သံယုတ္တနိကာယ်—၁၂

၃—ဒသဗလဝဂ်

၃—ဥပနိသသုတ်

၂၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ သိသောသူ မြင်သောသူအားသာ အာသဝတို့၏ ကုန်ခြင်းကို ငါ ဆို၏၊ မသိသောသူ မမြင်သောသူအား အာသဝတို့၏ ကုန်ခြင်းကို ငါ မဆို။ ရဟန်းတို့ အဘယ်ကို သိသောသူ မြင်သောသူအား အာသဝတို့ကုန်ခြင်း ဖြစ်သနည်း၊ ဤသည်ကား ရုပ် တည်း၊ ဤသို့ ရုပ်ဖြစ်ပေါ်၏၊ ဤသို့ ရုပ်ချုပ်၏။ ဤသည်ကား ဝေဒနာတည်း။ပ။ ဤသည်ကား သညာ တည်း။ ဤသည်ကား သင်္ခါရတို့တည်း။ ဤသည်ကား ဝိညာဏ်တည်း၊ ဤသို့ ဝိညာဏ်ဖြစ်ပေါ်၏၊ ဤသို့ ဝိညာဏ်ချုပ်၏ဟု ဤသို့ သိသူ ဤသို့ မြင်သူအား အာသဝတို့ ကုန်ခြင်း ဖြစ်၏။

ရဟန်းတို့ ထိုသိသူ မြင်သူအား အာသဝတို့၏ ကုန်ရာ အရဟတ္တဖိုလ် ဖြစ်လတ်သော် အာသဝတို့ ကုန်ရာ အရဟတ္တဖိုလ်၌ သိသော ပစ္စဝေက္ခဏာဉာဏ်ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အ ကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ အာသဝတို့ ကုန်ရာ အရဟတ္တဖိုလ်၌ သိသော (ပစ္စဝေက္ခဏာ ဉာဏ်)၏ အကြောင်းကား အဘယ်နည်းဟု (မေးသော်) “အာသဝတို့မှ လွတ်မြောက်မှု အရဟတ္တဖိုလ်”ဟူ၍ ဆိုရာ၏။ ရဟန်းတို့ လွတ်မြောက်မှု အရဟတ္တဖိုလ်ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အ ကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ လွတ်မြောက်မှု အရဟတ္တဖိုလ်၏ အကြောင်းကား အဘယ် နည်း၊ “တပ်ခြင်းကင်းမှု အရဟတ္တမဂ်တည်း”။ ရဟန်းတို့ တပ်ခြင်းကင်းမှု (အရဟတ္တမဂ်) ကိုလည်း အ ကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ တပ်ခြင်းကင်းမှု (အရဟတ္တမဂ်)၏ အကြောင်းကား အဘယ်နည်း၊ “ငြီးငွေ့မှု ‘နိဗ္ဗိဒါဉာဏ်’တည်း”။ ရဟန်းတို့ ငြီးငွေ့မှု ‘နိဗ္ဗိဒါဉာဏ်’ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ ငြီးငွေ့မှု ‘နိဗ္ဗိဒါဉာဏ်’၏ အကြောင်းကား အဘယ်နည်း၊ “ဟုတ်တိုင်းမှန်စွာ သိမြင်သော ဉာဏ်အမြင် တည်း”။ ရဟန်းတို့ဟုတ်တိုင်းမှန်စွာ သိမြင်သော ဉာဏ်အမြင်ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ဟုတ်တိုင်းမှန်စွာ သိမြင်သော ဉာဏ်အမြင်၏ အကြောင်းကား အဘယ်နည်း၊ “တည်ကြည်မှု ‘သမာဓိ’တည်း”။ ရဟန်းတို့ တည်ကြည်မှု ‘သမာဓိ’ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။

ရဟန်းတို့ တည်ကြည်မှု ‘သမာဓိ’၏ အကြောင်းကား အဘယ်နည်း၊ “ချမ်းသာခြင်း ‘သုခ’ တည်း”။ ရဟန်းတို့ ချမ်းသာခြင်း ‘သုခ’ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ ချမ်းသာခြင်း ‘သုခ’၏ အကြောင်းကား အဘယ်နည်း၊ “ငြိမ်းချမ်းမှု ‘ပဿဒ္ဓိ’တည်း”။ ရဟန်းတို့ ငြိမ်းချမ်းမှု ‘ပဿဒ္ဓိ’ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ ငြိမ်းချမ်းမှု ‘ပဿဒ္ဓိ’၏ အကြောင်းကား အဘယ်နည်း၊ “နှစ်သက်မှု ‘ပီတိ’တည်း”။ ရဟန်းတို့ နှစ်သက်မှု ‘ပီတိ’ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါ မဆို။ ရဟန်းတို့ နှစ်သက်မှု ‘ပီတိ’၏ အကြောင်းကား အဘယ်နည်း၊ “ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’တည်း”။ ရဟန်းတို့ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’၏ အကြောင်းကား အဘယ်နည်း၊ “ယုံကြည်မှု ‘သဒ္ဓါ’ တည်း”။ ရဟန်းတို့ ယုံကြည်မှု ‘သဒ္ဓါ’ကိုလည်း အကြောင်းနှင့် တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။

