သံယုတ္တနိကာယ်—၁၁

၂—ဒုတိယဝဂ်

၄—ဒလိဒ္ဒသုတ်

၂၆ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား” ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —

ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား ယောကျာ်းတစ်ယောက်သည် ဤရာဇဂြိုဟ်မြို့၌သာလျှင် လူ ဆင်းရဲ လူသနားဖွယ် လူအောက်တန်းစား ဖြစ်ခဲ့၏၊ ထိုယောကျာ်းသည် မြတ်စွာဘုရား ဟောကြားတော်မူ အပ်သော ဓမ္မဝိနယ (သာသနာတော်) ၌ ယုံကြည်မှု ‘သဒ္ဓါတရား’ကို ဆောက်တည်၏၊ သီလကို ဆောက် တည်၏၊ အကြားအမြင် ‘သုတ’ကို ဆောက်တည်၏၊ စွန့်ကြဲခြင်း ‘စာဂ’ကို ဆောက်တည်၏၊ ပညာကို ဆောက် တည်၏၊ ထိုယောကျာ်းသည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓမ္မဝိနယ (သာသနာတော်) ၌ သဒ္ဓါ သီလ သုတ စာဂ ပညာကို ဆောက်တည်ရကား ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ တာဝတိံသာနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။

ထိုနတ်သည် တစ်ပါးသော နတ်တို့ကို အဆင်းအားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း လွန်၍ တင့်တယ်၏။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ တာဝတိံသာနတ်တို့သည် ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ ပြစ်တင်ပြောဆိုကုန်၏၊ “အချင်းတို့ အံ့ဖွယ်ရှိစွတကား၊ မဖြစ်ဖူးမြဲ ဖြစ်စွတကား။ ထိုစကား မှန်၏၊ ဤ နတ်သားသည် ရှေးလူဖြစ်စဉ်အခါက လူဆင်းရဲ လူသနားဖွယ် လူအောက်တန်းစား ဖြစ်ခဲ့၏၊ ထိုသူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ တာဝတိံသာ နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ထိုနတ်သားသည် တစ်ပါးသော နတ်တို့ကို အဆင်းအားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း လွန်၍ တင့်တယ်ဘိ၏”ဟု ကဲ့ရဲ့ကုန်၏။

ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို ခေါ်၍ မိန့်ဆို၏ — “အချင်းတို့ သင်တို့သည် ထိုနတ်သားအား မကဲ့ရဲ့ကုန်လင့်၊ အချင်းတို့ ဤနတ်သားသည် ရှေးလူဖြစ်စဉ် အခါက မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓမ္မဝိနယ (သာသနာတော်) ၌ သဒ္ဓါ သီလ သုတ စာဂ ပညာကို ဆောက်တည်ခဲ့၏၊ ထိုသူသည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓမ္မဝိနယ (သာသနာ တော်) ၌ သဒ္ဓါ သီလ သုတ စာဂ ပညာကို ဆောက်တည်ခဲ့သောကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ တာဝတိံသာနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ထိုနတ်သားသည် တစ်ပါးသော နတ်တို့ကို အဆင်းဖြင့်လည်းကောင်း၊ အခြံအရံဖြင့်လည်းကောင်း လွန်၍ တင့်တယ်၏”ဟု မိန့်ဆို၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို ပြောဆိုဆုံးမလိုသည် ဖြစ်၍ ထိုအချိန်၌ ဤဂါထာတို့ကို့ရွတ် ဆို၏—

“အချ င်း နတ်တို့ အကြင် သူအား မြတ် စွာဘုရား ၌ ယုံကြည် မှု သဒ္ဓါတရား သည် မတုန် လှုပ်၊ ကောင်း စွာ တည်၏။ အကြင်ပုဂ္ဂိုလ်အား အရိယာတို့သည် နှစ်သက် အပ် ချီးမွမ်းအပ်သော ကောင်းသော သီလလည်း ရှိ၏။

အကြင်ပုဂ္ဂိုလ်အား သံဃာ၌ ကြည်ညိုမှု ရှိ၏၊ ဖြောင့်မတ်သော အမြင်လည်း ရှိ၏၊ ထိုပုဂ္ဂိုလ်ကို သူဆင်းရဲ မဟုတ်ဟူ၍ ဆိုကုန်၏၊ ထိုသူ၏ အသက်ရှင်ခြင်းသည် အချည်းနှီး မဟုတ်။

ထို့ကြောင့် မြတ်စွာဘုရား၏ အဆုံးအမ (သာသနာ) ကို အောက်မေ့သော ပညာရှိ သည် သဒ္ဓါကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊ ကြည်ညိုမှုကိုလည်းကောင်း၊ တရားသိမြင်မှုကိုလည်းကောင်း အဖန်ဖန် အားထုတ်ရာ၏”ဟု (ရွတ်ဆို၏)။