သံယုတ္တနိကာယ်—၁၂

၂—အာဟာရဝဂ်

၁ဝ—ပစ္စယသုတ်

၂ဝ။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ သင်တို့အား အကြောင်း ‘ပဋိစ္စသမုပ္ပါဒ်’ တရားတို့ကိုလည်းကောင်း၊ စွဲ၍ ဖြစ်သော အကျိုး ‘ပဋိစ္စသမုပ္ပန္န’တရားတို့ကိုလည်းကောင်း ဟောအံ့။ ထို တရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့ဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဤတရားစကား ကို ဟောတော်မူ၏—

ရဟန်းတို့ အကြောင်း ‘ပဋိစ္စသမုပ္ပါဒ်’ တရားသည် အဘယ်နည်း။ ပဋိသန္ဓေနေမှု ‘ဇာတိ’ အကြောင်းခံ ကြောင့် အိုမှု ‘ဇရာ’ , သေမှု ‘မရဏ’ ဖြစ်၏၊ အကြောင်းတရားတို့၏ တည်သည်၏အဖြစ် အကြောင်းတရားတို့၏ မြဲသည်၏အဖြစ် အကျိုးတို့၏ အကြောင်းတရား၏အဖြစ်ဟူသော ဤသဘောသည် မြတ်စွာဘုရားတို့ ပွင့်သော်လည်းကောင်း၊ မပွင့်သော်လည်းကောင်း တည်ရှိနေသည်သာတည်း။ ထိုအကြောင်းတရားကို မြတ်စွာဘုရားသည် ထိုးထွင်း၍ သိတော်မူ၏၊ (ဉာဏ်ဖြင့်) သက်ဝင်တော်မူ၏၊ သိတော်မူပြီး၍့ (ဉာဏ်ဖြင့်) သက်ဝင်တော်မူ၍ ဟောကြားတော်မူ၏၊ ဟောတော်မူ၏၊ သိစေတော်မူ၏၊ ဖြစ်စေတော်မူ၏၊ ဖွင့်ပြတော်မူ၏၊ ဝေဖန်တော်မူ၏၊ ပေါ်လွင်အောင် ပြုတော်မူ၏၊ “ရှုကုန်လော့”ဟူ၍လည်း ဟောတော်မူ၏။ ရဟန်းတို့ ပဋိ သန္ဓေနေမှု ‘ဇာတိ’ အကြောင်းခံကြောင့် အိုမှု ‘ဇရာ’ , သေမှု ‘မရဏ’ ဖြစ်၏။

ရဟန်းတို့ ဘဝ အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်၏။ပ။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ အကြောင်းခံကြောင့် ဘဝ ဖြစ်၏။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏။ ရဟန်းတို့ ခံစားမှု ‘ဝေဒနာ’ အကြောင်းခံကြောင့် တပ်မက် ‘တဏှာ’ ဖြစ်၏။ ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ ရဟန်းတို့ တည်ရာ ‘အာယတန’ ခြောက်ပါး (သဠာယတန) အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏။ ရဟန်းတို့ နာမ်ရုပ် အကြောင်းခံ ကြောင့် တည်ရာ ‘အာယတန’ ခြောက်ပါး (သဠာယတန) ဖြစ်၏။ ရဟန်းတို့ သိမှု ‘ဝိညာဏ်’ အကြောင်းခံ ကြောင့် နာမ်ရုပ် ဖြစ်၏။ ရဟန်းတို့ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏။ အကြောင်းတရားတို့၏ တည်သည်၏အဖြစ် အကြောင်းတရားတို့၏ မြဲသည်၏အဖြစ် အကျိုးတို့၏ အကြောင်းတရား၏အဖြစ်ဟူ သော ဤသဘောသည် မြတ်စွာဘုရားတို့ ပွင့်သော်လည်းကောင်း၊ မပွင့်သော်လည်းကောင်း တည်ရှိနေ သည်သာတည်း။ ထိုအကြောင်းတရားကို မြတ်စွာဘုရားသည် ထိုးထွင်း၍ သိတော်မူ၏၊ (ဉာဏ်ဖြင့်) သက် ဝင်တော်မူ၏၊ သိတော်မူပြီး၍ (ဉာဏ်ဖြင့်) သက်ဝင်တော်မူပြီး၍ ဟောကြားတော်မူ၏၊ ဟောတော်မူ၏၊ သိစေတော်မူ၏၊ ဖြစ်စေတော်မူ၏၊ ဖွင့်ပြတော်မူ၏၊ ဝေဖန်တော်မူ၏၊ ပေါ်လွင်အောင် ပြုတော်မူ၏၊ “ရှုကုန် လော့”ဟူ၍လည်း ဟောတော်မူ၏။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ ရဟန်းတို့ ဤသို့လျှင် “ဇာတိကြောင့် ဇရာမရဏဖြစ်၏”စသည်တို့၌ မှန်သည်၏အဖြစ် မချွတ် ယွင်းသည်၏အဖြစ် တစ်ပါးသော သဘောအားဖြင့် မဖြစ်သည်၏အဖြစ် အကျိုးတို့၏ အကြောင်းတရား၏ အဖြစ်ကို အကြောင်း ‘ပဋိစ္စသမုပ္ပါဒ်’ တရားဟု ဆိုအပ်၏။

