သံယုတ္တနိကာယ်—၁၁

၃—တတိယဝဂ်

၁—ဆေတွာသုတ်

၂၆၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ် ပြီး၍့မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်၏၊ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရားအား ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—

“အဘယ်အရာကို ဖြတ်တောက်သော် ချမ်းသာစွာ နေရပါသနည်း၊ အဘယ် အရာကို ဖြတ်တောက်သော် မစိုးရိမ်ရပါသနည်း။ ဂေါတမအနွယ် ဖြစ်တော်မူသော မြတ်စွာဘုရား အဘယ်မည်သော တစ်ခုသော တရားကို ဖြတ်တောက်ခြင်းကို နှစ်သက်တော်မူပါသနည်း”ဟု (လျှောက်၏)။

“သိကြားမင်း အမျက်ထွက်ခြင်း ‘ဒေါသ’ကို ဖြတ်တောက်သော် ချမ်းသာစွာ နေရ၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’ကို ဖြတ်တောက်သော် မစိုးရိမ်ရ၊ အဆိပ်လျှင် အရင်း အမြစ်ရှိသော ချိုမြိန်ခြင်းလျှင် အဖျားရှိသော အမျက် ‘ဒေါသ’အား ဖြတ်တောက်ခြင်း ကို အရိယာတို့သည် ချီးမွမ်းကုန်၏၊ ထိုအမျက် ‘ဒေါသ’ကိုပင်လျှင် ဖြတ်တောက် သည် ရှိသော် မစိုးရိမ်ရ”ဟု (မိန့်တော်မူ၏)။