သံယုတ္တနိကာယ်—၁၁

၁—ပဌမဝဂ်

၆—ကုလာဝကသုတ်

၂၅၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား နတ်နှင့် အသုရာတို့၏ စစ်ပွဲသည် ရင်ဆိုင်မိဖူးပြီ၊ ရဟန်းတို့ ထိုစစ်ပွဲ၌ အသုရာတို့ အောင်၍ နတ်တို့ ရှုံးကုန်၏၊ ရဟန်းတို့ နတ်တို့သည် ရှုံးကုန်သည် ဖြစ်၍သာလျှင် မြောက်အရပ်သို့ လှည့်၍ ပြေးကုန်ရကား အသုရာတို့သည် ထိုနတ်တို့ကို ရှေးရှု လိုက်ကုန်သည်သာလျှင်တည်း၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် အကူအညီ ဖြစ်သည့် မာတလိနတ်သားအား ဂါထာဖြင့် ရွတ်ဆို၏—

“မာတလိ လက်ပံတော၌ (ဂဠုန်ငှက်တို့၏) အသိုက်တို့ ရှိကုန်၏၊ ထိုအသိုက်တို့ကို ရထားဦးမှ ရှောင်လွှဲပါလော့၊ ငါတို့သည် အသုရာတို့၌ အသက်ကို စွန့်ကြရ စေကာမူ ဤ (ဂဠုန်) ငှက်တို့သည် အသိုက်မှ ကင်းကုန်သည် မဖြစ်စေကုန်လင့်”ဟု (ရွတ်ဆို၏)။

“အရှင်သိကြားမင်း ကောင်းပါပြီ”ဟု အကူအညီဖြစ်သည့် မာတလိနတ်သားသည် နတ်တို့အရှင် သိကြားမင်းအား ဝန်ခံ၍ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို တစ်ဖန် ပြန်လှည့်စေ၏၊ ရဟန်းတို့ ထိုရထားဦး ပြန်လှည့်သောအခါ၌ အသုရာတို့အား ဤသို့သော အကြံသည် ဖြစ်၏ — “ယခုအခါ နတ်တို့အရှင် သိကြားမင်း၏ အာဇာနည်မြင်းတစ်ထောင် ကသော ရထားသည် တစ်ဖန် ပြန်လှည့်လာ၏၊ နှစ်ကြိမ်မြောက်လည်း နတ်တို့သည် အသုရာတို့နှင့် စစ်ထိုးကြကုန်လိမ့်မည်”ဟု ကြောက်ကုန်သည် ဖြစ်၍ အသုရာပြည်သို့သာလျှင် ပြေးဝင်ကြကုန်၏၊ ရဟန်းတို့ ဤသို့လျှင် နတ်တို့အရှင် သိကြားမင်းအား တရား သဖြင့် အောင်ခြင်းသည် ဖြစ်ခဲ့ဖူး၏ဟု (မိန့်တော်မူ၏)။