သံယုတ္တနိကာယ်—၁၂

၄—ကဠာရခတ္တိယဝဂ်

၁—ဘူတသုတ်

၃၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတ္တရာကို ခေါ်တော်မူ၏၊ “သာရိပုတ္တရာ ပါရာယနဝဂ် အဇိတလုလင် မေးအပ်သော အမေး၌—

“(အသျှင်ဘုရား) ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်တို့သည် သိအပ်ပြီးသော တရားရှိကုန်၏၊ များစွာသော အကြင်ပုဂ္ဂိုလ်တို့သည်လည်း ကျင့်ဆဲဖြစ်ကုန်၏၊ ထို ပုဂ္ဂိုလ်တို့၏ အကျင့်ကို အကျွန်ုပ် မေးအပ်သော ရင့်ကျက်သော ပညာရှိတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူပါလော့”ဟု ဤတရားစကားကို ဟောအပ်ပြီ။

သာရိပုတ္တရာ အကျဉ်းအားဖြင့် ဟောအပ်သော ဤတရား၏ အနက်ကို အကျယ်အားဖြင့် အဘယ်သို့ မှတ်အပ်သနည်း”ဟု မိန့်တော်မူ၏၊ ဤသို့ မိန့်တော်မူသည် ရှိသော် အသျှင်သာရိပုတ္တရာသည် ဆိတ်ဆိတ် နေ၏၊ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် အသျှင်သာရိပုတ္တရာကို မိန့်တော်မူ၏။ပ။ နှစ်ကြိမ်မြောက်လည်း အသျှင်သာရိပုတ္တရာသည် ဆိတ်ဆိတ် နေ၏၊ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရား သည် အသျှင်သာရိပုတ္တရာကို မိန့်တော်မူ၏။ “သာရိပုတ္တရာ ပါရာယနဝဂ် အဇိတလုလင် မေးအပ်သော အမေး၌—

“(အသျှင်ဘုရား) ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်တို့သည် သိအပ်ပြီးသော တရား ရှိကုန်၏၊ များစွာသော အကြင်ပုဂ္ဂိုလ်တို့သည်လည်း ကျင့်ဆဲဖြစ်ကုန်၏၊ ထို ပုဂ္ဂိုလ်တို့၏ အကျင့်ကို အကျွန်ုပ် မေးအပ်သော ရင့်ကျက်သော ပညာရှိတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူပါလော့”ဟု ဤတရားစကားကို ဟောအပ်ပြီ။

သာရိပုတ္တရာ အကျဉ်းအားဖြင့် ဟောအပ်သော ဤတရား၏ အနက်ကို အကျယ်အားဖြင့် အဘယ်သို့ မှတ်အပ်သနည်း”ဟု မိန့်တော်မူပြန်၏၊ သုံးကြိမ်မြောက်လည်း အသျှင်သာရိပုတ္တရာသည် ဆိတ်ဆိတ် နေ၏။

သာရိပုတ္တရာ “ဤသည်ကား ခန္ဓာငါးပါးတည်း”ဟု ရှုလော့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား “ဤ သည်ကား ခန္ဓာငါးပါးတည်း”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှု၏၊ “ဤသည်ကား ခန္ဓာငါးပါးတည်း”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှုပြီး၍ ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းငှါ တပ်မက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။ “ထိုခန္ဓာငါးပါးသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှု၏၊ “ထိုခန္ဓာငါးပါးသည် အာဟာရ လျှင် ဖြစ်ကြောင်းရှိ၏”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှုပြီးလျှင် အာဟာရလျှင် ဖြစ် ကြောင်းရှိသော ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းငှါ တပ်မက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏၊ “ထိုအာဟာရ ချုပ်ခြင်းကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်းသဘောရှိ၏”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှု၏၊ “ထိုအာဟာရ ချုပ်ခြင်းကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်းသဘောရှိ၏”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှု၍ ချုပ်ခြင်းသဘောရှိသော ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းငှါ တပ်မက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်ပါ၏။ အသျှင်ဘုရား ဤသို့လျှင် ကျင့်ဆဲ ‘သေက္ခ’ ဖြစ်ပါ၏။

အသျှင်ဘုရား အဘယ်သို့လျှင် သိအပ်ပြီးသော တရားရှိသူ ဖြစ်သနည်း။ အသျှင်ဘုရား “ဤသည် ကား ခန္ဓာငါးပါးတည်း”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှု၏၊ “ဤသည်ကား ခန္ဓာ ငါးပါးတည်း”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှုပြီး၍ ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မှု ကင်းခြင်းကြောင့် ချုပ်ငြိမ်းခြင်းကြောင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်ခြင်းသည် ဖြစ်၏။ “ထိုခန္ဓာငါးပါးသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှု၏၊ “ခန္ဓာငါးပါးသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှုပြီး၍ အာဟာရလျှင် ဖြစ်ကြောင်းရှိသော ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မှု ကင်းခြင်းကြောင့် ချုပ်ငြိမ်းခြင်းကြောင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်ခြင်းသည် ဖြစ်၏။ “ထိုအာဟာရ၏ ချုပ်ခြင်း ကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်းသဘောရှိ၏”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့်ရှု၏၊ “ထိုအာဟာရ၏ ချုပ်ခြင်းကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်းသဘောရှိ၏”ဟုဟုတ်မှန်သောအတိုင်း ကောင်း သော ပညာဖြင့် မြင်၍ ချုပ်ငြိမ်းမှုသဘောရှိသော ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မှု ကင်းခြင်း ကြောင့် ချုပ်ငြိမ်းခြင်းကြောင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်မြောက်ခြင်းသည် ဖြစ်၏။ အသျှင်ဘုရား ဤသို့လျှင် သိအပ်ပြီးသော တရားရှိသူ ဖြစ်ပါ၏။ “အရှင်ဘုရား ဤသို့လျှင် ပါရာယနဝဂ် အဇိတလုလင် မေးအပ်သော အမေး၌—

