သံယုတ္တနိကာယ်—၁၂

၅—ဂဟပတိဝဂ်

၁ဝ—ဒုတိယ အရိယသာဝကသုတ်

၅ဝ။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ အကြားအမြင်နှင့် ပြည့်စုံသော အရိယာ တပည့်အား ဤသို့သော အကြံ မဖြစ် — “အသို့နည်း အဘယ်တရား ရှိသော် အဘယ်တရား ဖြစ်သနည်း၊ အဘယ်တရား ဖြစ်ခြင်းကြောင့် အဘယ်တရား ဖြစ်သနည်း၊ အဘယ်တရား ရှိသော် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်သနည်း၊ အဘယ်တရား ရှိသော် သိမှု ‘ဝိညာဏ်’ ဖြစ်သနည်း၊ အဘယ်တရား ရှိသော် နာမ်ရုပ် ဖြစ်သနည်း၊ အဘယ်တရား ရှိသော် တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) ဖြစ်သနည်း၊ အဘယ် တရား ရှိသော် တွေ့ထိမှု ‘ဖဿ’ ဖြစ်သနည်း၊ အဘယ်တရား ရှိသော် ခံစားမှု ‘ဝေဒနာ’ ဖြစ်သနည်း၊ အဘယ်တရား ရှိသော် တပ်မက်မှု ‘တဏှာ’ ဖြစ်သနည်း၊ အဘယ်တရား ရှိသော် ပြင်းစွာစွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်သနည်း၊ အဘယ်တရား ရှိသော် ဘဝ ဖြစ်သနည်း၊ အဘယ်တရား ရှိသော် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်သနည်း၊ အဘယ်တရား ရှိသော် ဇရာမရဏ ဖြစ်သနည်း”ဟု (အကြံ မဖြစ်)။

ရဟန်းတို့ စင်စစ်သော်ကား အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်အား မိမိမှ တစ်ပါး အားထားယုံကြည်အပ်သူ မရှိမူ၍ ဤအရာ၌ (ပဋိစ္စသမုပ္ပါဒ်) ဉာဏ်သည်သာလျှင် ဖြစ်၏၊ “ဤအကြောင်း တရား ရှိသော် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား ဖြစ်ခြင်းကြောင့် ဤအကျိုးတရား ဖြစ်၏၊ အဝိဇ္ဇာရှိသော် သင်္ခါရတို့ ဖြစ်ကုန်၏၊ သင်္ခါရတို့ ရှိကုန်သော် ဝိညာဏ် ဖြစ်၏၊ ဝိညာဏ်ရှိသော် နာမ်ရုပ် ဖြစ်၏၊ နာမ်ရုပ်ရှိသော် သဠာယတန ဖြစ်၏၊ သဠာယတနရှိသော် ဖဿ ဖြစ်၏၊ ဖဿရှိသော် ဝေဒနာ ဖြစ်၏၊ ဝေဒနာရှိသော် တဏှာ ဖြစ်၏၊ တဏှာရှိသော် ဥပါဒါန် ဖြစ်၏၊ ဥပါဒါန်ရှိသော် ဘဝ ဖြစ်၏၊ ဘဝရှိသော် ဇာတိ ဖြစ်၏၊ ဇာတိရှိသော် ဇရာမရဏ ဖြစ်၏”ဟု အသိဉာဏ် ဖြစ်၏၊ ထိုအရိယာတပည့် သည် “ဤလောကသည် ဤသို့ ဖြစ်၏”ဟု သိ၏။

ရဟန်းတို့ အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်အား ဤသို့သော အကြံ မဖြစ် — “အသို့ နည်း— အဘယ်တရား မရှိသော် အဘယ်တရား မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် အဘယ် တရား ချုပ်သနည်း၊ အဘယ်တရား မရှိသော် သင်္ခါရတို့ မဖြစ်ကုန်သနည်း၊ အဘယ်တရား မရှိသော် ဝိညာဏ် မဖြစ်သနည်း၊ အဘယ်တရား မရှိသော် နာမ်ရုပ် မဖြစ်သနည်း၊ အဘယ်တရား မရှိသော် သဠာယတန မဖြစ်သနည်း၊ အဘယ်တရား မရှိသော် ဖဿ မဖြစ်သနည်း၊ အဘယ်တရား မရှိသော် ဝေဒနာ မဖြစ်သနည်း၊ အဘယ်တရား မရှိသော် တဏှာ မဖြစ်သနည်း။ပ။ ဥပါဒါန်သည်။ ဘဝသည်။ ဇာတိသည် မဖြစ်သနည်း၊ အဘယ်တရား မရှိသော် ဇရာ မရဏသည် မဖြစ်သနည်း”ဟု (အကြံ မဖြစ်)။

ရဟန်းတို့ စင်စစ်သော်ကား အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်အား မိမိမှ တစ်ပါး အားထားယုံကြည်အပ်သူ မရှိမူ၍ ဤအရာ၌ (ပဋိစ္စသမုပ္ပါဒ်) ဉာဏ်သည်သာလျှင် ဖြစ်၏၊ “ဤအကြောင်း တရားသည် မရှိသော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား ချုပ်ခြင်းကြောင့် ဤအကျိုးတရား ချုပ်၏၊ အဝိဇ္ဇာ မရှိသော် သင်္ခါရတို့ မဖြစ်ကုန်၊ သင်္ခါရတို့ မရှိကုန်သော် ဝိညာဏ် မဖြစ်၊ ဝိညာဏ် မရှိသော် နာမ်ရုပ် မဖြစ်၊ နာမ်ရုပ် မရှိသော် သဠာယတန မဖြစ်။ပ။ ဇာတိ မရှိသော် ဇရာမရဏ မဖြစ်”ဟု အသိဉာဏ် ဖြစ်၏၊ ထိုအရိယာတပည့်သည် “ဤလောကသည် ဤသို့ ချုပ်၏”ဟု သိ၏။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤသို့ လောကဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်း ကိုလည်းကောင်းဟုတ်မှန်သောအတိုင်း သိ၏။ ရဟန်းတို့ ထိုအခါ ဤအရိယာတပည့်ကို မှန်ကန်သော အယူနှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ မှန်ကန်သောဉာဏ်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း ဤသူတော် ကောင်းတရားသို့ ရောက်လာသူဟူ၍လည်းကောင်း၊ ဤသူတော်ကောင်းတရားကို မြင်သူဟူ၍လည်းကောင်း၊ ကျင့်ဆဲ ‘သေက္ခ’ဉာဏ်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ကျင့်ဆဲ ‘သေက္ခ’ဝိဇ္ဇာနှင့်ပြည့်စုံသူဟူ၍လည်းကောင်း၊ ကောင်းစွာ တရားအယဉ်သို့ ရောက်သူဟူ၍လည်းကောင်း၊ (ကိလေသာကို) ဖောက်ခွဲနိုင်သော အရိယာပညာရှိဟူ၍လည်းကောင်း၊ အမြိုက် ‘နိဗ္ဗာန်’ တံခါးဝသို့ ရောက်၍ တည်သူဟူ၍လည်းကောင်း ဆို အပ်၏ဟု (ဟောတော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် ဂဟပတိဝဂ်ပြီး၏။