သံယုတ္တနိကာယ်—၁၂

၆—ဒုက္ခဝဂ်

၂—ဥပါဒါနသုတ်

၅၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဥပါဒါန်တို့၏ အကြောင်းဖြစ်သော (တေဘူမိက) တရားတို့၌ သာယာဖွယ်ဟု ရှုသည်ဖြစ်၍ နေသော သူအား တပ်မက်မှု ‘တဏှာ’ ပွား၏၊ တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏၊ ဥပါဒါန် အကြောင်းခံကြောင့် ဘဝ ဖြစ်၏၊ ဘဝ အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်၏၊ ဇာတိ အကြောင်းခံကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ စိုးရိမ်ခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ဆင်းရဲခြင်း ‘ဒုက္ခ’၊ နှလုံးမသာယာခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့ ဖြစ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား လှည်းဆယ်စီးတိုက် အစီးနှစ်ဆယ်တိုက် အစီးသုံးဆယ်တိုက် အစီး လေးဆယ်တိုက် ထင်းတို့၏ မီးပုံကြီးသည် တောက်လောင်နေရာ၏၊ ထိုမီးပုံကြီး၌ ယောကျာ်းသည် မြက် ခြောက်တို့ကိုလည်းကောင်း၊ နွားချေးခြောက်တို့ကိုလည်းကောင်း၊ ထင်းခြောက်တို့ကိုလည်းကောင်း အခါ အားလျော်စွာ ထည့်ရာ၏။ ရဟန်းတို့ ဤသို့ ထည့်သော် ထိုမီးပုံကြီးသည် ထိုမြက်ခြောက်စသော အစာရှိ သည်ဖြစ်၍ မြက်ခြောက်စသော လောင်စာရှိသည်ဖြစ်၍ ကြာမြင့်စွာသော ကာလပတ်လုံး တောက်လောင် နေရာ၏။ ရဟန်းတို့ ဤအတူသာလျှင် ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာ ဖွယ်ဟု ရှုသည်ဖြစ်၍ နေသောသူအား တပ်မက်မှု ‘တဏှာ’ ပွား၏၊ တဏှာ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ ဥပါဒါန်တို့၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေ သော သူအား တပ်မက်မှု ‘တဏှာ’ ချုပ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်၏၊ ဇာတိ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ စိုးရိမ်ခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ဆင်းရဲခြင်း ‘ဒုက္ခ’၊ နှလုံးမသာယာခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့ ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။

ရဟန်းတို့ ဥပမာသော်ကား လှည်းဆယ်စီးတိုက် အစီးနှစ်ဆယ်တိုက် အစီးသုံးဆယ်တိုက် အစီး လေးဆယ်တိုက် ထင်းတို့၏ မီးပုံကြီးသည် တောက်လောင်နေရာ၏၊ ထိုမီးပုံကြီး၌ ယောကျာ်းသည် မြက် ခြောက်တို့ကိုလည်းကောင်း၊ နွားချေးခြောက်တို့ကိုလည်းကောင်း၊ ထင်းခြောက်တို့ကိုလည်းကောင်း အခါ အားလျော်စွာ မထည့်တော့ချေ။ ရဟန်းတို့ ဤသို့ မထည့်သည်ရှိသော် ထိုမီးပုံကြီးသည် ရှေးဖြစ်သော မီးစွဲငြိရာ ထင်း၏ ကုန်ခြင်းကြောင့်လည်းကောင်း၊ အခြားလောင်စာကိုလည်း မရခြင်းကြောင့်လည်းကောင်း လောင်စာ မရှိမူ၍ ငြိမ်းအေးလေရာ၏။ ရဟန်းတို့ ဤအတူသာလျှင် ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေသောသူအား တပ်မက်မှု ‘တဏှာ’ ချုပ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

ဒုတိယသုတ်။