သံယုတ္တနိကာယ်—၁၁

၁—ပဌမဝဂ်

၇—န ဒုဗ္ဘိယသုတ်

၂၅၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား ဆိတ်ငြိမ်ရာအရပ်သို့ ကပ်လျက် တစ် ယောက်တည်း ကိန်းအောင်းနေသော နတ်တို့အရှင် သိကြားမင်းအား “အကြင်သူသည် ငါ၏ ရန်သူ ဖြစ် ငြားအံ့၊ ထိုသူအားလည်း ငါ မပြစ်မှားတော့အံ့”ဟု အကြံ ဖြစ်၏၊ ရဟန်းတို့ ထိုအခါ၌ ဝေပစိတ္တိအသုရိန် သည် နတ်တို့အရှင် သိကြားမင်း၏ စိတ်အကြံကို မိမိ၏ စိတ်ဖြင့် သိ၍ နတ်တို့အရှင် သိကြားမင်းထံသို့ ချဉ်းကပ်လေ၏၊ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် လာနေသော ဝေပစိတ္တိအသုရိန်ကို အဝေးမှပင် မြင်သောကြောင့် ဝေပစိတ္တိအသုရိန်အား “ဝေပစိတ္တိ ရပ်လော့၊ ငါသည် သင့်ကို ဖမ်းအပ်ပြီ”ဟု ဆို၏။

“အချင်း သိကြားနတ်မင်း သင့်အား ရှေး၌ ရန်ငြိုးဖွဲ့သော စိတ်သည် ရှိခဲ့၏၊ ထိုစိတ်ကို သင် မစွန့်သေး”ဟု ဆို၏၊ “ဝေပစိတ္တိ ငါ၌ မပြစ်မှားစိမ့်သောငှါ ကျိန်စာ ဆိုပါလော့”ဟု (သိကြားမင်းက) ဆို၏။

“သိကြားမင်း အကြင်သူသည် သင့်အား ပြစ်မှားအံ့၊ ချွတ်ယွင်းသော စကားကို ပြောဆိုသူ၏ မကောင်းမှုမျိုးသည်လည်းကောင်း၊ အရိယာကို စွပ်စွဲသော သူ၏ မကောင်းမှုမျိုးသည်လည်းကောင်း၊ အဆွေခင်ပွန်းကို ပြစ်မှားသောသူ၏ မကောင်းမှု မျိုးသည်လည်းကောင်း၊ သူ့ကျေးဇူးကို မသိတတ်သော သူ၏ မကောင်းမှုမျိုးသည်လည်းကောင်း ထိုသူအား တွေ့စေသတည်း”ဟု ဤသို့ ကျိန်စာဆို၏။