ရဟန်းတို့ ယုံကြည်မှု ‘သဒ္ဓါ’၏ အကြောင်းကား အဘယ်နည်း၊ “ဆင်းရဲမှု ‘ဒုက္ခ’တည်း”။ ရဟန်းတို့ ဆင်းရဲမှု ‘ဒုက္ခ’ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ ထိုဆင်းရဲမှု ‘ဒုက္ခ’၏ အကြောင်းကား အဘယ်နည်း၊ “ပဋိသန္ဓေနေမှု ‘ဇာတိ’တည်း”။ ရဟန်းတို့ ပဋိသန္ဓေနေမှု ‘ဇာတိ’ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။

ရဟန်းတို့ ပဋိသန္ဓေနေမှု ‘ဇာတိ’၏ အကြောင်းကား အဘယ်နည်း၊ “ဘဝတည်း”။ ရဟန်းတို့ ဘဝကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ ဘဝ၏ အကြောင်းကား အဘယ်နည်း၊ “ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’တည်း”။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’၏ အကြောင်းကား အဘယ်နည်း၊ “တပ်မက်မှု ‘တဏှာ’တည်း”။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်း မရှိဘဲ ဖြစ်၏ဟု ငါမဆို။

ရဟန်းတို့ တပ်မက်မှု ‘တဏှာ’၏ အကြောင်းကား အဘယ်နည်း၊ “ခံစားမှု ‘ဝေဒနာ’တည်း”။ပ။ “တွေ့ထိမှု ‘ဖဿ’တည်း”။ “တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) တည်း”။ “နာမ်ရုပ်တည်း”။ သိမှု ‘ဝိညာဏ်’။ ပြုစီရင်မှု ‘သင်္ခါရ’တို့တည်း။ ရဟန်းတို့ ပြုစီရင်မှု ‘သင်္ခါရ’တို့ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါမဆို။ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ အကြောင်းကား အဘယ် နည်း၊ “မသိမှု ‘အဝိဇ္ဇာ’တည်း”။

ရဟန်းတို့ ဤသို့လျှင် ပြုစီရင်မှု ‘သင်္ခါရ’တို့သည် မသိမှု ‘အဝိဇ္ဇာ’လျှင် အကြောင်းရှိကုန်၏၊ သိမှု ‘ဝိညာဏ်’သည် ပြုစီရင်မှု ‘သင်္ခါရ’တို့လျှင် အကြောင်းရှိ၏၊ နာမ်ရုပ်သည် သိမှု ‘ဝိညာဏ်’လျှင် အကြောင်း ရှိ၏၊ တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) သည် နာမ်ရုပ်လျှင် အကြောင်းရှိ၏၊ တွေ့ထိမှု ‘ဖဿ’ သည် တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) လျှင် အကြောင်းရှိ၏၊ ခံစားမှု ‘ဝေဒနာ’သည် တွေ့ထိမှု ‘ဖဿ’လျှင် အကြောင်းရှိ၏၊ တပ်မက်မှု ‘တဏှာ’သည် ခံစားမှု ‘ဝေဒနာ’လျှင် အကြောင်းရှိ၏၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’သည် တပ်မက်မှု ‘တဏှာ’လျှင် အကြောင်းရှိ၏၊ ဘဝသည် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’လျှင် အကြောင်းရှိ၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’သည် ဘဝလျှင် အကြောင်းရှိ၏၊ ဆင်းရဲခြင်း ‘ဒုက္ခ’သည် ပဋိသန္ဓေ နေမှု ‘ဇာတိ’လျှင် အကြောင်းရှိ၏၊ ယုံကြည်မှု ‘သဒ္ဓါ’သည် ဆင်းရဲခြင်း ‘ဒုက္ခ’လျှင် အကြောင်းရှိ၏၊ ဝမ်း မြောက်ခြင်း ‘ပါမောဇ္ဇ’သည် ယုံကြည်မှု ‘သဒ္ဓါ’လျှင် အကြောင်းရှိ၏၊ နှစ်သက်ခြင်း ‘ပီတိ’သည် ဝမ်းမြောက်ခြင်း ‘ပါမောဇ္ဇ’လျှင် အကြောင်းရှိ၏၊ ငြိမ်းအေးခြင်း ‘ပဿဒ္ဓိ’သည် နှစ်သက်ခြင်း ‘ပီတိ’လျှင် အကြောင်းရှိ၏၊ ချမ်းသာခြင်း ‘သုခ’သည် ငြိမ်းအေးခြင်း ‘ပဿဒ္ဓိ’လျှင် အကြောင်းရှိ၏၊ တည်ကြည်မှု ‘သမာဓိ’သည် ချမ်းသာခြင်း ‘သုခ’လျှင် အကြောင်းရှိ၏၊ ယထာဘူတဉာဏ်အမြင်သည် တည်ကြည်မှု ‘သမာဓိ’လျှင် အကြောင်းရှိ၏၊ နိဗ္ဗိဒါဉာဏ်သည် ယထာဘူတဉာဏ်လျှင် အကြောင်းရှိ၏၊ တပ်ခြင်းကင်းမှု (အရဟတ္တမဂ်) သည် နိဗ္ဗိဒါဉာဏ် လျှင် အကြောင်းရှိ၏၊ ဝိမုတ္တိ (ဟူသော အရဟတ္တဖိုလ်) သည် တပ်ခြင်းကင်းမှု (အရဟတ္တမဂ်) လျှင် အကြောင်း ရှိ၏၊ အာသဝေါတရားတို့ ကုန်ခြင်း၌ သိသော ပစ္စဝေက္ခဏာဉာဏ်သည် ဝိမုတ္တိ (ဟူသော အရဟတ္တဖိုလ်) လျှင် အကြောင်းရှိ၏။

