သံယုတ္တနိကာယ်—၁၂

၆—ဒုက္ခဝဂ်

၁—ပရိဝီမံသနသုတ်

၅၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —

ရဟန်းတို့ ရဟန်းသည် အချင်းခပ်သိမ်း ဝဋ်ဆင်းရဲကုန်ခြင်းငှါ စူးစမ်းသည် ရှိသော် အဘယ်မျှ လောက်ဖြင့် စူးစမ်းဆင်ခြင်ရာသနည်းဟု (မိန့်တော်မူ၏)၊ အသျှင်ဘုရား တပည့်တော်တို့အား တရားတော်တို့သည် မြတ်စွာဘုရားသာလျှင် အရင်းခံ ရှိပါကုန်၏၊ မြတ်စွာဘုရားသာလျှင် ထုတ်ဆောင်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားသာလျှင် မှီခိုရာ ရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါကုန်၏၊ ဟောတော်မူအပ်သော ထိုတရား၏ အနက်သည် မြတ်စွာဘုရား၏ ဉာဏ်၌သာလျှင် ထင်ပါစေလော၊ မြတ်စွာဘုရားထံမှ ကြားနာ ရ၍ ရဟန်းတို့သည် ဆောင်ထားရပါကုန်လတ္တံ့ဟု လျှောက်ကြကုန်၏၊ ရဟန်းတို့ သို့ဖြစ်လျှင် ထိုတရား ကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရား သည် ဤတရားကို ဟောတော်မူ၏—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စူးစမ်းဆင်ခြင်လတ်သော် “အထူးထူးအပြားပြား များလှစွာသော အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ဟု ဆိုအပ်သော အကြင်ဆင်းရဲသည် လောက၌ ဖြစ်၏၊ ဤဆင်းရဲသည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း၊ အဘယ်တရား ရှိသော် ဇရာမရဏ ဖြစ်သနည်း၊ အဘယ်တရား မရှိသော် ဇရာမရဏ မဖြစ်သနည်း”ဟု စူးစမ်းဆင်ခြင်၏၊ ထို ရဟန်းသည် စူးစမ်းဆင်ခြင်သည် ရှိသော် ဤသို့ သိ၏၊ “အထူးထူးအပြားပြား များလှစွာသော အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ဟု ဆိုအပ်သော အကြင်ဆင်းရဲသည် လောက၌ ဖြစ်၏၊ ဤဆင်းရဲသည်ကား ပဋိသန္ဓေနေမှု ‘ဇာတိ’လျှင် အကြောင်းရှိ၏၊ ဇာတိလျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ ဇာတိကြောင့် ဖြစ်၏၊ ဇာတိ လျှင် အမွန်အစရှိ၏၊ ဇာတိရှိသော် ဇရာမရဏ ဖြစ်၏၊ ဇာတိ မရှိသော် ဇရာမရဏ မဖြစ်”ဟု (သိ၏)။

ထိုရဟန်းသည် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ကိုလည်း သိ၏၊ ဇရာမရဏ ဖြစ်ပေါ်ကြောင်းကိုလည်း သိ၏၊ ဇရာမရဏ၏ ချုပ်ရာကိုလည်း သိ၏၊ ဇရာမရဏ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ခြင်းငှါ လျောက်ပတ်သော အကျင့်ကိုလည်း သိ၏၊ ထိုသိသောအတိုင်း တရားသို့ အစဉ်လိုက်သည် ဖြစ်၍ ကျင့်၏၊ ရဟန်းတို့ ဤရဟန်းကို အချင်းခပ်သိမ်း ဝဋ်ဆင်းရဲ ကုန်ခြင်းငှါ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ ချုပ်ခြင်းငှါ ကောင်းစွာ ကျင့်သော ရဟန်းဟူ၍ ဆိုအပ်၏။

ထိုမှတစ်ပါး (ရဟန်းသည်) စူးစမ်းဆင်ခြင်သည်ရှိသော် “ဤပဋိသန္ဓေနေမှု ‘ဇာတိ’ သည် အဘယ် တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း၊ အဘယ်တရားရှိသော် ဇာတိ ဖြစ်သနည်း၊ အဘယ် တရား မရှိသော် ဇာတိ မဖြစ်သနည်း”ဟု စူးစမ်းဆင်ခြင်၏၊ ထိုရဟန်းသည့်စူးစမ်းဆင်ခြင်သည်ရှိသော် ဤသို့ သိ၏၊ “ပဋိသန္ဓေနေမှု ‘ဇာတိ’ သည် ဘဝလျှင် အကြောင်းရှိ၏၊ ဘဝလျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ ဘဝကြောင့် ဖြစ်၏၊ ဘဝလျှင် အမွန်အစရှိ၏၊ ဘဝရှိသော် ဇာတိ ဖြစ်၏၊ ဘဝ မရှိသော် ဇာတိ မဖြစ်”ဟု (သိ၏)။

