သံယုတ္တနိကာယ်—၁၂

၃—ဒသဗလဝဂ်

၄—အညတိတ္ထိယသုတ်

၂၄။ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတ္တရာ သည် နံနက်အခါ သင်္ကန်းကို ကောင်းစွာ ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရာဇဂြိုဟ်ပြည် သို့ ဆွမ်းခံဝင်တော်မူ၏၊ ထိုအခါ အသျှင်သာရိပုတ္တရာအား— “ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံခြင်းငှါ အလွန်စော သေး၏၊ သာသနာတော်ပြင်ပဖြစ်သည့် တိတ္ထိပရိဗိုဇ်တို့ ကျောင်းတိုက်သို့ ငါချဉ်းကပ်ရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏။

ထို့နောက် အသျှင်သာရိပုတ္တရာသည် သာသနာတော်ပြင်ပ တိတ္ထိပရိဗိုဇ်တို့ ကျောင်းတိုက်သို့ ချဉ်း ကပ်ပြီး၍ တိတ္ထိပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်သာရိပုတ္တရာအား တိတ္ထိပရိဗိုဇ်တို့သည် ဤသို့ ဆိုကြကုန်၏—

“ငါ့သျှင်သာရိပုတ္တရာ ဆင်းရဲကို ကိုယ်တိုင်ပြုအပ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီ သမဏဗြာဟ္မဏ အချို့တို့ ရှိကုန်၏၊ ငါ့သျှင်သာရိပုတ္တရာ ဆင်းရဲကို သူတစ်ပါးပြုအပ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီ သမဏဗြာဟ္မဏအချို့တို့ ရှိကုန်၏၊ ငါ့သျှင်သာရိပုတ္တရာ ဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်၊ သူတစ်ပါးလည်း ပြုအပ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီ သမဏဗြာဟ္မဏအချို့တို့ ရှိကုန်၏၊ ငါ့သျှင်သာရိပုတ္တရာ ဆင်းရဲကို ကိုယ်တိုင်ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါးပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီ သမဏဗြာဟ္မဏအချို့တို့ ရှိကုန်၏၊ ငါ့သျှင်သာရိပုတ္တရာ ဤအရာ၌ ရဟန်း ဂေါတမသည် အဘယ်သို့ အယူရှိပါသနည်း၊ အဘယ်သို့ ဟောကြားပါသနည်း၊ အကျွန်ုပ်တို့သည် အဘယ် သို့ ပြောကြားသည်ရှိသော် ရဟန်းဂေါတမ (ဆိုသော) စကားကိုပင် အတုလိုက်၍ ဆိုသည် မည်ပါကုန် သနည်း၊ ရဟန်းဂေါတမကို မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်ပါကုန်အံ့နည်း၊ အသျှင်ဂေါတမ၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်ပါကုန်အံ့နည်း၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ်အကြောင်းသို့ မရောက်ဘဲ ရှိပါကုန်အံ့နည်း”ဟု ဆို ကြကုန်၏။

ငါ့သျှင်တို့ ဆင်းရဲဒုက္ခကို ပဋိစ္စသမုပ္ပန္န (စွဲ၍ ဖြစ်သော) တရားဟု မြတ်စွာဘုရား ဟောတော်မူအပ်၏၊ အဘယ်ကို စွဲ၍ ဖြစ်သနည်း၊ တွေ့ထိမှု ‘ဖဿ’ကို စွဲ၍ ဖြစ်၏၊ ဤသို့ ဆိုသောသူသည် မြတ်စွာဘုရား ဆိုသော စကားကိုပင် အတုလိုက်၍ ဆိုသည် မည်၏၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်၏၊ မြတ်စွာဘုရား၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်၏၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ် အကြောင်းသို့ မရောက်ဘဲ့ရှိရာ၏။

ငါ့သျှင်တို့ ထိုအယူလေးပါးတို့တွင် အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း တွေ့ထိမှု ‘ဖဿ’ အကြောင်းခံ ကြောင့် ဖြစ်၏။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဆင်းရဲဒုက္ခကို သူတစ်ပါး ပြုအပ်၏ဟူ၍ ပညတ် ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း တွေ့ထိမှု ‘ဖဿ’ အကြောင်းခံကြောင့် ဖြစ်၏။ အကြင် ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဆင်းရဲဒုက္ခကို ကိုယ်တိုင်လည်း ပြုအပ်၏၊ သူတစ်ပါးလည်း ပြုအပ်ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း တွေ့ထိမှု ‘ဖဿ’ အကြောင်းခံကြောင့် ဖြစ်၏။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုသည်လည်း မဟုတ်၊ သူတစ်ပါးတို့ ပြုသည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟု ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း တွေ့ထိမှု ‘ဖဿ’ အကြောင်းခံကြောင့် ဖြစ်၏။

