သံယုတ္တနိကာယ်—၁၁

၃—တတိယဝဂ်

၅—အက္ကောဓသုတ်

၂၇၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား။ပ။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ “ရဟန်းတို့ ရှေးကဖြစ် ဖူးသည်ကား နတ်တို့အရှင် သိကြားမင်းသည် သုဓမ္မာသဘင်၌ တာဝတိံသာနတ်တို့ကို ဆုံးမလိုသည်ဖြစ်၍ ဤဂါထာကို ရွတ်ဆို၏—

“အချင်းနတ်တို့ သင်တို့အား အမျက် ‘ဒေါသ’ သည် မလွှမ်းမိုးစေလင့်၊ အမျက် ထွက်သူတို့အား ပြန်၍ အမျက်မထွက်ကုန်လင့်။ အမျက်မထွက်ခြင်းသည်လည်းကောင်း၊ မညှဉ်းဆဲခြင်းသည်လည်းကောင်း အရိယာတို့၏ အကျင့်တည်း။ ထိုသို့ မဟုတ်ခဲ့သော် အမျက် ‘ဒေါသ’ သည် လူယုတ်ကို ‘တောင်ကဲ့သို့’ လွှမ်းမိုး နှိမ်နင်းနိုင်၏”ဟု (ရွတ်ဆို၏)။

တတိယဝဂ် ပြီး၏။

သက္ကသံယုတ် ပြီး၏။

သဂါထာဝဂ္ဂသံယုတ် ပြီး၏။