သံယုတ္တနိကာယ်—၁၂

၆—ဒုက္ခဝဂ်

၇—တရုဏ ရုက္ခသုတ်

၅၇။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည်ဖြစ်၍ နေသောသူအား တဏှာ ပွား၏၊ တဏှာ အကြောင်း ခံကြောင့် ဥပါဒါန် ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား ပျိုနုသော သစ်ပင်သည် ရှိရာ၏၊ ပျိုနုသော သစ်ပင်အား ယောကျာ်း သည် အခါအားလျော်စွာ အမြစ်တို့ကို သန့်စင်စေရာ၏၊ အခါအားလျော်စွာ မြေစာ ကျွေးရာ၏၊ အခါအား လျော်စွာ ရေပေးရာ၏၊ ဤသို့ ဖြစ်သည်ရှိသော် သစ်ပင်ပျိုသည် ထိုမြေရေလျှင် အစာရှိသည် ဖြစ်၍ ထိုမြေရေလျှင် စွဲယူရာရှိသည်ဖြစ်၍ ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရာ၏။

ရဟန်းတို့ ဤအတူသာလျှင် သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာ ဖွယ်ဟု ရှုသည်ဖြစ်၍ နေသော သူအား တဏှာ ပွား၏၊ တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။ ရဟန်းတို့ သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိက တရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေသော သူအား တဏှာ ချုပ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။

ရဟန်းတို့ ဥပမာသော်ကား ပျိုနုသော သစ်ပင်သည် ရှိရာ၏၊ ထိုအခါ၌ ယောကျာ်းသည် ပေါက်တူးခြင်းတောင်းကို ယူ၍ လာရာ၏။ပ။ လျင်မြန်သော ရေအလျဉ်ရှိသော မြစ်၌မူလည်း မျှောရာ၏၊ ရဟန်းတို့ ဤသို့ ဖြစ်သည်ရှိသော် ထိုသစ်ပင်ပျိုသည် ဖြတ်ပြီးသော အရင်းအမြစ်ရှိသည် ဖြစ်ရာ၏၊ ထန်းပင်ငုတ် ကဲ့သို့ ပြုပြီးသည် တစ်ဖန် မဖြစ်ခြင်းကို ပြုပြီးသည် နောင်အခါ၌ တစ်ဖန် မဖြစ်ခြင်းသဘောရှိသည် ဖြစ် ရာ၏၊ ရဟန်းတို့ ဤအတူသာလျှင် သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေသော သူအား တဏှာ ချုပ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

သတ္တမသုတ်။