သံယုတ္တနိကာယ်—၁၂

၃—ဒသဗလဝဂ်

၅—ဘူမိဇ သုတ်

၂၅။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်ဘူမိဇသည် ညနေချမ်းအခါ တစ်ပါး တည်း ကိန်းအောင်းရာမှ ထလျက် အသျှင်သာရိပုတ္တရာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတ္တရာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင် သာရိပုတ္တရာအား ဤစကားကို လျှောက်၏—

“ငါ့သျှင်သာရိပုတ္တရာ ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်သော ကမ္မဝါဒီသမဏ ဗြာဟ္မဏအချို့တို့ ရှိကြကုန်၏၊ ငါ့သျှင်သာရိပုတ္တရာ ချမ်းသာဆင်းရဲကို သူတစ်ပါး ပြုအပ်၏ဟူ၍ ပညတ် ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏအချို့တို့ ရှိကြကုန်၏၊ ငါ့သျှင်သာရိပုတ္တရာ ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ် သူတစ်ပါးလည်း ပြုအပ်၏ဟူ၍ ပညတ်ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏအချို့တို့ ရှိကြ ကုန်၏၊ ငါ့သျှင်သာရိပုတ္တရာ ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ် သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏ အချို့တို့ ရှိကြ ကုန်၏။ ငါ့သျှင်သာရိပုတ္တရာ ဤအရာ၌ အကျွန်ုပ်တို့၏ မြတ်စွာဘုရားသည် အဘယ်သို့ အယူရှိပါသနည်း၊ အဘယ်သို့ ဟောကြားပါသနည်း၊ အဘယ်သို့ ပြောကြားသည်ရှိသော် မြတ်စွာဘုရား၏ ဟောသော စကား ကိုပင် အတုလိုက်၍ ဆိုသည် မည်ပါကုန်အံ့နည်း၊ မြတ်စွာဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်ပါကုန်အံ့နည်း၊ မြတ်စွာဘုရား၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်ပါကုန်အံ့နည်း၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ်သို့ မရောက်ဘဲ ရှိပါအံ့နည်း”ဟု လျှောက်၏။

ငါ့သျှင် ချမ်းသာဆင်းရဲကို ပဋိစ္စသမုပ္ပန္န (စွဲ၍ ဖြစ်သော) တရားဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏။ အဘယ်ကို စွဲ၍ ဖြစ်သနည်း၊ ဖဿကို စွဲ၍ ဖြစ်၏။ ဤသို့ ဆိုသောသူသည် မြတ်စွာဘုရား ဟောတော်မူ အပ်သော စကားကိုပင် အတုလိုက်၍ ဆိုသည် မည်ရာ၏၊ မြတ်စွာဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်ရာ၏၊ မြတ်စွာဘုရား၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြား သည် မည်ရာ၏၊ အကြောင်းနှင့်တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာကဲ့ရဲ့ဖွယ်သို့ မရောက်ဘဲ ရှိရာ၏။

ငါ့သျှင် ထိုအယူလေးပါးတို့တွင် အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း ဖဿ အကြောင်းခံကြောင့် ဖြစ်၏၊ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်ကား ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း ဖဿ အကြောင်းခံကြောင့် ဖြစ်၏။

ငါ့သျှင် ထိုအယူလေးပါးတို့တွင် ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ ချမ်းသာဆင်းရဲကို ခံစားကြကုန် လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ၊ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်ကား ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ ချမ်းသာဆင်းရဲကို ခံစားကြကုန်လတ္တံ့ဟူ့သော ဤအကြောင်းသည် မရှိဟု မိန့်ဆို၏။

အသျှင်အာနန္ဒာသည် အသျှင်ဘူမိဇနှင့် အတူ အသျှင်သာရိပုတ္တရာ၏ ဟောသမျှ စကားအလုံးစုံကို ကြားလေ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး လျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်ဘူမိဇနှင့် အတူ အသျှင်သာရိပုတ္တရာ၏ ပြောဟောသမျှ စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ကြား၏။

