သံယုတ္တနိကာယ်—၁၁

၃—တတိယဝဂ်

၃—သမ္ဗရိမာယာသုတ်

၂၆၉။ သာဝတ္ထိနိဒါန်း။ပ။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏ — ရဟန်းတို့ ရှေးကဖြစ်ဖူး သည်ကား ဝေပစိတ္တိအသုရိန်သည် ဆင်းရဲခြင်းသို့ ရောက်ကာ ပြင်းစွာ နာကျင်သည် ဖြစ်၍ အနာရောဂါ ရခဲ့လေ၏၊ ရဟန်းတို့ ထိုအခါ၌ နတ်တို့အရှင် သိကြားမင်းသည် ဝေပစိတ္တိအသုရိန်ထံသို့ သူနာမေးလို သည် ဖြစ်၍ ချဉ်းကပ်၏၊ ရဟန်းတို့ ဝေပစိတ္တိအသုရိန်သည် နတ်တို့အရှင် သိကြားမင်း လာသည်ကို အဝေးကပင်လျှင် မြင်၍ “သိကြားမင်း ငါ့ကို ဆေးကုပါလော့”ဟု ဤသို့ စကားကို ဆို၏၊ သမ္ဗရိအသုရာ၏ လှည့်စားမှုမာယာကို ငါ့အား သင်ဦးလော့ဟု (သိကြားမင်း) ဆို၏၊ အချင်းသိကြားမင်း အသုရာတို့ကို ငါ မေးမြန်းပြီးသည့်တိုင်အောင် ဆိုင်းငံ့ဦးလော့ဟု ဆို၏၊ ရဟန်းတို့ ထိုအချိန်၌ ဝေပစိတ္တိအသုရိန်သည် အသုရာတို့ကို “အချင်းအသုရာတို့ ငါသည် နတ်တို့အရှင် သိကြားမင်းအား သမ္ဗရိအသုရာ၏ လှည့်စားမှု မာယာကို သင်ပေးရအံ့လော”ဟု မေး၏၊ အချင်း ဝေပစိတ္တိအသုရိန် သင်သည် နတ်တို့အရှင် သိကြားမင်း အား သမ္ဗရိအသုရာ၏ လှည့်စားမှုမာယာကို မသင်ပေးလင့်ဟု ဆိုကုန်၏။ ရဟန်းတို့ ထိုအခါ ဝေပစိတ္တိ အသုရိန်သည် နတ်တို့အရှင် သိကြားမင်းအား ဂါထာဖြင့် ရွတ်ဆို ပြောကြား၏—

“သဒ္ဓါစသား များသော ဥစ္စာရှိသော၊ သုဇာ၏ ခင်ပွန်းဖြစ်သော၊ နတ်တို့၏ မင်းဖြစ်သော သိကြားမင်း (သိကြားမင်းသည်) သမ္ဗရိမည်သော အသုရာ၏ မာယာ ကို တတ်သည်ရှိသော် ‘သမ္ဗရိအသုရာကဲ့သို့’ အနှစ်တစ်ရာပတ်လုံး ကြမ်းကြုတ် သော ငရဲသို့ ရောက်ရာ၏”ဟု (ရွတ်ဆို ပြောကြား၏)။