သံယုတ္တနိကာယ်—၁၂

၁—ဗုဒ္ဓဝဂ်

၃—ပဋိပဒါသုတ်

၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ရဟန်းတို့ မှားယွင်းသော အကျင့် ‘မိစ္ဆာပဋိပဒါ’ ကိုလည်းကောင်း၊ မှန်ကန်သော အကျင့် ‘သမ္မာပဋိပဒါ’ကိုလည်းကောင်း သင်တို့အား ဟောကြားပေအံ့။ ထို တရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏၊ “ကောင်း ပါပြီ အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားစကားကို ဟောကြားတော်မူ၏—

ရဟန်းတို့ မှားယွင်းသော အကျင့် ‘မိစ္ဆာပဋိပဒါ’ ဟူသည် အဘယ်နည်း။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု “သင်္ခါရ”တို့ ဖြစ်ရကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်ရ၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွားရ၏၊ ရဟန်းတို့ ဤသဘောတရား ကို မှားယွင်းသော အကျင့် ‘မိစ္ဆာပဋိပဒါ’ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သော အကျင့် ‘သမ္မာပဋိပဒါ’ ဟူသည် အဘယ်နည်း။ မသိမှု ‘အဝိဇ္ဇာ’၏ အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု “သင်္ခါရ”တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု “သင်္ခါရ”တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်ရ၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်ပျောက်ခြင်း ဖြစ်၏၊ ရဟန်းတို့ ဤသဘောတရားကို မှန်ကန်သော အကျင့် ‘သမ္မာပဋိပဒါ’ဟု ဆိုအပ်၏။

တတိယသုတ်။