သံယုတ္တနိကာယ်—၁၂

၁—ဗုဒ္ဓဝဂ်

၂—ဝိဘင်္ဂသုတ်

၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ရဟန်းတို့ သင်တို့အား အကြောင်းကြောင့် ဖြစ်သော ‘ပဋိစ္စသမုပ္ပါဒ်’ တရားကို ခွဲခြားဝေဖန်၍ ဟောကြားအံ့၊ ထိုပဋိစ္စသမုပ္ပါဒ်တရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ အသျှင်ဘုရား”ဟူ၍ ထို ရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရား စကားကို ဟောတော်မူ၏—

ရဟန်းတို့ ‘ပဋိစ္စသမုပ္ပါဒ်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ရကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်ရ၏၊ သိမှု ‘ဝိညာဏ်’ အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်ရ၏၊ နာမ်ရုပ် အကြောင်းခံကြောင့် တည်ရာ ‘အာယတန’ ခြောက်ပါး ဖြစ်ရ၏၊ တည်ရာ ‘အာယတန’ခြောက်ပါး အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်ရ၏၊ တွေ့ထိမှု ‘ဖဿ’ အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်ရ၏၊ ခံစားမှု ‘ဝေဒနာ’ အကြောင်းခံကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ရ၏၊ တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်ရ၏၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ အကြောင်းခံကြောင့် ဘဝ ဖြစ်ရ၏၊ ဘဝ အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်ရ၏၊ ဇာတိ အကြောင်းခံကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ ဆင်းရဲမှု ‘ဒုက္ခ’၊ နှလုံးမသာမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့ ဖြစ်ကြရကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွား၏။

ရဟန်းတို့ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ အိုမင်းခြင်း အိုမင်းသည်၏အဖြစ် သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ ယုတ်လျော့ခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းဟူသော ဤသဘောတရားကို အိုမှု ‘ဇရာ’ဟု ဆိုအပ်၏။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝမှ ရွေ့လျောခြင်း ရွေ့လျောသည်၏အဖြစ် ပျက်ခြင်း ကွယ်ပျောက်ခြင်း အသက်ကို စွန့်ခြင်း့သေခြင်း ဘဝအဆုံးပြုခြင်း ခန္ဓာတို့၏ ပျက်စီးခြင်း ကိုယ်ကောင်ကို ပစ်ချရခြင်းဟူသော ဤသဘောတရား ကို သေမှု ‘မရဏ’ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤကား အိုမှု ‘ဇရာ’တည်း၊ ဤကား သေမှု ‘မရဏ’တည်း၊ ရဟန်းတို့ ဤသဘောတရားကို “ဇရာမရဏ”ဟု ဆိုအပ်၏။

ရဟန်းတို့ ပဋိသန္ဓေနေမှု ‘ဇာတိ’ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ ဖြစ်ပေါ် လာခြင်း အပြည့်အစုံဖြစ်ပေါ်လာခြင်း အမိဝမ်းသို့ ဝင်ရောက်ခြင်း ထင်ရှားဖြစ်ပေါ်ခြင်း ခန္ဓာတို့၏ ထင်ရှား ဖြစ်ခြင်း တည်ရာအာယတနတို့ကို ရခြင်းဟူသော ဤသဘောတရားကို “ဇာတိ”ဟု ဆိုအပ်၏။

ရဟန်းတို့ ဘဝဟူသည် အဘယ်နည်း။ ရဟန်းတို့ ဘဝတို့သည် ကာမဘဝ, ရူပဘဝ, အရူပဘဝ ဤသုံးပါးတို့တည်း။ ဤတရားသုံးပါးကို “ဘဝ”ဟု ဆိုအပ်၏။

ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’တို့သည် ကာမတို့ကို ပြင်းစွာ စွဲလမ်းမှု ကာမုပါဒါန်၊ အယူကို ပြင်းစွာ စွဲလမ်းမှု ဒိဋ္ဌုပါဒါန်၊ အလေ့ အကျင့်ကို ပြင်းစွာ စွဲလမ်းမှု သီလဗ္ဗတုပါဒါန်၊ အတ္တကို ပြင်းစွာ စွဲလမ်းမှု အတ္တဝါဒုပါဒါန် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤတရားလေးပါးကို ပြင်းစွာ စွဲလမ်းမှု “ဥပါဒါန်”ဟု ဆိုအပ်၏။

ရဟန်းတို့ တပ်မက်မှု “တဏှာ”ဟူသည် အဘယ်နည်း။ ရဟန်းတို့ တဏှာအပေါင်းတို့သည် အဆင်းကို တပ်မက်မှု ရူပတဏှာ၊ အသံကို တပ်မက်မှု သဒ္ဒတဏှာ၊ အနံ့ကို တပ်မက်မှု ဂန္ဓတဏှာ၊ အရသာကို တပ်မက်မှု ရသတဏှာ၊ အတွေ့ကို တပ်မက်မှု ဖောဋ္ဌဗ္ဗတဏှာ၊ သဘောကို တပ်မက်မှု ဓမ္မတဏှာ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို တပ်မက်မှု “တဏှာ”ဟု ဆိုအပ်၏။

