သံယုတ္တနိကာယ်—၁၁

၁—ပဌမဝဂ်

၅—သုဘာသိတဇယသုတ်

၂၅၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား နတ်နှင့် အသုရာတို့၏ စစ်ပွဲသည် ရင်ဆိုင်မိဖူးပြီ၊ ရဟန်းတို့ ထိုအခါ၌ ဝေပစိတ္တိအသုရိန်သည် နတ်တို့အရှင် သိကြားမင်းအား့ “နတ်တို့အရှင် သိကြားမင်း ကောင်းစွာ ဆိုအပ်သောစကားဖြင့် အောင်ခြင်းသည် ဖြစ်လော့”ဟု ဆို၏၊ ဝေပစိတ္တိ “ကောင်း စွာ ဆိုအပ်သော စကားဖြင့် အောင်ခြင်းသည် ဖြစ်လော့”ဟု သိကြားမင်းက ဆို၏၊ ရဟန်းတို့ ထိုအခါ နတ်တို့သည်လည်းကောင်း၊ အသုရာတို့သည်လည်းကောင်း အလုပ်အကျွေးနတ်တို့ကို “ဤနတ်တို့သည် ငါတို့၏ ကောင်းစွာ ဆိုအပ်သော စကားကိုလည်းကောင်း၊ မကောင်းသဖြင့် ဆိုအပ်သော စကားကိုလည်းကောင်း သိနိုင်ကုန်လိမ့်မည်”ဟု သက်သေထားကြကုန်၏၊ ရဟန်းတို့ ထိုအခါ ဝေပစိတ္တိအသုရိန်သည် နတ်တို့အရှင် သိကြားမင်းအား “နတ်တို့အရှင် သိကြားမင်း ဂါထာကို ဆိုလော့”ဟု ပြော၏၊ ရဟန်းတို့ ဤသို့ပြောသည်ရှိသော် နတ်တို့အရှင် သိကြားမင်းသည် ဝေပစိတ္တိအသုရိန်ကို “ဤတာဝတိံသာနတ်ပြည်၌ သင်တို့သည်သာလျှင် ရှေးဦးနတ် ဖြစ်ကုန်၏၊ ဝေပစိတ္တိအသုရိန် ဂါထာကို ရွတ်ဆိုလော့”ဟု ဤစကားကို ဆို၏၊ ရဟန်းတို့ ဤသို့ ဆိုသည်ရှိသော် ဝေပစိတ္တိအသုရိန်သည် ဤဂါထာကို ရွတ်ဆို၏—

“သိကြားမင်း ထိုသူမိုက်အား အကယ်၍ မတားမြစ်သည် ဖြစ်ပါမူ သူမိုက်တို့ သည် လွန်စွာ ချွတ်ယွင်းပျက်စီးကုန်ရာ၏၊ ထို့ကြောင့် ပညာရှိသည် ပြင်းစွာသော ဒဏ်ဖြင့်သာ သူမိုက်ကို နှိပ်ကွပ်တားမြစ်ရာ၏”ဟု (ရွတ်ဆို၏)။

ရဟန်းတို့ ဝေပစိတ္တိအသုရိန်သည် ဤဂါထာကို ရွတ်ဆိုသည်ရှိသော် အသုရာတို့ ဝမ်းမြောက်ကုန်၏၊ နတ်တို့ ဆိတ်ဆိတ် ဖြစ်ကုန်၏၊ ရဟန်းတို့ ထိုအခါ၌ ဝေပစိတ္တိအသုရိန်သည် နတ်တို့အရှင် သိကြားမင်း အား “သိကြားမင်း ဂါထာကို ရွတ်ဆိုလော့”ဟု ဤစကားကို ဆို၏၊ ရဟန်းတို့ ဤသို့ ဆိုသည်ရှိသော် နတ်တို့အရှင် သိကြားမင်းသည် ဤဂါထာကို ရွတ်ဆို၏—

