သံယုတ္တနိကာယ်—၁၂

၃—ဒသဗလဝဂ်

၂—ဒုတိယ ဒသဗလသုတ်

၂၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မြတ်စွာဘုရားသည် အားတော် ဆယ်ပါးနှင့် ပြည့်စုံတော်မူခြင်းကြောင့်လည်းကောင်း၊ လေးပါးသော ရဲရင့်ခြင်းတို့နှင့် ပြည့်စုံတော်မူခြင်း ကြောင့်လည်းကောင်း မြတ်သောအရာ၌ တည်၏ဟု ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ခြင်္သေ့သံကဲ့သို့ ကြုံးဝါး တော်မူ၏၊ မြတ်သော တရားစက်ကို လည်စေတော်မူ၏။ —

ဤသည်ကား ရုပ်တည်း၊ ဤသို့ ရုပ်ဖြစ်ပေါ်၏၊ ဤသို့ ရုပ်ချုပ်၏။ ဤသည်ကား ဝေဒနာတည်း၊့ဤသို့ ဝေဒနာဖြစ်ပေါ်၏၊ ဤသို့ ဝေဒနာချုပ်၏။ ဤသည်ကား သညာတည်း၊ ဤသို့ သညာဖြစ်ပေါ်၏၊ ဤသို့ သညာချုပ်၏။ ဤသည်ကား သင်္ခါရတို့တည်း၊ ဤသို့ သင်္ခါရတို့ ဖြစ်ပေါ်ကုန်၊ ဤသို့ သင်္ခါရတို့ ချုပ်ကုန်၏။ ဤသည်ကား ဝိညာဏ်တည်း၊ ဤသို့ ဝိညာဏ်ဖြစ်ပေါ်၏၊ ဤသို့ ဝိညာဏ်ချုပ်၏။ ဤသို့ ဤအကြောင်းတရား ရှိခဲ့သော် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား ဖြစ်ခြင်းကြောင့် ဤအကျိုး တရား ဖြစ်၏၊ ဤအကြောင်းတရား မရှိခဲ့သော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား ချုပ်ခြင်း ကြောင့် ဤအကျိုးတရား ချုပ်၏။

ယင်းသို့ အကြောင်းအကျိုး ဖြစ်ပုံချုပ်ပုံကား မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ ပြစီရင်မှု ‘သင်္ခါရ’တို့ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံ သော ဆင်းရဲအစု ဖြစ်၏။ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် (အရဟတ္တမဂ်)ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီ ရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။

ရဟန်းတို့ ငါဘုရားသည် တရားကို ဤသို့ ကောင်းစွာ ဟောအပ်၏၊ ပေါ်လွင်စေအပ်၏၊ ဖွင့်လှစ် အပ်၏၊ အစုတ်အပြတ် အချုပ်အဖာ မရှိသော ပုဆိုးသစ်ကဲ့သို့ ဝေဖန်ပြအပ်၏၊ ရဟန်းတို့ ငါသည် ဤသို့ ပဋိစ္စသမုပ္ပါဒ်တရားကို ကောင်းစွာ ဟောအပ် ပေါ်လွင်စေအပ် ဖွင့်လှစ်အပ် အစုတ်အပြတ် အချုပ်အဖာ မရှိ သော ပုဆိုးသစ်ကဲ့သို့ ဝေဖန်အပ်သည် ရှိသော် သဒ္ဓါတရားဖြင့် ရဟန်းပြုသော အမျိုးကောင်းသားသည် “အရေ၊ အကြော၊ အရိုးသာ ကြွင်း၍ ကိုယ်၌ အသား၊ အသွေး ကုန်ခန်း ခြောက်သွေ့စေဦးတော့။ ယောကျာ်းတို့၏ အားအစွမ်း၊ ယောကျာ်းတို့၏ လုံ့လ၊ ယောကျာ်းတို့၏ အားထုတ်မှုဖြင့် ရောက်အပ်သော အရဟတ္တဖိုလ်သို့ မရောက်မူ၍ လုံ့လ၏ ရပ်တံ့ခြင်း မဖြစ်အံ့”ဟု အားထုတ်ခြင်းငှါ သင့်သည်သာလျှင် တည်း။

ရဟန်းတို့ ပျင်းရိသော သူသည် ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ဖြင့် ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲစွာ နေရ၏၊ ကြီးမားလှသော မိမိအကျိုးကိုလည်း ဆုတ်ယုတ်စေ၏၊ ရဟန်းတို့ ထက်သန်သော လုံ့လရှိသူကား ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့မှလည်း ကင်းဆိတ်သည်ဖြစ်၍ ချမ်းသာစွာ နေရ၏၊ ကြီးမားလှသော မိမိအကျိုးကိုလည်း ပြည့်စုံစေ၏၊ ရဟန်းတို့ ယုတ်ညံ့သော လုံ့လဖြင့် မြင့်မြတ်သော (အရဟတ္တဖိုလ်) အဆင့်သို့ မရောက်နိုင်၊ ထက်မြက် မြင့်မြတ်သော လုံ့လဖြင့်သာ မြင့်မြတ်သော (အရဟတ္တ ဖိုလ်) အဆင့်သို့ ရောက်နိုင်၏။

ရဟန်းတို့ ဤမြတ်သော အကျင့်သည် ကြည်လင်သော သောက်ဖွယ် ဖြစ်၏၊ မြတ်စွာဘုရားသည်လည်း မျက်မှောက်ရှိ၏၊ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ မရောက်သေးသည့် အရဟတ္တဖိုလ် (နိဗ္ဗာန်) သို့ ရောက်ရန် မရသေးသည်ကို ရရန် မျက်မှောက် မပြုရသေးသည်ကို မျက်မှောက်ပြုရန် လုံ့လကို အားထုတ်ကြကုန်လော့၊ “ဤသို့လျှင် ငါတို့၏ ဤရဟန်းအဖြစ်သည် ငါတို့အား မမြုံသည် အကျိုး ရှိသည် ကြီးပွားခြင်းရှိသည် ဖြစ်လတ္တံ့၊ အကြင်သူတို့၏ သင်္ကန်း, ဆွမ်း, ကျောင်းအိပ်ရာနေရာ, သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်ကို ငါတို့ သုံးဆောင်မှီဝဲအပ်ကုန်၏၊ ငါတို့၌ ပြုအပ်ကုန်သော ထိုသူတို့၏ ကောင်းမှုတို့သည်လည်း ကြီးသော အကျိုးအာနိသင် ရှိကုန်လတ္တံ့”ဟု အားထုတ်ကြကုန်လော့။ ရဟန်းတို့ ဤသို့ ကျင့်ရမည်— ရဟန်းတို့ မိမိ၏ အကျိုးကိုလည်းကောင်း၊ သူတစ်ပါးတို့၏ အကျိုးကိုလည်းကောင်း၊ မိမိအကျိုး သူတစ်ပါးအကျိုး နှစ်ပါးစုံကိုလည်းကောင်း ကောင်းစွာ မြင်သော သူသည် မမေ့မလျော့မှု အပ္ပမာဒတရားနှင့် ပြည့်စုံစေခြင်းငှါ သင့်သည်သာလျှင်တည်းဟု (ဟောတော်မူ၏)။

ဒုတိယသုတ်။