ငါ့သျှင်တို့ ထိုအယူလေးပါးတို့တွင် ဆင်းရဲဒုက္ခကို ကိုယ်တိုင်ပြုအပ်၏ဟု ပညတ်ကုန်သော ကမ္မဝါဒီ သမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် တွေ့ထိမှု ‘ဖဿ’ကို ကြဉ်ထား၍ ဆင်းရဲဒုက္ခကို ခံစားကုန်လတ္တံ့ ဟူသော ဤအကြောင်းသည် မရှိ။ ဆင်းရဲဒုက္ခကို သူတစ်ပါးပြုအပ်၏ဟု ပညတ်ကုန်သော ကမ္မဝါဒီသမဏ ဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် တွေ့ထိမှု ‘ဖဿ’ကို ကြဉ်ထား၍ ဆင်းရဲဒုက္ခကို ခံစားကုန်လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။ ဆင်းရဲဒုက္ခကို ကိုယ်တိုင်လည်း ပြုအပ်၏၊ သူတစ်ပါးလည်း ပြုအပ်၏ဟူ၍ ပညတ်ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် တွေ့ထိမှု ‘ဖဿ’ကို ကြဉ်ထား၍ ဆင်းရဲ ဒုက္ခကို ခံစားကုန်လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။ ဆင်းရဲဒုက္ခတို့ကို ကိုယ်တိုင်လည်း ပြုအပ်သည် မဟုတ်၊ သူတစ်ပါးလည်း ပြုအပ်သည် မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်သော ကမ္မဝါဒီသမဏ ဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် တွေ့ထိမှု ‘ဖဿ’ကို ကြဉ်ထား၍ ဆင်းရဲဒုက္ခကို ခံစားကုန်လတ္တံ့ဟူသော ဤအကြောင်းသည် မရှိဟု ဟောတော်မူ၏။

အသျှင်အာနန္ဒာသည် သာသနာပြင်ပအယူရှိသော တိတ္ထိပရိဗိုဇ်တို့နှင့် အတူ အသျှင်သာရိပုတ္တရာ၏ ဤစကားပြောဟောနေသည်ကို ကြားလေသော် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံပြီးလျှင် ဆွမ်းစားပြီးနောက် ဆွမ်း ခံရွာမှ ဖဲခဲ့၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင် ပြီးသော် သာသနာတော်ပြင်ပအယူရှိသော တိတ္ထိပရိဗိုဇ်တို့နှင့် အတူ အသျှင်သာရိပုတ္တရာ၏ ပြောသမျှ စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ကြား၏။

အာနန္ဒာ ကောင်းစွ ကောင်းစွ၊ ကောင်းစွာ ဖြေကြားလိုသူသည် သာရိပုတ္တရာ ဖြေကြားသကဲ့သို့ ဖြေကြားရာ၏၊ အာနန္ဒာ ဆင်းရဲဒုက္ခကို ပဋိစ္စသမုပ္ပန္န (စွဲ၍ ဖြစ်သော) တရားဟူ၍ ငါဘုရား ဟော၏။ အဘယ်ကို စွဲ၍ ဖြစ်သနည်း၊ ‘ဖဿ’ကို စွဲ၍ ဖြစ်၏၊ ဤသို့ ဆိုသောသူသည် ငါဘုရားဆိုသော စကား ကိုပင် အတုလိုက်၍ ဆိုသည် မည်ရာ၏၊ ငါဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် ဖြစ်ရာ၏၊ ငါဘုရား၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်ရာ၏၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ် အကြောင်းသို့ မရောက်ဘဲ ရှိရာ၏။

အာနန္ဒာ ထိုအယူလေးပါးတို့တွင် အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း တွေ့ထိမှု ‘ဖဿ’ အကြောင်းခံ ကြောင့် ဖြစ်၏။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ကား။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဆင်းရဲဒုက္ခကို ကိုယ်တိုင်ပြုသည်လည်း မဟုတ်၊ သူတစ် ပါး ပြုသည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟု ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း တွေ့ထိမှု ‘ဖဿ’ အကြောင်းခံကြောင့် ဖြစ်၏၊

အာနန္ဒာ ထိုအယူလေးပါးတို့တွင် ဆင်းရဲဒုက္ခကို ကိုယ်တိုင်ပြုအပ်သည်ဟူ၍ ပညတ်ကြကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဖဿကို ကြဉ်ထား၍ ဆင်းရဲဒုက္ခကို ခံစားကုန်လတ္တံ့ဟူသော ဤ အကြောင်းသည် မရှိ၊ သမဏဗြာဟ္မဏတို့သည်။ပ။ သမဏဗြာဟ္မဏတို့သည်။ပ။ ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါးပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟု ပညတ်ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ ဆင်းရဲဒုက္ခကို ခံစားကုန်လတ္တံ့ဟူ သော ဤအကြောင်းသည် မရှိ။