ရဟန်းတို့ ဥပမာသော်ကား တောင်ထိပ်၌ တခဲနက် မိုးသည်းထန်စွာ ရွာသွန်းသည်ရှိသော် ထိုရေ သည် နိမ့်ရာ နိမ့်ရာသို့ စီးသွား၍ တောင် ချောက် ပပ်ကြားကွဲ မြောင်းငယ် မြောင်းကြီးတို့ကို ပြည့်စေ၏၊ တောင် ချောက် ပပ်ကြားကွဲ မြောင်းငယ် မြောင်းကြီးတို့ ပြည့်လတ်သော် အိုင်ငယ်တို့ကို ပြည့်စေကုန်၏၊ အိုင်ငယ်တို့ ပြည့်လတ်သော် အိုင်ကြီးတို့ကို ပြည့်စေကုန်၏၊ အိုင်ကြီးတို့ ပြည့်လတ်သော် မြစ်ငယ်တို့ကို ပြည့်စေကုန်၏၊ မြစ်ငယ်တို့ ပြည့်လတ်သော် မြစ်ကြီးတို့ကို ပြည့်စေကုန်၏၊ မြစ်ကြီးတို့ ပြည့်လတ်သော် မဟာသမုဒ္ဒရာကို ပြည့်စေကုန်၏။

ရဟန်းတို့ ဤဥပမာအတူသာလျှင် သင်္ခါရတို့သည် အဝိဇ္ဇာလျှင် အကြောင်းရှိကုန်၏၊ ဝိညာဏ်သည် သင်္ခါရတို့လျှင် အကြောင်းရှိ၏၊ နာမ်ရုပ်သည် ဝိညာဏ်လျှင် အကြောင်းရှိ၏၊ သဠာယတနသည် နာမ်ရုပ် လျှင် အကြောင်းရှိ၏၊ ဖဿသည် သဠာယတနလျှင် အကြောင်းရှိ၏၊ ဝေဒနာသည် ဖဿလျှင် အကြောင်း ရှိ၏၊ တဏှာသည် ဝေဒနာလျှင် အကြောင်းရှိ၏၊ ဥပါဒါန်သည် တဏှာလျှင် အကြောင်းရှိ၏၊ ဘဝသည် ဥပါဒါန်လျှင် အကြောင်းရှိ၏၊ ဇာတိသည် ဘဝလျှင် အကြောင်းရှိ၏၊ ဒုက္ခသည် ဇာတိလျှင် အကြောင်းရှိ၏၊ သဒ္ဓါသည် ဒုက္ခလျှင် အကြောင်းရှိ၏၊ ပါမောဇ္ဇသည် သဒ္ဓါလျှင် အကြောင်းရှိ၏၊ ပီတိသည် ပါမောဇ္ဇလျှင် အကြောင်းရှိ၏၊ ပဿဒ္ဓိသည် ပီတိလျှင် အကြောင်းရှိ၏၊ သုခသည် ပဿဒ္ဓိလျှင် အကြောင်းရှိ၏၊ သမာဓိ သည် သုခလျှင် အကြောင်းရှိ၏၊ ယထာဘူတဉာဏ်အမြင်သည် သမာဓိလျှင် အကြောင်းရှိ၏၊ နိဗ္ဗိဒါဉာဏ် သည် ယထာဘူတဉာဏ်အမြင်လျှင် အကြောင်းရှိ၏၊ တပ်ခြင်းကင်းမှု (အရဟတ္တမဂ်) သည် နိဗ္ဗိဒါဉာဏ်လျှင် အကြောင်းရှိ၏၊ ဝိမုတ္တိ (ဟူသော အရဟတ္တဖိုလ်) သည် တပ်ခြင်းကင်းမှု (အရဟတ္တမဂ်) လျှင် အကြောင်းရှိ၏၊ အာသဝေါတရားတို့၏ ကုန်ခြင်း၌ သိသော ပစ္စဝေက္ခဏာဉာဏ်သည် ဝိမုတ္တိ (ဟူသော အရဟတ္တဖိုလ်) လျှင် အကြောင်းရှိ၏ဟု ဟောတော်မူ၏။

တတိယသုတ်။