သံယုတ္တနိကာယ်—၁၁

၃—တတိယဝဂ်

၂—ဒုဗ္ဗဏ္ဏိယသုတ်

၂၆၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ပ။ ဤတရားစကားကို မိန့်တော်မူ၏ — ရဟန်းတို့ ရှေးကဖြစ်ဖူး သည်ကား ရုပ်ဆင်းမလှ ပုကွသော နတ်သားတစ်ယောက်သည် နတ်တို့အရှင် သိကြားမင်း၏ နေရာ၌ ထိုင်နေ၏၊ ရဟန်းတို့ ထိုအခါ၌ တာဝတိံသာနတ်တို့သည် “အချင်းတို့ အံ့ဖွယ်ဖြစ်စွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ရုပ်ဆင်းမလှ ပုကွသော ဤနတ်သည် နတ်တို့အရှင် သိကြားမင်း၏ နေရာ၌ ထိုင်နေဘိ၏”ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ ပြစ်တင်ပြောဆိုကုန်၏။ ရဟန်းတို့ တာဝတိံသာနတ်တို့ ကဲ့ရဲ့တိုင်း ရှုတ်ချတိုင်း အပြစ်ပြောဆိုတိုင်း ထိုနတ်သားသည် ပို၍ အဆင်းလှ၏၊ ပို၍ ရှုချင်ဖွယ်ရှိ၏၊ ပို၍ ကြည်ညိုဖွယ်ရှိ၏။

ရဟန်းတို့ ထိုအခါ တာဝတိံသာနတ်တို့သည် နတ်တို့အရှင် သိကြားမင်းထံသို့ ချဉ်းကပ်ကုန်၍ သိကြားမင်းအား ဤစကားကို လျှောက်ကြကုန်၏— “အရှင်သိကြားမင်း ရုပ်ဆင်းမလှ ပုကွသော နတ်သား တစ်ယောက်သည် နတ်တို့အရှင် သိကြားမင်း၏ နေရာ၌ ထိုင်နေ၏၊ အရှင်သိကြားမင်း ထိုသို့နေရာ၌ တာဝတိံသာနတ်တို့သည် ‘အချင်းတို့ အံ့ဖွယ်ဖြစ်စွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ရုပ်ဆင်း မလှ ပုကွသော ဤနတ်သားသည် နတ်တို့အရှင် သိကြားမင်း၏ နေရာ၌ ထိုင်နေဘိ၏’ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ ပြစ်တင်ပြောဆိုကုန်၏။ အရှင်သိကြားမင်း နတ်တို့ ကဲ့ရဲ့တိုင်း ရှုတ်ချတိုင်း အပြစ်ပြောဆို တိုင်း ထိုနတ်သားသည် ပို၍ အဆင်းလှ၏၊ ပို၍ ရှုချင်ဖွယ်ရှိ၏၊ ပို၍ ကြည်ညိုဖွယ်ရှိ၏”ဟု ဆိုကုန်၏။ အချင်းနတ်တို့ ထိုနတ်သည် ကောဓဘက္ခအမည်ရှိသော နတ်ဖြစ်လိမ့်မည် ထင်၏”ဟု ဆို၏။

ရဟန်းတို့ ထိုအခါ၌ နတ်တို့အရှင် သိကြားမင်းသည် ထိုကောဓဘက္ခနတ်သားထံသို့ ချဉ်းကပ်၍ ပခုံးတစ်ဖက်၌ အပေါ်ရုံကို စံပယ်တင်လျက် လက်ယာဒူးကို မြေ၌ ထောက်ကာ ထိုကောဓဘက္ခနတ်သား ထံသို့ လက်အုပ်ချီလျက် “အချင်း အကျွန်ုပ်သည် နတ်တို့အရှင် သိကြားမင်းတည်း၊ အချင်း အကျွန်ုပ်သည် နတ်တို့အရှင် သိကြားမင်းတည်း”ဟု သုံးကြိမ်တိုင် အမည်ကို ပြောကြား၏။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် အမည်ကို ပြောကြားတိုင်း ပြောကြားတိုင်း ထိုနတ်သည် ပို၍ အဆင်း မလှသည် ပို၍ အရုပ်ဆိုးသည် ပို၍ ပုကွသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏၊ ရဟန်းတို့ ထိုအခါ နတ်တို့ အရှင် သိကြားမင်းသည် မိမိနေရာ၌ ထိုင်၍ တာဝတိံသာနတ်တို့ကို ဆုံးမလိုရကား ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆို၏—

“ငါသည် ထိပါးလိုစိတ် မရှိ၊ အမျက်၏ အလိုသို့ လိုက်စေရန် မလွယ်ကူ၊ ငါသည် ကြာမြင့်စွာသော ကာလပတ်လုံး အမျက် မထွက်၊ ငါ၌ အမျက် ‘ဒေါသ’သည် မတည်။

ငါသည် အမျက် ‘ဒေါသ’ထွက်သောကြောင့် ကြမ်းတမ်းသော စကားကို မဆို၊ အကုသိုလ်တရားတို့ကို့မပြောကြားရာ၊ မိမိအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ မိမိကိုယ်ကို ကောင်းစွာ နှိမ်၏”ဟု (ရွတ်ဆို၏)။