သံယုတ္တနိကာယ်—၁၁

၁—ပဌမဝဂ်

၉—အရညာယတနဣသိသုတ်

၂၅၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား သီလရှိကုန် ကောင်းသောသဘောရှိကုန် သော များစွာသော ရသေ့တို့သည် တောအရပ် သစ်ရွက်မိုးကုဋိတို့၌ ငြိမ်းချမ်းစွာ နေကုန်၏၊ ရဟန်းတို့ထိုအခါ နတ်တို့အရှင် သိကြားမင်းသည်လည်းကောင်း၊ ဝေပစိတ္တိအသုရိန်သည်လည်းကောင်း သီလရှိကုန် ကောင်းသော သဘောရှိကုန်သော များစွာသော ထိုရသေ့တို့သို့ ချဉ်းကပ်ကြကုန်၏၊ ရဟန်းတို့ ထိုအခါ၌ ဝေပစိတ္တိအသုရိန်သည် အထပ်များသော ဖိနပ်တို့ကို စီး၍ သန်လျက်ကို လွယ်ကာ ထီးကို ဆောင်းလျက် တံခါးဦးဖြင့်သာ သင်္ခမ်းကျောင်းသို့ ဝင်၍ သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ထိုရသေ့တို့ကို မကိုင်းမညွတ် ပြုလျက် သွား၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် အထပ်များသော ဖိနပ်တို့ကို ချွတ်၍ သန်လျက်ကို သူတစ်ပါးတို့အား ပေး၍ ထီးကို ပိတ်ကာ တံခါးဦးဖြင့်သာလျှင် သင်္ခမ်း ကျောင်းသို့ ဝင်၍ သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ထိုရသေ့တို့ကို လေအောက်မှ လက်အုပ် ချီလျက် ရှိခိုး၍ ရပ်၏၊ ရဟန်းတို့ ထိုအခါ၌ သီလရှိကုန် ကောင်းသော သဘောရှိကုန်သော ထိုရသေ့တို့ သည် နတ်တို့အရှင် သိကြားမင်းကို ဂါထာဖြင့် ရွတ်ဆိုကုန်၏—

“မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားမင်း ရှည်မြင့်စွာ ဆောက်တည် အပ်သော အကျင့်ရှိကုန်သော ရသေ့တို့၏ အနံ့သည် ကိုယ်မှ လေကြောင့် လွင့်၍ သွား၏၊ ဤအရပ်မှ ဖဲလေလော့၊ သိကြားမင်း ရသေ့တို့၏ အနံ့သည် မစင်ကြယ်”ဟု (ရွတ်ဆိုကုန်၏)။

“အသျှင်ဘုရားတို့ ရှည်မြင့်စွာ ဆောက်တည်အပ်သော အကျင့်ရှိကုန်သော ရသေ့တို့၏ အနံ့သည် ကိုယ်မှ လေကြောင့် လွင့်၍ သွားပါစေ၊ ‘အလွန်ဆန်းကြယ်သော အပွင့်ရှိသော အနံ့နှင့် ပြည့်စုံသောပန်းကို ဦးခေါင်း၌ (ပန်ဆင်ရန်) အလိုရှိသကဲ့သို့’ ဤအသျှင်ဘုရားတို့၏ အနံ့ကို အလိုရှိပါကုန်၏။ ထိုစကား မှန်ပါ၏၊ ဤ (သီလ ရှိကုန်သော သူတို့၏) အနံ့၌ နတ်တို့သည် စက်ဆုပ်ဖွယ် မထင်မှတ်ပါကုန်”ဟု (လျှောက်၏)။