သံယုတ္တနိကာယ်—၁၂

၆—ဒုက္ခဝဂ်

၃—သံယောဇနသုတ်

၅၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ နှောင်ဖွဲ့ကြောင်း ‘သံယောဇဉ်’၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည် ဖြစ်၍ နေသောသူအား တပ်မက်မှု့ ‘တဏှာ’ ပွား၏၊ တဏှာ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏၊ ဥပါဒါန် အကြောင်း ခံကြောင့် ဘဝ ဖြစ်၏၊ ဘဝ အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်၏၊ ဇာတိ အကြောင်းခံကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ စိုးရိမ်ခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ဆင်းရဲခြင်း ‘ဒုက္ခ’၊ နှလုံး မသာယာခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့ ဖြစ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား ဆီကိုလည်းကောင်း၊ မီးစာကိုလည်းကောင်း စွဲ၍ ဆီမီးသည် တောက် လောင်နေ၏။ ထိုဆီမီး၌ ယောကျာ်းသည် အခါအားလျော်စွာ ဆီကို သွန်းလောင်းရာ၏၊ မီးစာကိုလည်း ထည့်ပေးရာ၏၊ ရဟန်းတို့ ဤသို့ ဖြစ်သည်ရှိသော် ထိုဆီမီးသည် ထိုအစာရှိသည် ဖြစ်၍လည်းကောင်း၊ ထိုမီးစာလျှင် စွဲလောင်ရာရှိသည် ဖြစ်၍လည်းကောင်း ကြာရှည်စွာသော ကာလပတ်လုံး တောက်လောင် နေရာ၏။ ရဟန်းတို့ ဤအတူသာလျှင် သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာ ဖွယ်ဟု ရှုသည်ဖြစ်၍ နေသောသူအား တဏှာ ပွား၏၊ တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏၊ ဥပါဒါန် အကြောင်းခံကြောင့် ဘဝ ဖြစ်၏၊ ဘဝ အကြောင်းခံကြောင့် ဇာတိ ဖြစ်၏၊ ဇာတိ အကြောင်းခံ ကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ စိုးရိမ်ခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ဆင်းရဲခြင်း ‘ဒုက္ခ’၊ နှလုံးမသာယာခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့ ဖြစ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေ သော သူအား တဏှာသည် ချုပ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ဇာတိ ချုပ်၏၊ ဇာတိ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ စိုးရိမ်ခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ဆင်းရဲခြင်း ‘ဒုက္ခ’၊ နှလုံးမသာယာခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့ ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။

ရဟန်းတို့ ဥပမာသော်ကား ဆီကိုလည်းကောင်း၊ မီးစာကိုလည်းကောင်း စွဲ၍ ဆီမီးသည် တောက် လောင်နေရာ၏၊ ထိုဆီမီး၌ ယောကျာ်းသည် အခါအားလျော်စွာ ဆီကို မသွန်းလောင်း၊ မီးစာကိုလည်း ထည့်မပေးတော့ချေ၊ ရဟန်းတို့ ဤသို့ ဖြစ်သည်ရှိသော် ထိုဆီမီးသည် ရှေးဖြစ်သော မီးစာ၏ ကုန်ခြင်း ကြောင့်လည်းကောင်း၊ တစ်ပါးသော မီးစာကို မရခြင်းကြောင့်လည်းကောင်း လောင်စာ မရှိသည်ဖြစ်၍ ငြိမ်းအေးရာ၏။ ရဟန်းတို့ ဤအတူသာလျှင် သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေသော သူအား တဏှာ ချုပ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

တတိယသုတ်။