သံယုတ္တနိကာယ်—၁၂

၂—အာဟာရဝဂ်

၉—ဗာလ ပဏ္ဍိတသုတ်

၁၉။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အပိတ်ပင်ခံရသော တပ်မက်မှု ‘တဏှာ’နှင့် ယှဉ်သော သူမိုက်အား ဤသို့ ဤကိုယ်သည် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ဤကိုယ်လည်းကောင်း၊ အပသန္တာန်၌ နာမ်ရုပ်လည်းကောင်း ဤသို့အားဖြင့် ဤနှစ်ပါးစုံသည် ဖြစ်၏။ နှစ်ပါးစုံ ကိုလည်းကောင်း၊ အာယတနခြောက်ပါးတို့ကိုလည်းကောင်း စွဲ၍ တွေ့ထိမှု ‘ဖဿ’ ဖြစ်၏။ ယင်းဖဿာ ယတနခြောက်ပါးတို့ဖြင့်လည်းကောင်း၊ ထိုခြောက်ပါးတို့တွင် တစ်ပါးပါးဖြင့်လည်းကောင်း တွေ့ထိသော သူမိုက်သည် ချမ်းသာဆင်းရဲကို ခံစား၏။

ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ဖြင့် အပိတ်ပင်ခံရသော တပ်မက်မှု ‘တဏှာ’ နှင့် ယှဉ်သော ပညာရှိအား ဤသို့ ဤကိုယ်သည် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ဤကိုယ်လည်းကောင်း၊ အပသန္တာန်၌ နာမ်ရုပ်လည်းကောင်း ဤသို့အားဖြင့် ဤနှစ်ပါးစုံသည် ဖြစ်၏။ ဤနှစ်ပါးစုံကိုလည်းကောင်း၊ အာယတနခြောက်ပါးတို့ကိုလည်းကောင်း စွဲ၍ တွေ့ထိမှု ‘ဖဿ’ ဖြစ်၏။ ယင်းဖဿာယတနခြောက်ပါးတို့ဖြင့်လည်းကောင်း၊ ထိုခြောက် ပါးတို့တွင် တစ်ပါးပါးဖြင့်လည်းကောင်း တွေ့ထိသော ပညာရှိသည် ချမ်းသာဆင်းရဲကို ခံစား၏။

ရဟန်းတို့ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့တွင် သူမိုက်နှင့် ပညာရှိ၏ ထူးခြားချက်ကား အဘယ်နည်း၊့ကွဲလွဲချက်ကား အဘယ်နည်း၊ ထူးသော အကြောင်းကား အဘယ်နည်းဟု (မေးတော်မူ၏)၊ အသျှင်ဘုရား ဤတရားတော်တို့သည် အကျွန်ုပ်တို့အား မြတ်စွာဘုရားသာလျှင် အရင်းမူလရှိပါကုန်၏၊ မြတ်စွာဘုရားသာ လျှင် ထုတ်ဆောင်သူရှိပါကုန်၏၊ မြတ်စွာဘုရားသာလျှင် လဲလျောင်းရာရှိပါကုန်၏၊ အသျှင်ဘုရား တောင်း ပန်ပါကုန်၏၊ ဟောတော်မူအပ်သော ထိုတရားတော်၏ အနက်ကို မြတ်စွာဘုရား၏ ဉာဏ်၌ ထင်စေတော်မူပါလော့၊ မြတ်စွာဘုရားထံမှ ကြားနာရ၍ ရဟန်းတို့သည် ဆောင်ထားကြရပါကုန်လတ္တံ့ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ “သို့ဖြစ်လျှင် နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားအံ့ဟု (မိန့် တော်မူ၏)၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကြ ကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏—

ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ဖြင့် အပိတ်ပင်ခံရသော တပ်မက်မှု ‘တဏှာ’နှင့် ယှဉ်သော သူမိုက်အား ဤကိုယ်သည် ဖြစ်ပေါ်လာ၏၊ သူမိုက်သည် ထိုအဝိဇ္ဇာကိုလည်း မပယ်အပ်သေး၊ ထိုတဏှာသည်လည်း မကုန်ခန်းသေး၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်းဟူမူ— ရဟန်းတို့ သူမိုက်သည် ဝဋ်ဆင်းရဲကုန်ရန် မြတ်သောအကျင့်ကို ကောင်းစွာ မကျင့်၊ ထို့ကြောင့် သူမိုက်သည် ခန္ဓာကိုယ် ပျက်စီးသော် ခန္ဓာကိုယ်ကို ရပြန်၏၊ ထိုသူမိုက်သည် ခန္ဓာကိုယ်ကို ရသည်ရှိသော် ပဋိသန္ဓေနေမှု ‘ဇာတိ’၊ အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ ဆင်းရဲမှု ‘ဒုက္ခ’၊ နှလုံးမသာမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့မှ မလွတ်၊ “ဆင်းရဲမှ မလွတ်မြောက်”ဟု ငါ ဆို၏။

ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ဖြင့် အပိတ်ပင်ခံရသော တပ်မက်မှု ‘တဏှာ’နှင့် ယှဉ်သော ပညာရှိအား ဤကိုယ်သည် ဖြစ်ပေါ်လာ၏၊ ပညာရှိအား ထိုအဝိဇ္ဇာကိုလည်း ပယ်အပ်ပြီးပြီ၊ ထိုတဏှာသည်လည်း ကုန် ခန်းပြီ၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင်နည်းဟူမူ— ရဟန်းတို့ ပညာရှိသည် ဝဋ်ဆင်းရဲကုန်ရန် မြတ် သောအကျင့်ကို ကောင်းစွာ ကျင့်၏၊ ထို့ကြောင့် ပညာရှိသည် ခန္ဓာကိုယ် ပျက်စီးပြီးသော် ခန္ဓာကိုယ်ကို တစ်ဖန် မရ၊ ထိုပညာရှိသည် ခန္ဓာကိုယ်ကို တစ်ဖန် မရခဲ့သည်ရှိသော် ပဋိသန္ဓေနေမှု ‘ဇာတိ’၊ အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ ဆင်းရဲမှု ‘ဒုက္ခ’၊ နှလုံးမသာမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့မှ လွတ်၏၊ “ဆင်းရဲမှ လွတ်မြောက်၏”ဟု ငါ ဆို၏။ ရဟန်းတို့ ဤမြတ်သော အကျင့်ကို ကျင့်သုံးခြင်းသည် သူမိုက်နှင့် ပညာရှိ၏ ထူးခြားချက်တည်း၊ ကွဲလွဲချက်တည်း၊ ထူးသော အကြောင်းတည်းဟု (ဟောတော်မူ၏)။

နဝမသုတ်။