“ဝေပစိတ္တိအသုရိန် အကြင်ပညာရှိသည် သူတစ်ပါး အမျက်ထွက်သည်ကို သိပြီး၍ သတိနှင့် ပြည့်စုံလျက် ငြိမ်းအေး၏၊ ထိုသူ၏ ဤသို့ ငြိမ်းအေးခြင်းကိုသာလျှင် သူမိုက်အား တားမြစ်နိုင်၏ဟု ငါ အောက်မေ့၏”ဟု (ရွတ်ဆို၏)။

ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ဤဂါထာကို ရွတ်ဆိုသည်ရှိသော် နတ်တို့ ဝမ်းမြောက် ကုန်၏၊ အသုရာတို့ ဆိတ်ဆိတ် ဖြစ်ကုန်၏၊ ရဟန်းတို့ ထိုအခါ၌ နတ်တို့အရှင် သိကြားမင်းသည် ဝေပစိတ္တိအသုရိန်အား “ဝေပစိတ္တိ ဂါထာကို ရွတ်ဆိုလော့”ဟု ဤစကားကို ဆို၏၊ ရဟန်းတို့ ဤသို့ ဆိုသည်ရှိသော် ဝေပစိတ္တိအသုရိန်သည် ဤဂါထာကို ရွတ်ဆို၏—

“သိကြားမင်း အကြင်အခါ မိုက်သော သူသည် ထိုသည်းခံသောသူကို ‘ဤသူကား ငါ့အား ကြောက်သောကြောင့် သည်းခံ၏’ဟု အောက်မေ့မှတ်ထင်၏၊ ထိုအခါ ပြေး သော နွားကို နွားအပေါင်းသည် လွန်စွာလွှမ်းမိုးသကဲ့သို့ ထို့အတူ ပညာမဲ့သူသည် အလွန်လွှမ်းမိုး၏ဟု သည်းခံခြင်း၌ ဤအပြစ်ကိုသာလျှင် ငါ မြင်၏”ဟု (ရွတ်ဆို၏)။

ရဟန်းတို့ ဝေပစိတ္တိအသုရိန်သည် ဤဂါထာကို ရွတ်ဆိုသည်ရှိသော် အသုရာတို့ ဝမ်းမြောက်ကုန်၏၊ နတ်တို့ ဆိတ်ဆိတ် ဖြစ်ကုန်၏၊ ရဟန်းတို့ ထိုအခါ၌ ဝေပစိတ္တိအသုရိန်သည် နတ်တို့အရှင် သိကြား မင်းအား “သိကြားမင်း ဂါထာကို ရွတ်ဆိုလော့”ဟု ဤစကားကို ဆို၏၊ ရဟန်းတို့ ဤသို့ ဆိုသည် ရှိသော် နတ်တို့အရှင် သိကြားမင်းသည် ဤဂါထာတို့ကို ရွတ်ဆို၏—

“ဝေပစိတ္တိအသုရိန် ဤသူကား ငါ့အား ကြောက်သောကြောင့် သည်းခံ၏ဟု အကယ်၍ မှတ်ထင် အောက်မေ့သည်မူလည်းဖြစ်စေ၊ မမှတ်ထင် မအောက်မေ့သည်မူလည်းဖြစ်စေ အကျိုးတို့သည် မိမိအကျိုးလျှင် အမွန်အမြတ်ရှိကုန်၏၊ သည်းခံခြင်း ထက် လွန်ကဲသော တရားကား မရှိ။

အကြင်သူသည် စင်စစ် ခွန်အားရှိသူ ဖြစ်လျက် ခွန်အားနည်းသူအား သည်းခံ၏၊ ထိုသူ၏ သည်းခံခြင်းကိုသာ မြတ်သော သည်းခံခြင်းဟု ဆိုကုန်၏၊ ခွန်အားနည်းသူ သည်ကား အမြဲ သည်းခံနေရ၏။