ထိုရဟန်းသည် ဇာတိကိုလည်း သိ၏၊ ဇာတိ၏ ဖြစ်ပေါ်ကြောင်းကိုလည်း သိ၏၊ ဇာတိ၏ ချုပ်ရာ ကိုလည်း သိ၏၊ ဇာတိ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ခြင်းငှါ လျောက်ပတ်သော အကျင့်ကိုလည်း သိ၏၊ ထိုသိသောအတိုင်း တရားသို့ အစဉ်လိုက်သည် ဖြစ်၍ ကျင့်၏၊ ရဟန်းတို့ ဤရဟန်းကို အချင်းခပ်သိမ်း ဝဋ်ဆင်းရဲကုန်ခြင်းငှါ ဇာတိချုပ်ခြင်းငှါ ကောင်းစွာ ကျင့်သော ရဟန်းဟူ၍ ဆိုအပ်၏။

ထိုမှတစ်ပါး (ရဟန်းသည်) စူးစမ်းဆင်ခြင်သည် ရှိသော် “ဤဘဝသည် အဘယ်တရားလျှင် အကြောင်းရှိသနည်း။ပ။ ဤပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း။ ဤတပ်မက်မှု ‘တဏှာ’သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း။ ခံစားမှု ‘ဝေဒနာ’သည်။ တွေ့ထိမှု ‘ဖဿ’သည်။ ဤတည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) သည် အဘယ်တရားလျှင် အကြောင်းရှိသ နည်း။ ဤနာမ်ရုပ်သည်။ ဤသိမှု ‘ဝိညာဏ်’သည်။ ဤပြုစီရင်မှု ‘သင်္ခါရ’တို့သည် အဘယ်တရားလျှင် အကြောင်းရှိကုန်သနည်း။ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိကုန်သနည်း၊ အဘယ်တရားကြောင့် ဖြစ် ကုန်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိကုန်သနည်း၊ အဘယ်တရားရှိသော် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်သနည်း၊ အဘယ်တရား မရှိသော် ပြုစီရင်မှု ‘သင်္ခါရ’တို့ မဖြစ်ကုန်သနည်း”ဟု စူးစမ်းဆင်ခြင်၏၊ ထိုရဟန်းသည် စူးစမ်းဆင်ခြင်သည် ရှိသော် “ပြုစီရင်မှု ‘သင်္ခါရ’တို့သည် မသိမှု ‘အဝိဇ္ဇာ’လျှင် အကြောင်း ရှိကုန်၏၊ အဝိဇ္ဇာလျှင် ဖြစ်ပေါ်ကြောင်းရှိကုန်၏၊ အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏၊ အဝိဇ္ဇာလျှင် အမွန်အစရှိကုန်၏၊ အဝိဇ္ဇာရှိသော် သင်္ခါရတို့ ဖြစ်ကုန်၏၊ အဝိဇ္ဇာ မရှိသော် သင်္ခါရတို့ မဖြစ်ကုန်”ဟု (သိ၏)။

ထိုရဟန်းသည် သင်္ခါရတို့ကိုလည်း သိ၏၊ သင်္ခါရတို့၏ ဖြစ်ပေါ်ကြောင်းကိုလည်း သိ၏၊ သင်္ခါရတို့၏ ချုပ်ရာကိုလည်း သိ၏၊ သင်္ခါရတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ခြင်းငှါ လျောက်ပတ်သော အကျင့် ကိုလည်း သိ၏၊ ထိုသိသောအတိုင်း တရားသို့ အစဉ်လိုက်သည် ဖြစ်၍လည်း ကျင့်၏၊ ရဟန်းတို့ ဤ ရဟန်းကို အချင်းခပ်သိမ်း ဝဋ်ဆင်းရဲကုန်ခြင်းငှါ သင်္ခါရတို့ ချုပ်ခြင်းငှါ ကောင်းစွာ ကျင့်သော ရဟန်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အဝိဇ္ဇာရှိသော ပုဂ္ဂိုလ်သည် ကုသိုလ်သင်္ခါရကို ပြုစီရင်သည် ဖြစ်အံ့၊ ကုသိုလ်ဝိညာဏ် ဖြစ်၏၊ အကုသိုလ်သင်္ခါရကို ပြုစီရင်သည် ဖြစ်အံ့၊ အကုသိုလ်ဝိညာဏ် ဖြစ်၏၊ (အရူပ) ကုသိုလ်သင်္ခါရကို ပြုစီရင်သည် ဖြစ်အံ့၊ အရူပဝိညာဏ် ဖြစ်၏၊ ရဟန်းတို့ ရဟန်းသည် အကြင်အခါ မသိမှု ‘အဝိဇ္ဇာ’ကို ပယ်အပ်ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာပြီ၊ ထိုအခါ ထိုရဟန်းသည် မသိမှု ‘အဝိဇ္ဇာ’ ကင်း၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခြင်းကြောင့် ပုညာဘိသင်္ခါရကို မပြု၊ အပုညာဘိသင်္ခါရကို မပြု၊ အာနေဉ္ဇာဘိသင်္ခါရကို မပြု၊ မပြုသည်ရှိသော် မစေ့ဆော်သည်ရှိသော် လောက၌ တစ်စုံတစ်ခုကိုမျှ (တဏှာဒိဋ္ဌိတို့ဖြင့်) မစွဲလမ်း၊ မစွဲ လမ်းသည်ရှိသော် မတပ်မက်၊ မတပ်မက်သည်ရှိသော် မျက်မှောက်ဘဝ၌ပင်လျှင် ကိလေသာ ချုပ်ငြိမ်း၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ မဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီ”ဟု သိ၏။

