သံယုတ္တနိကာယ်—၁၂

၃—ဒသဗလဝဂ်

၁—ဒသဗလသုတ်

၂၁။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မြတ်စွာဘုရားသည် အားတော် ဆယ်ပါးနှင့် ပြည့်စုံတော်မူခြင်းကြောင့်လည်းကောင်း၊ လေးပါးသော ရဲရင့်ခြင်းတို့နှင့် ပြည့်စုံတော်မူခြင်း ကြောင့်လည်းကောင်း မြတ်သောအရာ၌ တည်၏ဟု ဝန်ခံတော်မူ၏။ ပရိသတ်တို့၌ ခြင်္သေ့သံကဲ့သို့ ကြုံးဝါး တော်မူ၏။ မြတ်သော တရားစက်ကို လည်စေတော်မူ၏။ —

ဤသည်ကား ရုပ်တည်း၊ ဤသို့ ရုပ်ဖြစ်ပေါ်၏၊ ဤသို့ ရုပ်ချုပ်၏။ ဤသည်ကား ဝေဒနာတည်း၊ ဤသို့ ဝေဒနာဖြစ်ပေါ်၏၊ ဤသို့ ဝေဒနာချုပ်၏။ ဤသည်ကား သညာတည်း၊ ဤသို့ သညာ ဖြစ်ပေါ်၏၊ ဤသို့ သညာချုပ်၏။ ဤသည်ကား သင်္ခါရတို့တည်း၊ ဤသို့ သင်္ခါရတို့ ဖြစ်ပေါ်ကုန်၏၊ ဤသို့ သင်္ခါရတို့ ချုပ်ကုန်၏။ ဤသည်ကား ဝိညာဏ်တည်း၊ ဤသို့ ဝိညာဏ်ဖြစ်ပေါ်၏၊ ဤသို့ ဝိညာဏ်ချုပ်၏။ ဤသို့ ဤအကြောင်းတရား ရှိခဲ့သော် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား ဖြစ်ခြင်းကြောင့် ဤအကျိုး တရား ဖြစ်၏၊ ဤအကြောင်းတရား မရှိခဲ့သော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား ချုပ်ခြင်း ကြောင့် ဤအကျိုးတရား ချုပ်၏။

ယင်းသို့ အကြောင်းအကျိုး ဖြစ်ပုံချုပ်ပုံကား မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပေါ်၏။ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် (အရဟတ္တမဂ်)ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင် မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ကြုံးဝါးတော်မူ၏)။

ပဌမသုတ်။