သံယုတ္တနိကာယ်—၁၁

၁—ပဌမဝဂ်

၃—ဓဇဂ္ဂသုတ်

၂၄၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား နတ်နှင့် အသုရာတို့၏ စစ်သည် ပြင်ဆင်ခြင်းပြု စုရုံးမိပြီ၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို ခေါ်၍ မိန့်ဆို၏—

အချင်းတို့ စစ်မြေပြင်သို့ သွားကုန်သော နတ်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီး မွေးညင်းထခြင်း ဖြစ်ခဲ့မူ ထိုအခါ၌ ငါ၏ အလံတော်ကိုသာလျှင် ကြည့်ကြကုန်လော့။ အကြောင်းမူကား ငါ၏ အလံတော်ကို ကြည့်ကြကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်း သည် ပျောက်ကင်းလိမ့်မည်။

ငါ၏ အလံတော်ကို အကယ်၍ မကြည့်မိခဲ့ကြမူ ပဇာပတိနတ်မင်း၏ အလံတော်ကို ကြည့်ကြကုန် လော့။ အကြောင်းမူကား ပဇာပတိနတ်မင်း၏ အလံတော်ကို ကြည့်ကြကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ပျောက်ကင်းလိမ့်မည်။

ပဇာပတိနတ်မင်း၏ အလံတော်ကို အကယ်၍ မကြည့်မိခဲ့ကြမူ ဝရုဏနတ်မင်း၏ အလံတော်ကို ကြည့်ကြကုန်လော့။ အကြောင်းမူကား ဝရုဏနတ်မင်း၏ အလံတော်ကို ကြည့်ကြကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ပျောက်ကင်းလိမ့်မည်။

ဝရုဏနတ်မင်း၏ အလံတော်ကို အကယ်၍ မကြည့်မိခဲ့ကြမူ ဤသာနနတ်မင်း၏ အလံတော်ကို ကြည့်ကြကုန်လော့။ အကြောင်းမူကား ဤသာနနတ်မင်း၏ အလံတော်ကို ကြည့်ကြကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ပျောက်ကင်းလိမ့်မည်ဟု (မိန့်ဆို၏)။

ရဟန်းတို့ နတ်တို့အရှင် သိကြားမင်း၏ အလံတော်ကို ကြည့်ကုန်သော နတ်တို့အားလည်းကောင်း၊ ပဇာပတိနတ်မင်း၏ အလံတော်ကို ကြည့်ကုန်သော နတ်တို့အားလည်းကောင်း၊ ဝရုဏနတ်မင်း၏ အလံ တော်ကို ကြည့်ကုန်သော နတ်တို့အားလည်းကောင်း၊ ဤသာနနတ်မင်း၏ အလံတော်ကို ကြည့်ကုန်သော နတ်တို့အားလည်းကောင်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ပျောက်ကင်းသည် မူလည်း ရှိရာ၏၊ မပျောက်ကင်းသည်မူလည်း ရှိရာ၏။ ယင်းသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် တပ်မက်မှု ‘ရာဂ’ မကင်းသေး၊့အမျက်ထွက်မှု ‘ဒေါသ’ မကင်းသေး၊ တွေဝေမှု ‘မောဟ’ မကင်းသေးရကား ကြောက်တတ်သူ၊ ကိုယ်ခက်တရော်ရှိတတ်သူ၊ ထိတ် လန့်တတ်သူ၊ ပြေးတတ်သူ ဖြစ်သောကြောင့်တည်း။

ရဟန်းတို့ ငါသည်လည်း ဤသို့ ဆိုအံ့ — “ရဟန်းတို့ တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ဖြစ်စေ၊ ဆိတ် ငြိမ်ရာ၌ဖြစ်စေ နေကြကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် အကယ်၍ ဖြစ်ခဲ့မူ ထိုအခါ ငါ့ကိုသာလျှင် “ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော်အထူးကို ခံယူတော်မူထိုက် သော အကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’မည်တော်မူ၏၊ ကောင်းသော စကားကို ဆို တော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်း ကြောင့်လည်း ‘လောကဝိဒူ’မည်တော်မူ၏၊ ဆုံးမထိုက်သော သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ် တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ သစ္စာလေးပါးတရားတို့ကို သိတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်း ကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု အောက်မေ့ကြကုန်လော့။ အကြောင်းမူကား ရဟန်းတို့ ငါ့ကို အောက်မေ့ကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ပျောက် ကင်းလိမ့်မည်။

ငါ့ကို အကယ်၍ မအောင့်မေ့မိမူ တရားတော်ကို “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောကြားထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါ မလင့်အကျိုးပေးသော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော် ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု အောက်မေ့ကြကုန်လော့။ အကြောင်းမူကား ရဟန်းတို့ တရားတော်၏ ဂုဏ်ကို အောက်မေ့ကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ပျောက်ကင်းလိမ့်မည်။

တရားတော်ကို အကယ်၍ မအောင့်မေ့မိမူ သံဃာတော်ကို “မြတ်စွာဘုရား၏ တပည့်သား သံဃာ တော်သည် ကောင်းသောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့် မတ်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် မှန်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သောအကျင့် ရှိတော်မူပါပေ၏။ အစုံ အားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား သံဃာတော် သည် (အရပ်ဝေးမှ) ဆောင်ယူလာသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ခံရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ခံတော်မူထိုက်ပါပေ၏၊ တမလွန်အတွက် ရည်မျှော် လှူဒါန်းသော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်ပါပေ၏”ဟု အောက်မေ့ကြကုန်လော့။ အကြောင်းမူကား ရဟန်းတို့ သံဃာတော်၏ ဂုဏ်ကို အောက်မေ့ကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီး မွေးညင်းထခြင်းသည် ပျောက်ကင်းလိမ့်မည်။

ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ပူဇော်အထူးကို ခံယူတော်မူထိုက် သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည့်တပ်မက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’ ကင်းရကား မကြောက်သူ၊ မတုန်လှုပ်သူ၊ မထိတ်လန့်သူ၊ မပြေးတတ်သူ ဖြစ်သော ကြောင့်တည်းဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤစကားကို မိန့်တော်မူပြန်၏—

“ရဟန်းတို့ တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ဖြစ်စေ သင်တို့သည် မြတ်စွာဘုရားကို အောက်မေ့ကြကုန်လော့။ ထိုသို့ အောက်မေ့နိုင်ခဲ့မူ သင်တို့အား ကြောက်ခြင်းသည် မဖြစ်ရာ။

လောက၏ အကြီးဖြစ်သော၊ လူတို့ထက် မြတ်သော မြတ်စွာဘုရားကို အကယ်၍ မအောက်မေ့မိကုန်မူ ထွက်မြောက်ကြောင်းဖြစ်သော၊ ကောင်းစွာ ဟောတော်မူအပ် သော တရားတော်ကို အောက်မေ့ကြကုန်လော့။

ထွက်မြောက်ကြောင်းဖြစ်သော၊ ကောင်းစွာ ဟောတော်မူအပ်သော တရားတော်ကို အကယ်၍ မအောက်မေ့မိကုန်မူ ကောင်းမှု၏ စိုက်ပျိုးရာ အတုမဲ့ လယ်မြေဖြစ်သော သံဃာတော်ကို အောက်မေ့ကြကုန်လော့။

ရဟန်းတို့ ဤသို့ ဘုရား တရား သံဃာတော်ကို အောက်မေ့ကြကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်း မဖြစ်လတ္တံ့”ဟု (မိန့်တော်မူ၏)။