အာနန္ဒာ ကောင်းစွ ကောင်းစွ၊ ကောင်းစွာ ဖြေကြားလိုသူသည် သာရိပုတ္တရာ ဖြေကြားသကဲ့သို့ ဖြေကြားရာ၏၊ အာနန္ဒာ စင်စစ် ချမ်းသာဆင်းရဲကို ပဋိစ္စသမုပ္ပန္န (စွဲ၍ ဖြစ်သော) တရားဟူ၍ ငါဟော အပ်၏။ အဘယ်ကို စွဲ၍ ဖြစ်သနည်း၊ ဖဿကို စွဲ၍ ဖြစ်၏။ ဤသို့ ဆိုသောသူသည် ငါဘုရားဟော အပ်သော စကားကိုပင် အတုလိုက်၍ ဆိုသည် မည်ရာ၏၊ ငါဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်ရာ၏၊ ငါဘုရား၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်ရာ၏၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ်အကြာင်းသို့ မရောက်ဘဲ ရှိရာ၏။

အာနန္ဒာ ထိုအယူလေးပါးတို့တွင် အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် ချမ်းသာဆင်းရဲကို ကိုယ် တိုင် ပြုအပ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း ဖဿ အကြေင်းခံကြောင့် ဖြစ်၏၊ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်ကမ္မဝါဒီ သမဏဗြာဟ္မဏတို့သည်ကား ဆင်းရဲကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း ဖဿ အကြောင်းခံကြောင့် ဖြစ်၏။

အာနန္ဒာ ထိုအယူလေးပါးတို့တွင် ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏ဟူ၍ ပညတ်ကြကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ ချမ်းသာဆင်းရဲကို ခံစားကြကုန် လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ၊ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည်ကား။ပ။ ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ် သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ်သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကြကုန်သော ကမ္မဝါဒီသမဏဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ ချမ်းသာဆင်းရဲကို ခံစားကုန်လတ္တံ့ ဟူသော ဤအကြောင်းသည် မရှိ။

အာနန္ဒာ ကိုယ် ‘ကာယ’ ရှိခဲ့သော် ကိုယ်၌ ဖြစ်သော စေ့ဆော်မှု ‘ကာယသေဉ္စတနာ’ဟူသော အကြောင်းကြောင့် အတွင်းသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်၏။ အာနန္ဒာ နှုတ် ‘ဝါစာ’ ရှိခဲ့သော် နှုတ်၌ ဖြစ်သော စေ့ဆော်မှု ‘ဝစီသေဉ္စတနာ’ဟူသော အကြောင်းကြောင့် အတွင်းသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်၏။ အာနန္ဒာ စိတ် ‘မနော’ ရှိခဲ့သော် စိတ်၌ ဖြစ်သော စေ့ဆော်မှု ‘မနောသေဉ္စတနာ’ဟူသော အကြောင်းကြောင့် အတွင်းသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်၏။ ဤစေတနာသည် မသိမှု ‘အဝိဇ္ဇာ’ အကြောင်းကြောင့်လည်း ဖြစ်၏။

အာနန္ဒာ အကြင်ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ ထိုကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ကို ကိုယ်တိုင်မူလည်း ပြုစီရင်၏။ အာနန္ဒာ အကြင်ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်၏၊ ထိုကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ကို သူတစ်ပါးတို့မူလည်း ပြုစီရင်ကုန်၏။ အာနန္ဒာ အကြင်ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်၏၊ ထိုကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ကို ကောင်းစွာ သိသည် ဖြစ်၍မူလည်း ပြုစီရင်၏။ အာနန္ဒာ အကြင်ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ဟူသော အကြောင်းကြောင့်မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်၏၊ ထိုကိုယ်ဖြင့် ပြုစီရင်မူ ‘ကာယသင်္ခါရ’ကို ကောင်းစွာ မသိမူ၍လည်း ပြုစီရင်၏။