အာနန္ဒာ အခါတစ်ပါး၌ ငါဘုရားသည် ဤရာဇဂြိုဟ်ပြည်၌ပင်လျှင် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ အာနန္ဒာ ထိုအခါ ငါဘုရားသည် နံနက် အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံဝင်၏၊ အာနန္ဒာ ထိုငါဘုရားအား “ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံခြင်းငှါ အလွန်စောသေး၏၊ ငါသည် သာသနာတော်ပြင်ပအယူ ရှိကုန်သော တိတ္ထိပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ရမူကား ကောင်းရာ၏”ဟု အကြံ ဖြစ်၏။

အာနန္ဒာ ထိုအခါ ငါဘုရားသည် သာသနာတော်ပြင်ပအယူရှိကုန်သော တိတ္ထိပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ပြီးလျှင် ထိုသာသနာတော်ပြင်ပအယူရှိကုန်သော တိတ္ထိပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ အာနန္ဒာ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ငါဘုရားအား ထိုသာသနာတော်ပြင်ပအယူရှိကုန်သော တိတ္ထိပရိဗိုဇ်တို့သည် ဤစကားကို လျှောက်ကုန်၏—

“ငါ့သျှင်ဂေါတမ ဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီသမဏဗြာဟ္မဏ အချို့တို့ ရှိကုန်၏၊ ငါ့သျှင်ဂေါတမ ဆင်းရဲကို သူတစ်ပါး ပြုအပ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီသမဏဗြာဟ္မဏ အချို့တို့ ရှိကုန်၏၊ ငါ့သျှင်ဂေါတမ ဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်၊ သူတစ်ပါးလည်း ပြုအပ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီသမဏဗြာဟ္မဏအချို့တို့ ရှိကုန်၏၊ ငါ့သျှင်ဂေါတမ ဆင်းရဲကို ကိုယ်တိုင် ပြုအပ် သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟု ပညတ်ကြသည့် ကမ္မဝါဒီသမဏဗြာဟ္မဏအချို့တို့ ရှိကုန်၏၊ ဤအရာ၌ အသျှင်ဂေါတမသည် အဘယ်သို့ အယူရှိပါသနည်း၊ အဘယ်သို့ ဟောကြားပါသနည်း၊ အဘယ်သို့ ပြောကြားသည်ရှိသော် အသျှင်ဂေါတမ ဆိုသောစကားကိုပင် အတုလိုက်၍ ဆိုသည် မည်ပါကုန်အံ့နည်း၊ အသျှင်ဂေါတမကို မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်ပါကုန်အံ့နည်း၊ အသျှင်ဂေါတမ၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်ပါကုန် အံ့နည်း၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ် အကြောင်းသို့ မရောက်ဘဲ ရှိပါကုန်အံ့နည်း”ဟု (လျှောက်၏)။

အာနန္ဒာ ဤသို့ ဆိုအပ်သည်ရှိသော် ငါသည် သာသနာတော်ပြင်ပအယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤသို့သော စကားကို မိန့်ဆို၏— “ငါ့သျှင်တို့ ဆင်းရဲဒုက္ခကို ပဋိစ္စသမုပ္ပန္န (စွဲ၍ ဖြစ်သော) တရားဟူ၍ ငါ ဟောအပ်၏။ အဘယ်ကို စွဲ၍ ဖြစ်သနည်း၊ ဖဿကို စွဲ၍ ဖြစ်၏။ ဤသို့ ဆိုသော သူသည် ငါဆိုသော စကားကိုပင် အတုလိုက်၍ ဆိုသည် မည်ရာ၏၊ ငါ့ကိုလည်း မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်၏၊ ငါ၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်၏၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ်အကြောင်းသို့ မရောက်ဘဲ ရှိရာ၏”ဟု (မိန့်ဆို၏)။

ငါ့သျှင်တို့ ထိုအယူလေးပါးတို့တွင် အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း ဖဿ အကြောင်းခံကြောင့် ဖြစ်၏၊ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်လည်း။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်လည်း။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်ကား ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏့ဝေဒနာသည်လည်း ဖဿ အကြောင်းခံကြောင့် ဖြစ်၏၊

