သံယုတ္တနိကာယ်—၁၂

၂—အာဟာရဝဂ်

၈—တိမ္ဗရုကသုတ်

၁၈။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ တိမ္ဗရုကပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးသော် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော တိမ္ဗရုကပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

“အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်ပါသလော”ဟု လျှောက်ထား၏၊ “တိမ္ဗရုက ဤသို့ မဆိုလင့်”ဟု မြတ်စွာဘုရား မိန့်တော်မူ၏။ အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို သူတစ်ပါး ပြုအပ်ပါသလောဟု လျှောက်ပြန်၏၊ “တိမ္ဗရုက ဤသို့ မဆိုလင့်”ဟု မြတ်စွာဘုရား မိန့်တော်မူ၏။ အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်၊ သူတစ်ပါးလည်း ပြုအပ်ပါသလောဟု လျှောက်ပြန်၏၊ “တိမ္ဗရုက ဤသို့ မဆိုလင့်”ဟု မြတ်စွာဘုရား မိန့်တော်မူ၏။ အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်သည် မဟုတ်၊ သူတစ်ပါးလည်း ပြုအပ်သည် မဟုတ်၊ အကြောင်းမဲ့ ဖြစ်ပါသလောဟု လျှောက်ပြန်၏၊ “တိမ္ဗရုက ဤသို့ မဆိုလင့်”ဟု မြတ်စွာဘုရား မိန့်တော်မူ၏။ “အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲသည် မရှိပါ သလော”ဟု လျှောက်ပြန်၏၊ တိမ္ဗရုက ချမ်းသာဆင်းရဲသည် မရှိသည် မဟုတ်၊ တိမ္ဗရုက ချမ်းသာဆင်းရဲ သည် ရှိသည်သာတည်းဟု မိန့်တော်မူ၏။ သို့ဖြစ်လျှင် အသျှင်ဂေါတမသည် ချမ်းသာဆင်းရဲကို မသိပါ သလော၊ မမြင်ပါသလောဟု လျှောက်ပြန်၏၊ တိမ္ဗရုက ငါဘုရားသည် ချမ်းသာဆင်းရဲကို မသိသည် မဟုတ်၊ မမြင်သည် မဟုတ်၊ တိမ္ဗရုက ငါဘုရားသည် ချမ်းသာ ဆင်းရဲကို သိ၏၊ ချမ်းသာဆင်းရဲကို မြင်၏ဟု မိန့်တော်မူ၏။

“အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်ပါသလော”ဟု ဤသို့ မေး အပ်သည်ရှိသော် “တိမ္ဗရုက ဤသို့ မဆိုလင့်”ဟု မိန့်တော်မူဘိ၏။ “အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို သူတစ်ပါး ပြုအပ်ပါသလော”ဟု မေးအပ်သည်ရှိသော် “တိမ္ဗရုက ဤသို့ မဆိုလင့်”ဟု မိန့်တော်မူဘိ၏။ “အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ် သူတစ်ပါးလည်း ပြုအပ်ပါသလော”ဟု မေးသည်ရှိသော် “တိမ္ဗရုက ဤသို့ မဆိုလင့်”ဟု မိန့်တော်မူဘိ၏။ “အသျှင် ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်သည် မဟုတ်၊ သူတစ်ပါးလည်း ပြု အပ်သည် မဟုတ်၊ အကြောင်းမဲ့ ဖြစ်ပါသလော”ဟု မေးလျှောက်သည်ရှိသော် “တိမ္ဗရုက ဤသို့ မဆိုလင့်”ဟု မိန့်တော်မူဘိ၏၊ “အသျှင်ဂေါတမ အသို့ပါနည်း၊ ချမ်းသာဆင်းရဲသည် မရှိပါသလော”ဟု မေးလျှောက် သည်ရှိသော် “တိမ္ဗရုက ချမ်းသာဆင်းရဲသည် မရှိသည် မဟုတ်၊ တိမ္ဗရုက့ချမ်းသာဆင်းရဲသည် ရှိ၏”ဟု မိန့်ဆိုတော်မူဘိ၏။ သို့ဖြစ်လျှင် အသျှင်ဂေါတမသည် ချမ်းသာဆင်းရဲကို မသိ မမြင်ပါသလော”ဟု ဤသို့ မေးလျှောက်သည်ရှိသော် “တိမ္ဗရုက စင်စစ် ငါဘုရားသည် ချမ်းသာဆင်းရဲကို မသိသည် မဟုတ်၊ မမြင် သည် မဟုတ်၊ တိမ္ဗရုက ငါဘုရားသည် ချမ်းသာဆင်းရဲကို သိ၏၊ ချမ်းသာဆင်းရဲကို မြင်၏”ဟု မိန့်ဆို တော်မူဘိ၏။ အသျှင်ဂေါတမသည် အကျွန်ုပ်အား ချမ်းသာဆင်းရဲကို ပြောကြားတော်မူပါလော့၊ အသျှင် ဂေါတမသည် အကျွန်ုပ်အား ချမ်းသာဆင်းရဲကို ဟောကြားတော်မူပါလော့ဟု လျှောက်၏။

တိမ္ဗရုက “ထိုအရာသည်ပင် ဝေဒနာတည်း၊ ထိုဝေဒနာသည်ပင် ခံစား၏”ဟူ၍ အစကပင် ရှိခဲ့မူ “ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏”ဟူသော အယူသည် ဖြစ်ခဲ့၏၊ ဤသို့ ထိုအရာသည်ပင် ဝေဒနာ၊ ထိုဝေဒနာသည်ပင် ခံစား၏ဟူ၍လည်း ငါ မဆို။ “တိမ္ဗရုက ဝေဒနာသည် တခြားတည်း၊ ခံစားသူသည် တခြားတည်း”ဟူ၍ အစကပင် ရှိခဲ့မူ ဝေဒနာနှိပ်စက်မှု ဖြစ်လတ်သော် “ချမ်းသာဆင်းရဲကို သူတစ်ပါး ပြု အပ်၏”ဟူသော အယူသည် ဖြစ်ခဲ့၏၊ ဤသို့ ဝေဒနာသည် တခြား ခံစားသူသည် တခြားတည်းဟူ၍လည်း ငါ မဆို။ တိမ္ဗရုက ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ်ရောက်မူ၍ အလယ်အလတ်အားဖြင့် ငါဘုရား တရားဟောတော်မူ၏၊ အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊ သင်္ခါရ အကြောင်းခံကြောင့် ဝိညာဏ် ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။ အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏၊ သင်္ခါရတို့ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏။ပ။ ဤသို့ လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု ဟောတော်မူ၏။

ဤသို့ ဟောကြားတော်မူသည် ရှိသော် တိမ္ဗရုကပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤသို့သော စကားကို လျှောက်၏— “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိစွတကား။ပ။ ထို အကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာ တော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ အစ ပြု၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။

အဋ္ဌမသုတ်။