သံယုတ္တနိကာယ်—၁၂

၆—ဒုက္ခဝဂ်

၅—မဟာရုက္ခသုတ်

၅၅။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည်ဖြစ်၍ နေသောသူအား တပ်မက်မှု ‘တဏှာ’ ပွား၏၊ တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏၊ ဥပါဒါန်အကြောင်းခံကြောင့် ဘဝ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား သစ်ပင်ကြီးသည် ရှိရာ၏၊ ထိုသစ်ပင်ကြီး၏ အောက်သို့လည်းကောင်း၊ ဖီလာ (ကန့်လန့်) သို့လည်းကောင်း သွားကုန်သော အလုံးစုံသောအမြစ်တို့သည် အထက်သို့ သြဇာဓာတ်ကို ဆောင်ကုန်၏။ ရဟန်းတို့ ဤသို့ ဆောင်သည်ရှိသော် ထိုသစ်ပင်ကြီးသည် ထိုသြဇာဓာတ်လျှင် အစာရှိသည် ဖြစ်၍ ထိုသြဇာဓာတ်လျှင် စွဲယူရာရှိသည် ဖြစ်၍ ကြာရှည်စွာသော ကာလပတ်လုံး တည်ရာ၏၊ ရဟန်းတို့ ဤအတူသာလျှင် ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည် ဖြစ်၍ နေသောသူအား တပ်မက်မှု ‘တဏှာ’ ပွား၏၊ တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေသော သူအား တဏှာ ချုပ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝချုပ်၏။ပ။ ဤသို့ လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။

ရဟန်းတို့ ဥပမာသော်ကား သစ်ပင်ကြီးသည် ရှိရာ၏၊ ထိုအခါ ယောကျာ်းသည် ပေါက်တူးခြင်းတောင်းကို ယူ၍ လာပြီးသော် ထိုသစ်ပင်ကို အရင်း၌ ဖြတ်ရာ၏၊ အရင်းကို ဖြတ်ပြီး၍ မြေကို တူးရာ၏၊ မြေကို တူးပြီး၍ အမြစ်တို့ကို ထုတ်ရာ၏၊ အယုတ်သဖြင့် ပန်းရင်းရိုးမျှလောက်သော အမြစ် ညှောက်ကလေးတို့ကိုသော်လည်း နုတ်ပစ်ရာ၏၊ ထိုယောကျာ်းသည် ထိုသစ်ပင်ကို အပိုင်းပိုင်း ဖြတ်ရာ၏၊ အပိုင်းပိုင်း ဖြတ်ပြီး၍ ခွဲရာ၏၊ ခွဲပြီး၍ အစိတ်စိတ် ပြုရာ၏၊ အစိတ်စိတ် ပြုပြီး၍ လေနေပူ၌ ခြောက်သွေ့ စေရာ၏၊ လေနေပူ၌ ခြောက်သွေ့စေပြီး၍ မီးဖြင့် ရှို့ရာ၏၊ မီးဖြင့် ရှို့ပြီး၍ ပြာကို ပြုရာ၏၊ ပြာဖြစ်အောင် ပြုပြီး၍ ပြင်းစွာလာသော လေ၌မူလည်း လွှင့်ရာ၏၊ လျင်မြန်သော ရေအလျဉ်ရှိသော မြစ်၌သော်လည်း မျှောရာ၏၊ ရဟန်းတို့ ဤသို့ ပြုသည်ရှိသော် ထိုသစ်ပင်ကြီးသည် အရင်းပြတ်သည်မူလည်း ဖြစ်ရာ၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးသည် တစ်ဖန် မဖြစ်ခြင်းကို ပြုပြီးသည် နောင်အခါ၌ တစ်ဖန် မဖြစ်ခြင်းသဘော ရှိသည် ဖြစ်ရာ၏၊ ရဟန်းတို့ ဤအတူသာလျှင် ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု အဖန်တလဲလဲ ရှုသည်ဖြစ်၍ နေသောသူအား တဏှာ ချုပ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

ပဉ္စမသုတ်။