သံယုတ္တနိကာယ်—၁၁

၂—ဒုတိယဝဂ်

၅—ရာမဏေယျကသုတ်

၂၆၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား အဘယ်သို့သော အရပ်သည် မွေ့လျော်ဖွယ် ရှိပါသနည်း”ဟု ဤစကားကို လျှောက်၏—

“(သိကြားမင်း) ကောင်းစွာ ဖန်တီးစီမံအပ်ကုန်သော အရိုအသေပြုရာ အရံ, ခြံ, ဥယျာဉ်တို့သည်လည်းကောင်း၊ အရိုအသေပြုရာ သစ်တောတို့သည်လည်းကောင်း၊ ကောင်းစွာ ဖန်တီးစီမံအပ်ကုန်သော ရေကန်တို့သည်လည်းကောင်း လူတို့နှစ်သက် ဖွယ်ရာ မြေအရပ်၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်။

ရွာဖြစ်စေ, တောဖြစ်စေ, ချိုင့်ဝှမ်းရာ အရပ်ဖြစ်စေ, ကြည်းကုန်းဖြစ်စေ အကြင် အရပ်၌ ရဟန္တာတို့ နေကုန်၏၊ ထိုရဟန္တာတို့ နေရာ မြေအရပ်သည် မွေ့လျော်ဖွယ် အရပ်မည်၏”ဟု (မိန့်တော်မူ၏)။