သံယုတ္တနိကာယ်—၁၁

၁—ပဌမဝဂ်

၄—ဝေပစိတ္တိသုတ်

၂၅ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား နတ်နှင့် အသုရာတို့၏ စစ်ပွဲသည် ရင်ဆိုင်မိဖူးပြီ၊ ရဟန်းတို့ ထိုအခါ ဝေပစိတ္တိအသုရိန်သည် အသုရာတို့ကို မိန့်ဆို၏— “အချင်းတို့ နတ်နှင့် အသုရာစစ်ပွဲသည် ရင်ဆိုင်မိသည် ရှိသော် အသုရာတို့ အောင်နိုင်၍ နတ်တို့ ရှုံးခဲ့ကုန်မူ နတ်တို့အရှင် သိကြားမင်းကို လည်ပင်းလျှင် ငါးခုမြောက်သော၁ အနှောင်အဖွဲ့တို့ဖြင့် ဖွဲ့၍ အသုရာနတ်ပြည် ငါ့ထံသို့ ဆောင်ခဲ့ကြကုန်လော့”ဟု (ဆို၏)၊ ရဟန်းတို့ စင်စစ် နတ်တို့အရှင် သိကြားမင်းသည်လည်း တာဝတိံသာ နတ်တို့ကို မိန့်ဆို၏၊ “အချင်းတို့ နတ်နှင့် အသုရာစစ်ပွဲသည် ရင်ဆိုင်မိသည်ရှိသော် နတ်တို့ အောင်နိုင်၍ အသုရာတို့ ရှုံးခဲ့ကုန်မူ ထိုဝေပစိတ္တိအသုရိန်ကို လည်ပင်းလျှင် ငါးခုမြောက်သော အနှောင်အဖွဲ့တို့ဖြင့် ဖွဲ့၍ သုဓမ္မာသဘင် ငါ့ထံသို့ ဆောင်ခဲ့ကြကုန်လော့”ဟု (ဆို၏)။

ရဟန်းတို့ ထိုစစ်ပွဲ၌ နတ်တို့ အောင်နိုင်ကုန်၍ အသုရာတို့ ရှုံးကုန်၏၊ ရဟန်းတို့ ထိုအခါ တာဝတိံသာနတ်တို့သည် ဝေပစိတ္တိအသုရိန်ကို လည်ပင်းလျှင် ငါးခုမြောက်သော အနှောင်အဖွဲ့တို့ဖြင့် ဖွဲ့၍ သုဓမ္မာသဘင် နတ်တို့အရှင် သိကြားမင်း၏ အထံသို့ ဆောင်လာကုန်၏၊ ရဟန်းတို့ ထိုအခါ လည်ပင်း လျှင် ငါးခုမြောက်သော အနှောင်အဖွဲ့တို့ဖြင့် နှောင်ဖွဲ့ထားသော ဝေပစိတ္တိအသုရိန်သည် သုဓမ္မာသဘင်သို့ ဝင်ကာထွက်ကာ နေသော နတ်တို့အရှင် သိကြားမင်းကို သူယုတ်မာတို့၏ ဥစ္စာဖြစ်ကုန်သော ကြမ်းတမ်း ကုန်သော စကားတို့ဖြင့် ဆဲရေး၏၊ ခြိမ်းခြောက်၏၊ ရဟန်းတို့ ထိုအခါ သိကြားမင်း၏ အကူအညီဖြစ်သည့် မာတလိနတ်သားသည် နတ်တို့အရှင် သိကြားမင်းကို ဂါထာတို့ဖြင့် ပြောဆို၏။

“မဃဝမည်သော သိကြားမင်း ဝေပစိတ္တိအသုရိန်၏ ကြမ်းတမ်းသော စကားကို ကိုယ်တိုင် ကြားရပါလျက် ကြောက်သောကြောင့် သည်းခံသလော၊ ခွန်အားနည်းခြင်း ကြောင့် သည်းခံသလော”ဟု (ပြောဆို၏)။

“အမောင်မာတလိ ငါသည် ဝေပစိတ္တိအသုရိန်အား ကြောက်ခြင်းကြောင့် သည်းခံ သည် မဟုတ်၊ ခွန်အားနည်းခြင်းကြောင့် သည်းခံသည် မဟုတ်။ ထိုစကား မှန်၏၊ အဘယ်သို့သော အကြောင်းကြောင့်ငါကဲ့သို့သော ပညာရှိသည် သူမိုက်နှင့် ဖက်ပြိုင် ရာအံ့နည်း”ဟု ဤသို့ ပြောဆို၏။

“သိကြားမင်း ထိုသူမိုက်အား အကယ်၍ မတားမြစ်သည် ဖြစ်ပါမူ သူမိုက်တို့ သည် လွန်စွာ ချွတ်ယွင်းပျက်စီးကုန်ရာ၏၊ ထို့ကြောင့် ပညာရှိသည် ပြင်းစွာသော ဒဏ်ဖြင့်သာ သူမိုက်ကို နှိပ်ကွပ်တားမြစ်ရာ၏”ဟု (ပြောဆို၏)။

