သံယုတ္တနိကာယ်—၁၁

၁—ပဌမဝဂ်

၈—ဝေရောစနအသုရိန္ဒသုတ်

၂၅၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် နေ့သန့်စင်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းတော်မူ၏၊ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည်လည်းကောင်း၊ ဝေရောစနအသုရိန်သည်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်ပြီးလျှင် အသီးသီး တံခါးပေါင်ကို မှီ၍ ရပ်တည်ကြကုန်၏၊ ထိုအခါ ဝေရောစနအသုရိန်သည် မြတ်စွာဘုရား၏ အထံ၌ ဤဂါထာကို ရွတ်ဆို လျှောက်ထား၏—

“ယောကျာ်းသည် အကျိုးကိစ္စ ပြီးသည်တိုင်အောင် အားထုတ်အပ်သည်သာလျှင် တည်း၊ အကျိုးကိစ္စသည် ပြီးမြောက်မှသာလျှင် တင့်တယ်၏၊ ဤစကားသည် ဝေရောစနအသုရိန်၏ စကားတည်း”ဟု (လျှောက်ဆို၏)။

ယောကျာ်းသည် အကျိုးကိစ္စ ပြီးသည်တိုင်အောင် အားထုတ်အပ်သည်သာလျှင် တည်း၊ အကျိုးကိစ္စသည် ပြီးမြောက်မှသာလျှင် တင့်တယ်၏၊ သည်းခံခြင်းထက် လွန်ကဲသော တရားကား မရှိ၊ ဤစကားသည် သိကြားမင်း၏ စကားတည်း။

အလုံးစုံသော သတ္တဝါတို့သည် ထိုထိုအရပ်၌ ထိုက်သည်အားလျော်စွာ အကျိုး ကိစ္စ ဖြစ်ကုန်၏၊ အလုံးစုံသော သတ္တဝါတို့အား သုံးဆောင်ဖွယ် ဝတ္ထုတို့သည် ကောင်းစွာ စီရင်ရခြင်းလျှင် အမွန်အမြတ်ရှိကုန်၏၊ အကျိုးကိစ္စသည် ပြီးမြောက်မှ သာလျှင် တင့်တယ်၏၊ ဤစကားသည် ဝေရောစနအသုရိန်၏ စကားတည်း။

အလုံးစုံသော သတ္တဝါတို့သည် ထိုထိုအရပ်၌ ထိုက်သည်အားလျော်စွာ အကျိုး ကိစ္စ ဖြစ်ကုန်၏၊ အလုံးစုံသော သတ္တဝါတို့အား သုံးဆောင်ဖွယ် ဝတ္ထုတို့သည် ကောင်းစွာ စီရင်ရခြင်းလျှင် အမွန်အမြတ်ရှိကုန်၏၊ အကျိုးကိစ္စသည် ပြီးမြောက်မှ သာလျှင် တင့်တယ်၏၊ သည်းခံခြင်းထက် လွန်ကဲသော တရားကား မရှိ၊ ဤစကား သည် သိကြားမင်း၏ စကားတည်း။