သံယုတ္တနိကာယ်—၁၁

၂—ဒုတိယဝဂ်

၁ဝ—သံဃဝန္ဒနာသုတ်

၂၆၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ပ။ ဤစကားကို မိန့်တော်မူ၏— ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား နတ်တို့အရှင် သိကြားမင်းသည် အကူအညီဖြစ်သော မာတလိနတ်သားအား “အချင်းမာတလိ အာဇာနည် မြင်းတစ်ထောင် ကသော ရထားကို ပြင်လော့၊ မြေကောင်းရာ အရပ်ကို ကြည့်ရှုခြင်းငှါ ဥယျာဉ်မြေသို့ သွားကုန်အံ့”ဟု ဆို၏၊ “အရှင်သိကြားမင်း ကောင်းပါပြီ”ဟု အကူအညီဖြစ်သော မာတလိနတ်သားသည် နတ်တို့အရှင် သိကြားမင်းအား ဝန်ခံ၍ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်ဆင်ပြီးလျှင် နတ်တို့အရှင် သိကြားမင်းအား “အရှင်သိကြားမင်း အရှင်၏ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်ဆင်ပြီးပါပြီ၊ ယခုအခါ သွားရန် အချိန်ကို အရှင်သိကြားမင်း သိပါ၏၊ (သွားရန်မှာ အရှင်သိကြားမင်း အလိုအတိုင်း ဖြစ်ပါသည်)”ဟု ကြားလျှောက်၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ဝေဇယန္တာပြာသာဒ်မှ ဆင်းသက်သည် ရှိသော် လက်အုပ်ချီ၍ ရဟန်းသံဃာကို ရှိခိုး၏၊ ရဟန်းတို့ ထိုအခါ အကူအညီဖြစ်သော မာတလိသည် နတ်တို့အရှင် သိကြားမင်းကို ဂါထာဖြင့် ရွတ်ဆို၏—

“သိကြားမင်း အကြင်လူတို့သည် ပုပ်သော အမိဝမ်း၌ ကိန်းကုန်၏၊ အမိဝမ်း တည်းဟူသော အပုပ်၌ နစ်မြုပ်ကုန်၏၊ မွတ်သိပ်ဆာလောင်ခြင်းနှင့် ပြည့်စုံကုန်၏။ ထိုလူတို့ကသာ အရှင်သိကြားမင်းကို ရှိခိုးကုန်ရာ၏။

အိမ်ရာ မထောင်သော ထိုသူတို့သည် အဘယ်အရာကို ချစ်ဘိသနည်း၊ ရသေ့ ရဟန်းတို့၏ အကျင့်ကို မိန့်ဆိုတော်မူပါလော့၊ အရှင်သိကြားမင်း၏ ထိုစကားကို နာပါကုန်အံ့”ဟု (ရွတ်ဆို၏)။

“မာတလိ ထိုရဟန်းတို့သည် အကြင်ရွာမှ ဖဲသွားကုန်၏၊ ငဲ့ကွက်ခြင်း မရှိသည် ဖြစ်၍ (ထိုရွာမှ) သွားကုန်၏၊ အိမ်ရာမထောင်ကုန်သော ထိုရဟန်းတို့၏ ဤအကျင့် ကို ချစ်၏။

ထိုရဟန်းတို့အား ကျီ၌ ဥစ္စာစပါးကို ထည့်သွင်း မထားကုန်။ အိုးတို့၌လည်းကောင်း၊ခြင်းတောင်းတို့၌လည်းကောင်း မသိုမှီးကုန်။ သူတစ်ပါးတို့ ချက်ပြုတ်၍ ပြီးသော ဆွမ်းကိုသာလျှင် ရှာမှီးကုန်၏၊ ကောင်းသော အကျင့်ရှိသော ရဟန်းတို့ သည် ရှာမှီးအပ်သော ထိုဆွမ်းတို့ဖြင့် မျှတကုန်၏။

ပညာရှိတို့သည် ကောင်းသောအတိုင်အပင်ဖြင့် တိုင်ပင်ခြင်း ရှိကုန်၏၊ ဆိတ်ဆိတ် နေခြင်းရှိကုန်သည်ဖြစ်၍ အညီအညွတ် ကျင့်ကြကုန်၏။ နတ်တို့အားမူကား အသုရာတို့နှင့် ဆန့်ကျင်ကြကုန်၏၊ များစွာသော သတ္တဝါတို့သည်လည်း (အချင်းချင်း) ဆန့်ကျင်ကြကုန်၏။

မာတလိ ဆန့်ကျင်ကုန်သော သူတို့အလယ်၌ ဆန့်ကျင်ခြင်း မရှိကုန်၊ လက်နက် ရှိကုန်သော သူတို့အလယ်၌ လက်နက်ကို စွန့်လွှတ်ပြီး ဖြစ်ကုန်၏၊ ဘဝယောနိ စသည်တို့ကို ယူခြင်းရှိကုန်သော သူတို့အလယ်၌ ဘဝယောနိ တစ်ခုခုကို ယူခြင်း မရှိကုန်၊ ထိုရဟန်းတို့ကို ငါသည် ရှိခိုး၏”ဟု မိန့်ဆို၏။

“သိကြားမင်း အရှင်သိကြားမင်းသည် အကြင်သူတို့ကို ရှိခိုး၏၊ ထိုသူတို့သည် လောက၌ မြတ်ကုန်သတတ်။ သိကြားမင်း (အရှင်သိကြားမင်းသည်) အကြင်သူတို့ကို ရှိခိုး၏၊ ထိုသူတို့ကို အကျွန်ုပ်သည်လည်း ရှိခိုးပါ၏”ဟု (ရွတ်ဆို၏)။

မဃလုလင်ဖြစ်ဖူးသော၊ သုဇာ၏ခင်ပွန်းဖြစ်သော၊ အကြီးအမှူးဖြစ်သော သိကြား မင်းသည် ဤစကားကို ဆိုပြီး၍ ရဟန်းသံဃာကို ရှိခိုးပြီးလျှင် ရထားထက်သို့ တက်စီးလေ၏။

ဒုတိယဝဂ် ပြီး၏။