သံယုတ္တနိကာယ်—၁၂
၁—ဗုဒ္ဓဝဂ်
၁—ပဋိစ္စသမုပ္ပါဒသုတ်
၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ — “ရဟန်းတို့ အကြောင်းကြောင့် ဖြစ်သော ‘ပဋိစ္စသမုပ္ပါဒ်’တရားကို သင်တို့အား ဟောကြားအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားအံ့”ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ အသျှင် ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားစကားကို မိန့်တော်မူ၏—
ရဟန်းတို့ အကြောင်းကြောင့် ဖြစ်သော ‘ပဋိစ္စသမုပ္ပါဒ်’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ရကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်ရ၏၊ သိမှု ‘ဝိညာဏ်’ အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်ရ၏၊ နာမ်ရုပ် အကြောင်းခံ ကြောင့် တည်ရာ ‘အာယတန’ခြောက်ပါး ဖြစ်ရ၏၊ အာယတနခြောက်ပါး အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်ရ၏၊ တွေ့ထိမှု ‘ဖဿ’ အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်ရ၏၊ ခံစားမှု ‘ဝေဒနာ’ အ ကြောင်းခံကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ရ၏၊ တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်ရ၏၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ အကြောင်းခံကြောင့် ဘဝ ဖြစ်ရ၏၊ ဘဝ့အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်ရ၏၊ ဇာတိ အကြောင်းခံကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ ဆင်းရဲမှု ‘ဒုက္ခ’၊ နှလုံးမသာမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့ ဖြစ်ကြရ ကုန်၏။ ဤသို့လျှင် အလုံးစုံသော ထိုဆင်းရဲအစု ဖြစ်ပွား၏။ ရဟန်းတို့ ဤတရားကို ပဋိစ္စသမုပ္ပါဒ်ဟု ဆိုအပ်၏။
မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ရ၏၊ ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်ရ၏၊ သိမှု ‘ဝိညာဏ်’ ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်ရ၏၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် တည်ရာ ‘အာယတန’ခြောက်ပါး ချုပ်ရ၏၊ တည်ရာ ‘အာယတန’ခြောက်ပါး ချုပ်ခြင်းကြောင့် တွေ့ထိမှု ‘ဖဿ’ ချုပ်ရ၏၊ တွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ချုပ်ရ၏၊ ခံစားမှု ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်ရ၏၊ တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် ပြင်း စွာ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ရ၏၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဘဝ ချုပ်ရ၏၊ ဘဝ ချုပ်ခြင်း ကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်ရ၏၊ ဇာတိ ချုပ်ခြင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ ဆင်းရဲမှု ‘ဒုက္ခ’၊ နှလုံးမသာမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့ သည် ချုပ်ကြရကုန်၏၊ ဤသို့လျှင် အလုံးစုံသော ထိုဆင်းရဲအစု၏ ချုပ်ပျောက်ခြင်း ဖြစ်၏ဟု ဤတရား တော်ကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူအပ် သော တရားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်ကုန်၏။
ပဌမသုတ်။