အာနန္ဒာ အကြင်နှုတ်ဖြင့် ပြုစီရင်မှု ‘ဝစီသင်္ခါရ’ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်၏၊ ထိုနှုတ်ဖြင့် ပြုစီရင်မှု ‘ဝစီသင်္ခါရ’ကို ကိုယ်တိုင်မူလည်း ပြုစီရင်၏။ အာနန္ဒာ အကြင်နှုတ်ဖြင့် ပြုစီရင်မှု ‘ဝစီသင်္ခါရ’ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ ထိုနှုတ်ဖြင့် ပြုစီရင်မှု ‘ဝစီသင်္ခါရ’ကို သူတစ်ပါးတို့မူလည်း ပြုစီရင်ကုန်၏။ အာနန္ဒာ အကြင်နှုတ်ဖြင့် ပြုစီရင်မှု ‘ဝစီသင်္ခါရ’ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ ထိုနှုတ်ဖြင့် ပြုစီရင်မှု ‘ဝစီသင်္ခါရ’ကို ကောင်းစွာ သိသည် ဖြစ်၍မူလည်း ပြုစီရင်၏။ပ။ မသိမူ၍လည်း ပြုစီရင်၏။

အာနန္ဒာ အကြင်စိတ်ဖြင့် ပြုစီရင်မှု ‘မနောသင်္ခါရ’ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်၏၊ ထိုစိတ်ဖြင့် ပြုစီရင်မှု ‘မနောသင်္ခါရ’ကို ကိုယ်တိုင်မူလည်း ပြုစီရင်၏၊ အာနန္ဒာ အကြင်စိတ်ဖြင့် ပြုစီရင်မှု ‘မနောသင်္ခါရ’ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ ထိုစိတ်ဖြင့် ပြုစီရင်မှု ‘မနောသင်္ခါရ’ကို သူတစ်ပါးတို့မူလည်း ပြုစီရင်ကုန်၏၊ အာနန္ဒာ အကြင် စိတ်ဖြင့် ပြုစီရင်မှု ‘မနောသင်္ခါရ’ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ ထိုစိတ်ဖြင့် ပြုစီရင်မှု ‘မနောသင်္ခါရ’ကို ကောင်းစွာ သိသည် ဖြစ်၍မူလည်း ပြုစီရင်၏။ပ။ မသိမူ၍လည်း ပြုစီရင်၏။

အာနန္ဒာ ဤတရားတို့၌ မသိမှု ‘အဝိဇ္ဇာ’သည် ကျရောက်၏၊ အာနန္ဒာ အကြင်စေတနာကာယဟူ သော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် အရဟတ္တမဂ် ဖြင့် အကြွင်းမဲ့ ချူပ်ခြင်းကြောင့် ထိုစေတနာကာယသည် မဖြစ်။ အကြင်စေတနာဝါစာဟူသော အကြောင်း ကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချူပ်ခြင်းကြောင့် ထိုစေတနာဝါစာသည် မဖြစ်။ အကြင်မနောဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ထိုမနောကံသည် မဖြစ်။ ထိုစေတနာသည် (ချမ်းသာဆင်းရဲ၏) ပေါက်ရောက်ရာ လယ်မြေ မဟုတ်။ပ။ ထိုစေတနာသည် (ချမ်းသာဆင်းရဲ၏) တည်ရာ ယာမြေ မဟုတ်။ပ။ ထိုစေတနာသည် (ချမ်းသာဆင်းရဲ၏) တည်ရာ အာယတန မဟုတ်။ပ။ အကြင်မနောဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲ သည် ဖြစ်၏၊ ထိုစေတနာသည် ချမ်းသာဆင်းရဲ၏ အကြောင်း မဟုတ်ဟု (ဟောတော်မူ၏)။

ပဉ္စမသုတ်။