သံယုတ္တနိကာယ်—၁၂

၃—ဒသဗလဝဂ်

၇—ပစ္စယသုတ်

၂၇။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။ပ။ ဤသို့ လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပေါ်၏။

ရဟန်းတို့ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’သည် အဘယ်နည်း၊ ထိုထိုသတ္တဝါတို့အား ထိုထိုဘုံဘဝ၌ အကြင်အိုခြင်း အိုသည်၏အဖြစ် သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ ဆုတ်ယုတ်ခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းဟူသော ဤသဘောတရားကို အိုခြင်း ‘ဇရာ’ဟူ၍ ဆိုအပ်၏။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝမှ ရွေ့လျောခြင်း ရွေ့လျောသည်၏အဖြစ် ပျက်ခြင်း ကွယ်ပျောက်ခြင်း အသက်ကို စွန့်ခြင်း သေခြင်း ဘဝအဆုံးကို ပြုခြင်း ခန္ဓာတို့၏ ပျက်ခြင်း ကိုယ်ကောင်ကို ပစ်ချရခြင်းဟူသော သဘောတရား ကို သေခြင်း ‘မရဏ’ဟူ၍ ဆိုအပ်၏။ ဤအိုခြင်း ‘ဇရာ’သည်လည်းကောင်း၊ သေခြင်း ‘မရဏ’သည်လည်းကောင်း ရှိ၏။ ရဟန်းတို့ ဤသဘောတရားကို ဇရာမရဏဟူ၍ ဆိုအပ်၏။ ဇာတိ ဖြစ်ခြင်းကြောင့် ဇရာ မရဏ ဖြစ်ပေါ်၏၊ ဇာတိ ချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်၏၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်သည် ဇရာမရဏ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ပေတည်း။ ဤသည်ကား အဘယ်နည်း၊ မှန် ကန်သော အမြင်၊ မှန်ကန်သော အကြံ၊ မှန်ကန်သော စကား၊ မှန်ကန်သော အလုပ်၊ မှန်ကန်သော အသက်မွေးမှု၊ မှန်ကန်သော အားထုတ်မှု၊ မှန်ကန်သော အောက်မေ့မှု၊ မှန်ကန်သော တည်ကြည်မှုတည်း။

ရဟန်းတို့ ပဋိသန္ဓေနေမှု ‘ဇာတိ’ဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ဘဝဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ခံစားမှု ‘ဝေဒနာ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ တည်ရာ ‘အာယတန’ခြောက်ပါးဟူသည် အဘယ်နည်း။ ရဟန်းတို့ နာမ်ရုပ်ဟူ သည် အဘယ်နည်း။ ရဟန်းတို့ သိမှု ‘ဝိညာဏ်’ဟူသည် အဘယ်နည်း။

ရဟန်းတို့ ပြုစီရင်မှု ‘သင်္ခါရ’တို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြုစီရင်မှု ‘သင်္ခါရ’တို့သည် ဤ သုံးပါးတို့တည်း။ ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’၊ နှုတ်ဖြင့် ပြုစီရင်မှု ‘ဝစီသင်္ခါရ’၊ စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’တို့တည်း။ ရဟန်းတို့ ဤတရားသုံးပါးတို့ကို ပြုစီရင်မှု ‘သင်္ခါရ’တို့ဟူ၍ ဆိုအပ်ကုန်၏။ မသိမှု ‘အဝိဇ္ဇာ’ ဖြစ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်သည် သင်္ခါရတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သောအမြင်။ပ။ မှန်ကန်သော တည်ကြည်မှုတည်း။

ရဟန်းတို့ အရိယာတပည့်သည် ဤသို့ အကြောင်းကို သိ၏၊ ဤသို့ အကြောင်းတရားတို့၏ ဖြစ်ပေါ်ကြောင်းကို သိ၏၊ ဤသို့ အကြောင်းတရားတို့၏ ချုပ်ရာကို သိ၏၊ ဤသို့ အကြောင်းတရားတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏၊ ထိုကြောင့် ဤအရိယာတပည့်ကို အယူနှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ဉာဏ်အမြင်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ဤသူတော်ကောင်းတရားသို့ ရောက်လာသူဟူ၍လည်းကောင်း၊ ဤသူတော်ကောင်းတရားကို မြင်သူဟူ၍လည်းကောင်း၊ ကျင့်ဆဲ ‘သေက္ခ’ ဉာဏ်နှင့် ပြည့်စုံသူဟူလည်းကောင်း၊ ကျင့်ဆဲ ‘သေက္ခ’ဝိဇ္ဇာနှင့် ပြည့်စုံသူဟူလည်းကောင်း၊ တရားအယဉ်သို့ ရောက်သူဟူ၍လည်းကောင်း၊ (ကိလေသာကို) ဖောက်ခွဲနိုင်သော အရိယာပညာရှိဟူ၍လည်းကောင်း၊ အမြိုက် (နိဗ္ဗာန်) တံခါးသို့ ရောက်၍ တည်သူဟူ၍လည်းကောင်း ဆိုအပ်၏။

သတ္တမသုတ်။