“အမောင်မာတလိ အကြင်ပညာရှိသည် သူတစ်ပါး အမျက်ထွက်သည်ကို သိ၍ သတိနှင့် ပြည့်စုံလျက် ငြိမ်းအေး၏၊ ဤသို့ ငြိမ်းအေးခြင်းကိုသာလျှင် သူမိုက်အား တားမြစ်ခြင်းဟူ၍ ငါ မှတ်ယူ၏”ဟု ပြောဆို၏။

“သိကြားမင်း သည်းခံခြင်း၌ အပြစ်ကိုသာလျှင် အကျွန်ုပ် မြင်ပါ၏၊ မိုက်သော သူသည် ထိုသည်းခံသူကို ‘ဤသူသည် ငါ့အား ကြောက်ခြင်းကြောင့် သည်းခံ၏’ဟု အကြင်အခါ မှတ်ထင်အောက်မေ့၏၊ ထိုအခါ ပြေးသောနွားကို နွားအပေါင်းသည် လွန်စွာ လွှမ်းမိုးသကဲ့သို့ ထို့အတူ ပညာမဲ့သော သူသည် အလွန်လွှမ်းမိုး၏”ဟု (ပြောဆို၏)။

“အမောင်မာတလိ ‘ဤသူသည် ငါ့အား ကြောက်ခြင်းကြောင့် သည်းခံ၏’ဟု အကယ်၍ မှတ်ထင်အောက်မေ့သည်မူလည်းဖြစ်စေ၊ မမှတ်ထင် မအောက်မေ့သည်မူလည်းဖြစ်စေ အကျိုးတို့သည် မိမိအကျိုးလျှင် အမွန်အမြတ်ရှိကုန်၏၊ သည်းခံခြင်း ထက် လွန်ကဲသော တရားကား မရှိ။

အကြင်သူသည် စင်စစ် ခွန်အားရှိသူ ဖြစ်လျက် ခွန်အားနည်းသူအား သည်းခံ၏၊ ထိုသူ၏ သည်းခံခြင်းကိုသာ မြတ်သော သည်းခံခြင်းဟု ဆို ကုန်၏။ (မှန်၏)၊ ခွန်အားနည်းသူသည်ကား အမြဲ သည်းခံနေရ၏။

အကြင်သူ၌ လူမိုက်အားဟူသော အားသည် ရှိ၏၊ ထိုလူမိုက်၏ အားကို အားအစစ် မဟုတ်ဟု ဆိုကုန်၏၊ အကြင်သူသည် အားရှိလျက် တရားစောင့်သော သူအား တုံ့ပြန်ပြောဆိုမှု မရှိ၊ (ထိုသူ၏ အားကိုသာလျှင် အားအစစ်ဟု ဆိုကုန်၏)။

အကြင်သူသည် အမျက်ထွက်သူကို ပြန်၍ အမျက်ထွက်၏၊ ထိုသူအား သာလျှင် ထိုအမျက်ထွက်မှုကြောင့် အလွန်ယုတ်မာ၏၊ အမျက်ထွက်သူကို ပြန်၍ အမျက်မထွက် သူသည် အောင်နိုင်ခဲသော စစ်ပွဲကို အောင်၏။

အကြင်သူသည် သူတစ်ပါး အမျက်ထွက်သည်ကို သိပြီး၍ သတိနှင့် ပြည့်စုံလျက် ငြိမ်းအေး၏၊ ထိုသို့ ငြိမ်းအေးသူသည် မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အကျိုး စီးပွားကို ကျင့်သည် မည်၏။

အကြင်သူတို့သည် သူတော်ကောင်းတရား၌ မလိမ္မာကုန်၊ ထိုသူတို့သည် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးကို ပြီးစေသူကို သူမိုက်”ဟူ၍ အောက်မေ့ မှတ်ထင်ကုန်၏။

“ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းပင် ဖြစ်လျက်လည်း မိမိ ကောင်းမှု၏ အကျိုးကို မှီ၍ အသက်မွေးကာ တာဝတိံသာဘုံ၌ ဖြစ်သော နတ်တို့ကို အစိုးရသော အကြီးအမှူး ဖြစ်သော မင်းပင် ဖြစ်လျက် သည်းခံခြင်းတရား၌ မွေ့လျော်ခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိဘိသေး၏၊ ရဟန်းတို့ သင်တို့ သည် ဤသို့ ကောင်းစွာ ဟောကြားထားသော ဤသာသနာတော်၌ ရဟန်းပြုသူတို့ ဖြစ်ကုန်ရကား သည်းခံနိုင်ကုန် , တရား၌ မွေ့လျော်နိုင်ကုန်သည် ဖြစ်ကုန်လော့၊ တင့်တယ်စေကုန်လော့”ဟု (မိန့်တော်မူ၏)။

၁။ လက်နှစ်ဖက် ခြေနှစ်ဖက်နှင့် လည်ပင်းကို တုပ်နှောင်ခြင်း