ထိုရဟန်းသည် သုခဝေဒနာကို အကယ်၍ ခံစားအံ့၊ “ထိုသုခဝေဒနာသည် အမြဲ မရှိ”ဟု သိ၏၊ “တဏှာဖြင့် မစွဲယူအပ်”ဟု သိ၏၊ “မနှစ်သက်အပ်”ဟု သိ၏။ ဒုက္ခဝေဒနာကို အကယ်၍ ခံစားအံ့၊ “ထိုဒုက္ခဝေဒနာသည် အမြဲ မရှိ”ဟု သိ၏၊ “တဏှာအားဖြင့် မစွဲယူအပ်”ဟု သိ၏၊ “မနှစ်သက်အပ်”ဟု သိ၏။ ဥပက္ခာဝေဒနာကို အကယ်၍ ခံစားအံ့၊ “ထိုဥပက္ခာဝေဒနာသည် အမြဲ မရှိ”ဟု သိ၏၊ “တဏှာ အားဖြင့် မစွဲယူအပ်”ဟု သိ၏၊ “မနှစ်သက်အပ်”ဟု သိ၏။ ထိုရဟန်းသည် သုခဝေဒနာကို အကယ်၍့ခံစားအံ့၊ ထိုသုခဝေဒနာကို (တဏှာဒိဋ္ဌိတို့နှင့်) မယှဉ်မူ၍ ခံစား၏။ ဒုက္ခဝေဒနာကို အကယ်၍ ခံစားအံ့၊ ထိုဒုက္ခဝေဒနာကို (တဏှာဒိဋ္ဌိတို့နှင့်) မယှဉ်မူ၍ ခံစား၏။ ဥပေက္ခာဝေဒနာကို အကယ်၍ ခံစားအံ့၊ ထို ဥပေက္ခာဝေဒနာကို (တဏှာဒိဋ္ဌိတို့နှင့်) မယှဉ်မူ၍ ခံစား၏။

ထိုရဟန်းသည် ကိုယ်ဖြင့် ပိုင်းခြားအပ်သော ပဉ္စဒွါရိကဝေဒနာကို ခံစားသည်ရှိသော် “ကိုယ်ဖြင့် ပိုင်းခြားအပ်သော ဝေဒနာကို ခံစား၏”ဟု သိ၏၊ ဇီဝိတဖြင့် ပိုင်းခြားအပ်သော မနောဒွါရိကဝေဒနာကို ခံစားသည်ရှိသော် “ဇီဝိတဖြင့် ပိုင်းခြားအပ်သော ဝေဒနာကို ခံစား၏”ဟု သိ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ အလုံးစုံသော ခံစားမှုတို့သည် မနှစ်သက်အပ်ကုန်သည် ဖြစ်၍ ဤဘဝ၌ပင်လျှင် ငြိမ်းအေးကုန်လတ္တံ့၊ ကိုယ်ကောင်တို့သာ ကြွင်းကျန်ကုန်လတ္တံ့”ဟု သိ၏။

ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် အိုးဖုတ်ရာ ဖိုမှ ပူသော အိုးကို ထုတ်၍ ညီညွတ်သော မြေအပြင်၌ အအေးခံထားရာ၏၊ ထိုထားရာအရပ်၌ အပူငွေ့သည် ထိုအရပ်၌ပင်လျှင် ငြိမ်းအေးရာ၏၊ အိုးခွက်တို့သာ ကြွင်းကျန်ကုန်ရာ၏၊ ဤအတူသာလျှင် ရဟန်းသည် ကိုယ်ဖြင့် ပိုင်းခြားအပ်သော ပဉ္စဒွါရိကဝေဒနာကို ခံစားသည်ရှိသော် “ကိုယ်ဖြင့် ပိုင်းခြားအပ်သော ဝေဒနာကို ခံစား၏”ဟု သိ၏၊ ဇီဝိတဖြင့် ပိုင်းခြားအပ်သော မနောဒွါရိကဝေဒနာကို ခံစားသည်ရှိသော် “ဇီဝိတဖြင့် ပိုင်းခြားအပ်သော ဝေဒနာကို ခံစား၏”ဟု သိ၏၊ “ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ အလုံးစုံသော ခံစားမှုတို့သည် မနှစ် သက်အပ်ကုန်သည် ဖြစ်၍ ဤဘဝ၌ပင်လျှင် ငြိမ်းအေးကုန်လတ္တံ့၊ ကိုယ်ကောင်တို့သာ ကြွင်းကျန်ကုန် လတ္တံ့”ဟု သိ၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အာသဝကုန်ပြီးသော ရဟန်းသည် ပုညာဘိသင်္ခါရကိုမူလည်း ပြုရာသေးသလော၊ အပုညာဘိသင်္ခါရကိုမူလည်း ပြုရာသေးသလော၊ အာနေဉ္ဇာဘိ သင်္ခါရကိုမူလည်း ပြုရာသေးသလောဟု မေးတော်မူ၏။ အသျှင်ဘုရား မပြုရာပါဟု လျှောက်ကုန်၏။ အချင်းခပ်သိမ်း ပြုစီရင်မှု ‘သင်္ခါရ’တို့ မရှိသော် သင်္ခါရတို့ ချုပ်ခြင်းကြောင့် ဝိညာဏ်သည် ထင်သေးသ လော။ အသျှင်ဘုရား မထင်ရာပါ။ အချင်းခပ်သိမ်း ဝိညာဏ်သည် မရှိခဲ့သော် ဝိညာဏ်၏ ချုပ်ခြင်း ကြောင့် နာမ်ရုပ်သည် ထင်သေးသလော။ အသျှင်ဘုရား မထင်ရာပါ။ အချင်းခပ်သိမ်း နာမ်ရုပ် မရှိသော် နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတနသည် ထင်ရာသေးသလော။ အသျှင်ဘုရား မထင်ရာပါ။ အချင်း ခပ်သိမ်း သဠာယတန မရှိသော် သဠာယတန ချုပ်ခြင်းကြောင့် ဖဿသည် ထင်ရာသေးသလော။ အသျှင် ဘုရား မထင်ရာပါ။ အချင်းခပ်သိမ်း ဖဿ မရှိသော် ဖဿ ချုပ်ခြင်းကြောင့် ဝေဒနာသည် ထင်ရာသေး သလော။ အသျှင်ဘုရား မထင်ရာပါ။ အချင်းခပ်သိမ်း ဝေဒနာ မရှိသော် ဝေဒနာ ချုပ်ခြင်းကြောင့် တဏှာ သည် ထင်ရာသေးသလော။ အသျှင်ဘုရား မထင်ရာပါ။ အချင်းခပ်သိမ်း တဏှာ မရှိသော် တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန်သည် ထင်ရာသေးသလော။ အသျှင်ဘုရား မထင်ရာပါ။ အချင်းခပ်သိမ်း ဥပါဒါန် မရှိ သော် ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝသည် ထင်ရာသေးသလော။ အသျှင်ဘုရား မထင်ရာပါ။ အချင်း ခပ်သိမ်း ဘဝ မရှိသော် ဘဝ ချုပ်ခြင်းကြောင့် ဇာတိသည် ထင်ရာသေးသလော။ အသျှင်ဘုရား မထင် ရာပါ။ အချင်းခပ်သိမ်း ဇာတိ မရှိသော် ဇာတိ ချုပ်ခြင်းကြောင့် ဇရာမရဏသည် ထင်ရာသေးသလော။ အသျှင်ဘုရား မထင်ရာပါ။

ရဟန်းတို့ ကောင်းစွ ကောင်းစွ၊ ရဟန်းတို့ ဤတရားသည် ဤအတိုင်းပင်တည်း၊ ဤတရားတော် သည် တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်၊ ရဟန်းတို့ ဤတရားတော်ကို ယုံမှား မရှိမူ၍ ယုံကြည် ကြကုန်လော့၊ သက်ဝင်ကြကုန်လော့၊ ဤတရားတော်၌ သို့လော သို့လော တွေးတောမှု ကင်းကုန်လော့၊ ဤသည်လျှင် ဝဋ်ဆင်းရဲ၏ အဆုံးတည်းဟု (ဟောတော်မူ၏)။

ပဌမသုတ်။