ငါ့သျှင်တို့ ထိုအယူလေးပါးတို့တွင် ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ ဆင်းရဲကို ခံစားကုန်လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ၊ သမဏဗြာဟ္မဏတို့သည်။ပ။ သမဏဗြာဟ္မဏတို့သည်ကား။ပ။ ဆင်းရဲဒုက္ခကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟု ပညတ်ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ ဆင်းရဲကို ခံစား ကုန်လတ္တံ့ဟူသော ဤအကြောင်းသည် မရှိဟု ဟောတော်မူ၏။ အသျှင်ဘုရား အံ့ဖွယ်ရှိပါ၏၊ အသျှင် ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏၊ ယင်းသို့သော အရာ၌ တစ်ခုသော ပုဒ်ဖြင့် အလုံးစုံသော အနက်ကို ဟော အပ်သည် ဖြစ်ဘိ၏၊ အသျှင်ဘုရား ဤအနက်ကိုပင်လျှင် အကျယ်အားဖြင့် ဟောသည်ရှိသော် နက်နဲသည်လည်း ဖြစ်ရာ၏၊ နက်နဲသော အသွင်ရှိသည်လည်း ဖြစ်ရာ၏ဟု လျှောက်၏။

အာနန္ဒာ သို့ဖြစ်လျှင် ဤအရာဝယ် သင့်ဉာဏ်၌ ထင်စေလော့ဟု မိန့်တော်မူ၏၊ အသျှင်ဘုရား အကျွန်ုပ်ကို “ငါ့သျှင်အာနန္ဒာ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’သည် အဘယ်တရားလျှင် အကြောင်းခံရှိသ နည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရား လျှင် အမွန်အစရှိသနည်း”ဟု မေးလာကြပါကုန်မူ “ငါ့သျှင်တို့ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’သည် စင်စစ် ‘ဇာတိ’လျှင် အကြောင်းခံရှိ၏၊ ဇာတိလျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ ‘ဇာတိ’ကြောင့် ဖြစ်၏၊ ‘ဇာတိ’လျှင် အမွန် အစရှိ၏”ဟု ဤသို့ ဖြေကြားပါအံ့။

အသျှင်ဘုရား အကျွန်ုပ်ကို “ငါ့သျှင်အာနန္ဒာ ပဋိသန္ဓေနေမှု ‘ဇာတိ’သည် အဘယ်တရားလျှင် အကြောင်းခံရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း”ဟု မေးလာကြကုန်မူ “ပဋိသန္ဓေနေမှု ‘ဇာတိ’သည် ဘဝလျှင် အကြောင်းခံ ရှိ၏၊ ဘဝလျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ ဘဝကြောင့် ဖြစ်၏၊ ဘဝလျှင် အမွန်အစရှိ၏”ဟု ဤသို့ ဖြေကြားပါအံ့။

အသျှင်ဘုရား အကျွန်ုပ်ကို “ငါ့သျှင်အာနန္ဒာ ဘဝသည် အဘယ်တရားလျှင် အကြောင်းခံရှိသနည်း၊ အဘယ် တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း”ဟု မေးလာကြကုန်မူ “ဘဝသည် ဥပါဒါန်တရားလျှင် အကြောင်းခံရှိ၏၊ ဥပါဒါန်လျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ ဥပါဒါန်ကြောင့် ဖြစ်၏၊ ဥပါဒါန်လျှင် အမွန်အစရှိ၏”ဟု ဤသို့ ဖြေကြားပါအံ့။

အသျှင်ဘုရား အကျွန်ုပ်ကို “ငါ့သျှင်အာနန္ဒာ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’သည်။ပ။ ငါ့သျှင် တပ် မက်မှု ‘တဏှာ’သည်။ပ။ ငါ့သျှင် ခံစားမှု ‘ဝေဒနာ’သည်။ပ။ အသျှင်ဘုရား အကျွန်ုပ်ကို “ငါ့သျှင်အာနန္ဒာ တွေ့ထိမှု ‘ဖဿ’သည် အဘယ်တရားလျှင် အကြောင်းခံရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသ နည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း”ဟု မေးလာကြကုန်မူ “တွေ့ထိမှု ‘ဖဿ’သည် တည်ရာ ‘အာယတန’ ခြောက်ပါးလျှင် အကြောင်းခံရှိ၏၊ အာယတနခြောက်ပါးလျှင် ဖြစ်ပေါ်ကြောင်း ရှိ၏၊ အာယတနခြောက်ပါးကြောင့် ဖြစ်၏၊ အာယတနခြောက်ပါးလျှင် အမွန်အစရှိ၏”ဟု ဤသို့ ဖြေကြားပါအံ့။ “ငါ့သျှင် ဖဿ၏ တည်ရာ ‘အာယတန’ခြောက်ပါးတို့၏ (အရဟတ္တမဂ်ဖြင့်) အကြွင်း မဲ့ ချုပ်ခြင်းကြောင့် တွေ့ထိမှု ‘ဖဿ’ ချုပ်၏၊ တွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ချုပ်၏၊ ခံစားမှု ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်၏၊ တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ချူပ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ချူပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ စိုးရိမ်ခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ဆင်းရဲခြင်း ‘ဒုက္ခ’၊ နှလုံးမသာခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့ချူပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု ဤသို့ ဖြေကြားပါအံ့ဟု (လျှောက်၏)။

စတုတ္ထသုတ်။