သံယုတ္တနိကာယ်—၁၁

၃—တတိယဝဂ်

၄—အစ္စယသုတ်

၂၇ဝ။ သာဝတ္ထိနိဒါန်း။ပ။ ထိုအခါ ရဟန်းနှစ်ပါးတို့သည် ငြင်းခုံကြကုန်၏၊ ထိုရဟန်းနှစ်ပါးတို့တွင် ရဟန်းတစ်ပါးသည် အလွန်အကျူး ပြောဆို၏၊ ထိုအခါ ထိုအလွန်အကျူး ပြောဆိုမိသော ရဟန်းသည် ထိုရဟန်း၏ အထံ၌ အပြစ်ကို အပြစ်အလျောက် ပြောကြား၏၊ ထိုရဟန်းသည် သည်းမခံ။ ထိုအခါ များစွာ ကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ရဟန်းနှစ်ပါးသည် ငြင်းခုံကြကုန်၏၊ ထို ရဟန်းတို့တွင် ရဟန်းတစ်ပါးသည် အလွန်အကျူး ပြောဆိုပါ၏၊ အသျှင်ဘုရား ထိုအခါ ထိုအလွန်အကျူး ပြောဆိုမိသော ရဟန်းသည် ထိုရဟန်း၏ အထံ၌ အပြစ်ကို အပြစ်အလျောက် ပြောကြား၏၊ ထိုရဟန်းသည် သည်းမခံပါ”ဟု လျှောက်ကုန်၏။

ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အပြစ်အလျောက် အပြစ်ကို မမြင်သူ၊ အပြစ်ကို ပြောကြားသည်ရှိသော် တရားအလျောက် လက်မခံသူတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အပြစ်ကို အပြစ်အလျောက် မြင်သူ၊ အပြစ်ကို ပြောကြားသည် ရှိသော် တရားအလျောက် လက်ခံသူတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။

ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား နတ်တို့အရှင် သိကြားမင်းသည် သုဓမ္မာသဘင်၌ တာဝတိသာ နတ်တို့ကို ဆုံးမလိုသည် ဖြစ်၍ ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏—

“အမျက် ‘ဒေါသ’သည် သင်နတ်တို့၏ အလိုသို့ မလိုက်ပါစေလင့်၊ သင်နတ်တို့ အား အဆွေခင်ပွန်းတို့ဖြင့် မိတ်မပျက်စေလင့်၊ မကဲ့ရဲ့ထိုက်သူကို မကဲ့ရဲ့ကြကုန် လင့်၊ ကုန်းတိုက်စကားကို မဆိုကြကုန်လင့်၊ ထိုသို့မဟုတ်ခဲ့သော် အမျက် ‘ဒေါသ’ သည် လူယုတ်ကို ‘တောင်ကဲ့သို့’ လွှမ်းမိုး့နှိမ်နင်းနိုင်၏”ဟု (ရွတ်ဆို၏)။