စဉ်အခါက ခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ ကို အပြည့်အစုံ ကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ ယင်းခုနစ်ပါးကုန်သော ကျင့်ဝတ်အစုတို့ကို သိကြား သည် ကောင်းစွာ ဆောက်တည်အပ်သည်၏အဖြစ်ကြောင့် သိကြား၏အဖြစ်ကို ရ၏ဟု မိန့်တော်မူ၏။

အမိအဖတို့ကို လုပ်ကျွေးမွေးမြူသော၊ အမျိုးထဲ၌ ကြီးသောသူတို့ကို အရိုအသေ ပြုလေ့ရှိသော၊ သိမ်မွေ့နူးညံ့သော စကားကို ပြောဆိုတတ်သော၊ ကုန်းစကားကို ပယ်လေ့ရှိသော၊ ဝန်တိုခြင်း မရှိသော၊ မှန်သောစကားရှိသော၊ အမျက်ကို လွှမ်းမိုး နှိပ်စက်တတ်သော ထိုလူပုဂ္ဂိုလ်ကို စင်စစ် တာဝတိံသာနတ်တို့သည် “သူတော် ကောင်း”ဟူ၍ ဆိုကုန်၏ဟု (မိန့်တော်မူ၏)။