ရဟန်းတို့ အကျိုး ‘ပဋိစ္စသမုပ္ပန္န’ တရားတို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ အိုမှု ‘ဇရာ’ , သေမှု ‘မရဏ’သည် မမြဲ၊ ပြုစီရင်ခံရ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းပြတ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏။ ရဟန်းတို့ ပဋိသန္ဓေနေမှု ‘ဇာတိ’သည် မမြဲ၊ ပြုစီရင် ခံရ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းပြတ်ခြင်းသဘော ရှိ၏၊ ချုပ်ခြင်းသဘောရှိ၏။ ရဟန်းတို့ ဘဝသည် မမြဲ၊ ပြုစီရင်ခံရ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်း သဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းပြတ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ သည်။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ သည်။ ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ သည်။ ရဟန်းတို့ တည်ရာ ‘အာယတန’ ခြောက်ပါး (သဠာယတန) သည်။ ရဟန်းတို့ ‘နာမ်ရုပ်’သည်။ ရဟန်းတို့ သိမှု ‘ဝိညာဏ်’ သည်။ ရဟန်းတို့ ပြုစီရင်မှု ‘သင်္ခါရ’တို့သည်။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’သည် မမြဲ၊ ပြု စီရင်ခံရ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းပြတ်ခြင်း သဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏။ ရဟန်းတို့ ဤတရားတို့ကို အကြောင်းကို စွဲ၍ ဖြစ်သော အကျိုး ‘ပဋိစ္စသမုပ္ပန္န’ တရားတို့ဟူ၍ ဆိုအပ်ကုန်၏။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်အား ဤသည်ကား အကြောင်း ‘ပဋိစ္စသမုပ္ပါဒ်’ တရားတည်း၊ ဤသည်ကား အကျိုး ‘ပဋိစ္စသမုပ္ပန္န’ တရားတို့တည်းဟုဟုတ်မှန်သောအတိုင်း မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်ကုန်၏၊ ထိုအခါ ထိုအရိယာတပည့်သည် “ငါသည် လွန်ခဲ့သော ကာလက ဖြစ်ဖူးပြီလော၊ လွန်ခဲ့သော ကာလက မဖြစ်ဖူးသလော၊ လွန်ခဲ့သော ကာလက အဘယ်သို့ ဖြစ်ခဲ့သနည်း၊ လွန်ခဲ့သော ကာလက အဘယ်ပုံ ဖြစ်ခဲ့သနည်း၊ ငါသည် လွန်ခဲ့သော ကာလက အဘယ်သို့ ဖြစ်ပြီး၍့အဘယ်သို့ ဖြစ် ခဲ့သနည်း”ဟု ရှေးအဖို့သို့လည်း ပြေးဝင်လတ္တံ့။ “ငါသည် နောင်ကာလ၌ ဖြစ်လတ္တံ့လော၊ နောင်ကာလ၌ မဖြစ်လတ္တံ့လော၊ နောင်ကာလ၌ အဘယ်သို့ ဖြစ်လတ္တံ့နည်း၊ နောင်ကာလ၌ အဘယ်ပုံ ဖြစ်လတ္တံ့နည်း၊ ငါသည် နောင်ကာလ၌ အဘယ်သို့ ဖြစ်၍ အဘယ်သို့ ဖြစ်လတ္တံ့နည်း”ဟု နောက်အဖို့သို့လည်း ပြေးဝင် လတ္တံ့။ “ငါသည် ဖြစ်နေသလော၊ မဖြစ်နေသလော၊ အဘယ်သို့ ဖြစ်နေသနည်း၊ အဘယ်ပုံ ဖြစ်နေ သနည်း၊ ဤသတ္တဝါသည် အဘယ်အရပ်မှ လာခဲ့သနည်း၊ ထိုသတ္တဝါသည် အဘယ်အရပ်ကို သွားလတ္တံ့ နည်း”ဟု ဤယခု မျက်မှောက်လောက၌လည်း မိမိခန္ဓာကိုယ်၌ သို့လော သို့လော (ယုံမှားခြင်း) ဖြစ် လတ္တံ့ဟူသော ထိုအကြောင်းသည် မရှိ။ ထိုသို့ မရှိခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ အရိယာ တပည့်အား ဤသည်ကား အကြောင်း ‘ပဋိစ္စသမုပ္ပါဒ်’တရားတည်း၊ ဤသည်တို့ကား အကျိုး ‘ပဋိစ္စသမုပ္ပန္န’ တရားတို့တည်းဟုဟုတ်မှန်သောအတိုင်း မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်သောကြောင့်ပင်တည်းဟု (ဟောတော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် အာဟာရဝဂ် ပြီး၏။