အကြင်သူ၌ လူမိုက်၏ အားဟူသော အားသည် ရှိ၏၊ ထိုလူမိုက်၏ အားကို အားအစစ် မဟုတ်ဟု ပညာရှိတို့ ဆိုကုန်၏၊ အကြင်သူသည် အားရှိလျက် တရား စောင့်သော သူအား တုံ့ပြန်ပြောဆိုမှု မရှိ၊ (ထိုသူ၏ အားကိုသာလျှင် အားအစစ်ဟု ဆိုကုန်၏)။

အကြင်သူသည် အမျက်ထွက်သူကို ပြန်၍ အမျက်ထွက်၏၊ ထိုသူအားသာလျှင် ထိုအမျက်ထွက်မှုကြောင့် အလွန် ယုတ်မာ၏၊ အမျက်ထွက်သူကို ပြန်၍ အမျက် မထွက်သူသည် အောင်နိုင်ခဲသော စစ်ပွဲကို အောင်နိုင်၏။

အကြင်သူသည် သူတစ်ပါး အမျက်ထွက်သည်ကို သိ၍ သတိနှင့် ပြည့်စုံလျက် ငြိမ်းအေး၏၊ ထိုသူသည် မိမိသူတစ်ပါးနှစ်ဦးသားတို့၏ အကျိုးစီးပွားကို ကျင့်သည် မည်၏။

အကြင်သူတို့သည် တရား၌ မလိမ္မာကုန်၊ ထိုသူတို့သည် မိမိသူတစ်ပါး နှစ်ဦး သားတို့၏ အကျိုးကို ပြီးစေသူကို သူမိုက်ဟူ၍ အောက်မေ့မှတ်ထင်ကုန်၏”ဟု ရွတ်ဆို၏။

ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ဤဂါထာတို့ကို ရွတ်ဆိုသည်ရှိသော် နတ်တို့ ဝမ်း မြောက်ကုန်၏၊ အသုရာတို့ ဆိတ်ဆိတ် ဖြစ်ကုန်၏။ ရဟန်းတို့ ထိုအခါ နတ်တို့၏လည်းကောင်း၊ အသုရာတို့၏လည်းကောင်း အလုပ်အကျွေး (ပရိသတ်)တို့သည် ဤစကားကို ဆိုကုန်၏— “ဝေပစိတ္တိအသုရိန် ရွတ်ဆို သော ဂါထာတို့သည် ဒဏ်နှင့်တကွ ဖြစ်ကုန်၏၊ လက်နက်နှင့်တကွ ဖြစ်ကုန်၏၊ ဤသို့ ငြင်းခုံခြင်းရှိ၏၊ ဤသို့ ခိုက်ရန်ရှိ၏၊ လက်ရောက်ကျူးလွန်ခြင်း ရှိ၏၊ နတ်တို့အရှင် သိကြားမင်း ရွတ်ဆိုသော ဂါထာတို့ သည်ကား ဒဏ်နှင့်တကွ မဖြစ်ကုန်၊ လက်နက်နှင့်တကွ မဖြစ်ကုန်၊ ဤသို့ ငြင်းခုံခြင်း မရှိ၊ ဤသို့ ခိုက်ရန် မရှိ၊ ဤသို့ လက်ရောက်ကျူးလွန်ခြင်း မရှိ၊ နတ်တို့အရှင် သိကြားမင်းသည် ကောင်းစွာ ဆိုအပ်သော ကြောင့် အောင်နိုင်၏ဟု ဆိုကုန်၏၊ ရဟန်းတို့ ဤသို့လျှင် နတ်တို့အရှင် သိကြားမင်းအား ကောင်းစွာ ဆိုအပ်သော စကားကြောင့် အောင်နိုင်ခြင်း ဖြစ်ဖူးပြီ”ဟု (မိန့်တော်မူ၏)။