“(အသျှင်ဘုရား) ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်တို့သည် သိအပ်ပြီးသော တရားရှိကုန်၏၊ များစွာသော အကြင်ပုဂ္ဂိုလ်တို့သည်လည်း ကျင့်ဆဲဖြစ်ကုန်၏၊ ထို ပုဂ္ဂိုလ်တို့၏ အကျင့်ကို အကျွန်ုပ် မေးအပ်သော ရင့်ကျက်သော ပညာရှိတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူပါလော့”ဟု ဤတရားစကားကို ဟောအပ်ပြီ။

အသျှင်ဘုရား အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရား၏ အနက်ကို ဤသို့လျှင် အကျယ် အားဖြင့် အကျွန်ုပ် သိပါ၏”ဟု (လျှောက်၏)။

သာရိပုတ္တရာ ကောင်းစွ ကောင်းစွ၊ သာရိပုတ္တရာ “ဤသည်ကား ခန္ဓာငါးပါးတည်း”ဟုဟုတ်မှန် သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၏၊ “ဤသည်ကား ခန္ဓာငါးပါးတည်း”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၍ ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းငှါ တပ်မက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ “ထိုခန္ဓာငါးပါးသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၏၊ “ထိုခန္ဓာငါးပါးသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၍် အာဟာရကြောင့်ဖြစ်သော ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းငှါ တပ်မက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏၊ “ထိုအာဟာရ၏ ချုပ်ခြင်းကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်းသဘောရှိ၏”ဟုဟုတ်မှန်သော အတိုင်း ကောင်းသော ပညာဖြင့် မြင်၏၊ “ထိုအာဟာရ၏ ချုပ်ခြင်းကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်း သဘောရှိ၏”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၍ ချုပ်ခြင်းသဘောရှိသော ခန္ဓာငါးပါး ကို ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏၊ သာရိပုတ္တရာ ဤသို့လျှင် ကျင့်ဆဲဖြစ်၏။

သာရိပုတ္တရာ အဘယ်သို့လျှင် သိအပ်ပြီးသော တရားရှိသူ ဖြစ်သနည်း။ သာရိပုတ္တရာ “ဤသည် ကား ခန္ဓာငါးပါးတည်း”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၏၊ “ဤသည်ကား ခန္ဓာ ငါးပါးတည်း”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၍ ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မူ ကင်းခြင်းကြောင့် ချုပ်ငြိမ်းခြင်းကြောင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်ခြင်းသည် ဖြစ်၏။ “ထိုခန္ဓာငါးပါးသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၏၊ “ထိုခန္ဓာငါးပါးသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏”ဟုဟုတ်မှန်သောအတိုင်း့ကောင်းသော ပညာဖြင့် မြင်၍် အာဟာရလျှင် ဖြစ်ကြောင်းရှိသော ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မှု ကင်းခြင်း ကြောင့် ချုပ်ငြိမ်းခြင်းကြောင့် မစွဲလမ်းမှု၍ (ကိလေသာတို့မှ) လွတ်ခြင်းသည် ဖြစ်၏။ “ထိုအာဟာရ၏ ချုပ်ခြင်းကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်းသဘောရှိ၏”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၏၊ “ထိုအာဟာရ၏ ချုပ်ခြင်းကြောင့် ခန္ဓာငါးပါးသည် ချုပ်ခြင်းသဘော ရှိ၏”ဟုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်၍ ချုပ်ငြိမ်းမှုသဘောရှိသော ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မှု ကင်းခြင်းကြောင့် ချုပ်ငြိမ်းခြင်းကြောင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်ခြင်းသည် ဖြစ်၏။ သာရိပုတ္တရာ ဤသို့လျှင် သိအပ်ပြီးသော တရားရှိသူ ဖြစ်၏။ “သာရိပုတ္တရာ ဤသို့လျှင် ပါရာယနဝဂ် အဇိတလုလင် မေးအပ်သော အမေး၌—

“(အသျှင်ဘုရား) ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်တို့သည် သိအပ်ပြီးသော တရားရှိကုန်၏၊ များစွာသော အကြင်ပုဂ္ဂိုလ်တို့သည် ကျင့်ဆဲ ဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏ အကျင့်ကို အကျွန်ုပ် မေးအပ်သော ရင့်ကျက်သော ပညာရှိတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူပါလော့”ဟု ဤတရားစကားကို ဟောအပ်ပြီ။

သာရိပုတ္တရာ အကျဉ်းအားဖြင့် ဟောအပ်သော ဤတရား၏ အနက်ကို ဤသို့လျှင် အကျယ်အားဖြင့် မှတ်အပ်၏”ဟု (ဟောတော်မူ၏)။

ပဌမသုတ်။