သံယုတ္တနိကာယ်—၁၂
၆—ဒုက္ခဝဂ်
၄—ဒုတိယသံယောဇနသုတ်
၅၄။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဥပမာသော်ကား ဆီကိုလည်းကောင်း၊ မီးစာကိုလည်းကောင်း စွဲ၍ ဆီမီးသည် တောက်လောင်နေရာ၏။ ထိုဆီမီး၌ ယောကျာ်းသည် အခါအား လျော်စွာ ဆီကို သွန်းလောင်းရာ၏၊ မီးစာကိုလည်း ထည့်ပေးရာ၏၊ ရဟန်းတို့ ဤသို့ ဖြစ်သည်ရှိသော် ထိုဆီမီးသည် ထိုအစာရှိသည် ဖြစ်၍လည်းကောင်း၊ ထိုမီးစာလျှင် စွဲလောင်ရာ ရှိသည် ဖြစ်၍လည်းကောင်း ကြာရှည်စွာသော ကာလပတ်လုံး တောက်လောင်နေရာ၏၊ ရဟန်းတို့ ဤအတူသာလျှင် သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည်ဖြစ်၍ နေသောသူအား တပ်မက်မှု ‘တဏှာ’ ပွား၏၊ တဏှာ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’့ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံ သော ဆင်းရဲအစု ဖြစ်၏။
ရဟန်းတို့ ဥပမာသော်ကား ဆီကိုလည်းကောင်း၊ မီးစာကိုလည်းကောင်း စွဲ၍ ဆီမီးသည် တောက် လောင်နေရာ၏။ ထိုဆီမီး၌ ယောကျာ်းသည် အခါအားလျော်စွာ ဆီကို မသွန်းလောင်း၊ မီးစာကိုလည်း ထည့်မပေးတော့ချေ၊ ရဟန်းတို့ ဤသို့ ဖြစ်သည်ရှိသော် ထိုဆီမီးသည် ရှေးဖြစ်သော မီးစာ၏ ကုန်ခြင်း ကြောင့်လည်းကောင်း၊ တစ်ပါးသော မီးစာကို မရခြင်းကြောင့်လည်းကောင်း လောင်စာ မရှိသည်ဖြစ်၍ ငြိမ်းအေးရာ၏။ ရဟန်းတို့ ဤအတူသာလျှင် သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေသောသူအား တဏှာ ချုပ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။
စတုတ္ထသုတ်။