ရဟန်းတို့ ခံစားမှု “ဝေဒနာ”ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝေဒနာအပေါင်းတို့သည် မျက်စိ အတွေ့ကြောင့်ဖြစ်သော ခံစားမှု စက္ခုသမ္ဖဿဇာဝေဒနာ၊ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု သောတ သမ္ဖဿဇာဝေဒနာ၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု ဃာနသမ္ဖဿဇာဝေဒနာ၊ လျှာအတွေ့ကြောင့် ဖြစ်သော ခံစားမှု ဇိဝှါသမ္ဖဿဇာဝေဒနာ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ကာယသမ္ဖဿဇာဝေဒနာ၊ စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု မနောသမ္ဖဿဇာဝေဒနာ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤ တရားခြောက်ပါးကို ခံစားမှု “ဝေဒနာ”ဟု ဆိုအပ်၏။

ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဖဿအပေါင်းတို့သည် မျက်စိဖြင့် တွေ့ထိမှု စက္ခုသမ္ဖဿ၊ နားဖြင့် တွေ့ထိမှု သောတသမ္ဖဿ၊ နှာခေါင်းဖြင့် တွေ့ထိမှု ဃာနသမ္ဖဿ၊ လျှာဖြင့် တွေ့ထိမှု ဇိဝှါသမ္ဖဿ၊ ကိုယ်ဖြင့် တွေ့ထိမှု ကာယသမ္ဖဿ၊ စိတ်ဖြင့် တွေ့ထိမှု မနောသမ္ဖဿ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို ထိတွေ့မှု “ဖဿ”ဟု ဆိုအပ်၏။

ရဟန်းတို့ တည်ရာ ‘အာယတန’ ခြောက်ပါး (သဠာယတန) ဟူသည် အဘယ်နည်း။ မျက်စိ ဟူသော တည်ရာ စက္ခာယတန၊ နားဟူသော တည်ရာ သောတာယတန၊ နှာခေါင်းဟူသော တည်ရာ ဃာနာယတန၊ လျှာဟူသော တည်ရာ ဇိဝှါယတန၊ ကိုယ်ဟူသော တည်ရာ ကာယာယတန၊ စိတ်ဟူသော တည်ရာ မနာယတန ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို တည်ရာ “အာယတန” ခြောက်ပါးဟု ဆိုအပ်၏။

ရဟန်းတို့ နာမ်ရုပ်ဟူသည် အဘယ်နည်း။ ခံစားမှု ဝေဒနာ၊ မှတ်သားမှု သညာ၊ စေ့ဆော်မှု စေတနာ၊ တွေ့ထိမှု ဖဿ၊ နှလုံးသွင်းမှု မနသိကာရ ဤတရားကို နာမ်ဟု ဆိုအပ်၏။ မဟာဘုတ် လေးပါးတို့လည်းကောင်း၊ မဟာဘုတ်လေးပါးတို့ကို မှီ၍ ဖြစ်သော ရုပ်လည်းကောင်း ဤတရားကို ရုပ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤသည်ကား နာမ်တည်း၊ ဤသည်ကား ရုပ်တည်း၊ ဤသဘောတရားကို နာမ်ရုပ်ဟု ဆိုအပ်၏။

ရဟန်းတို့ သိမှု ‘ဝိညာဏ်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ သိမှုဝိညာဏ်အပေါင်းတို့သည် မျက်စိကို မှီ၍ သိမှု စက္ခုဝိညာဏ်၊ နားကို မှီ၍ သိမှု သောတဝိညာဏ်၊ နှာခေါင်းကို မှီ၍ သိမှု ဃာန ဝိညာဏ်၊့လျှာကို မှီ၍ သိမှု ဇိဝှါဝိညာဏ်၊ ကိုယ်ကို မှီ၍ သိမှု ကာယဝိညာဏ်၊ စိတ်ကို မှီ၍ သိမှု မနော ဝိညာဏ် ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို သိမှု “ဝိညာဏ်”ဟု ဆိုအပ်၏။

ရဟန်းတို့ ပြုစီရင်မှု “သင်္ခါရ”တို့ဟူသည် အဘယ်တို့နည်း။ ရဟန်းတို့ သင်္ခါရတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ကာယသင်္ခါရ၊ နှုတ်ဖြင့် ပြုစီရင်မှု ဝစီသင်္ခါရ၊ စိတ်ဖြင့် ပြုစီရင်မှု စိတ္တသင်္ခါရ ဤသုံးပါးတို့ တည်း။ ရဟန်းတို့ ဤတရားသုံးပါးကို ပြုစီရင်မှု “သခ ငါ်္ရ”တို့ဟု ဆိုအပ်ကုန်၏။

ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဆင်းရဲ၌ မသိမှု၊ ဆင်းရဲဖြစ်ပေါ် ကြောင်း၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မသိမှုတည်း။ ရဟန်းတို့ ဤတရားကို မသိမှု “အဝိဇ္ဇာ”ဟု ဆိုအပ်၏။

ရဟန်းတို့ ဤသို့လျှင် မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကြရကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်ရ၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွားရ၏။ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံ သော ဆင်းရဲအစု၏ ချုပ်ပျောက်ခြင်း ဖြစ်၏ဟု (ဟောတော်မူ၏)။

ဒုတိယသုတ်။