သံယုတ္တနိကာယ်—၁၂

၆—ဒုက္ခဝဂ်

၈—နာမရူပသုတ်

၅၈။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည်ဖြစ်၍ နေသောသူအား နာမ်ရုပ်၏ သက်ဝင်ခြင်းသည် ဖြစ်၏၊ နာမ်ရုပ် အကြောင်းခံကြောင့် တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား သစ်ပင်ကြီးသည် ရှိရာ၏၊ ထိုသစ်ပင်ကြီး၏ အောက်သို့လည်းကောင်း၊ ဖီလာ (ကန့်လန့်) သို့လည်းကောင်း သွားကုန်သော အလုံးစုံသော အမြစ်တို့သည် အထက်သို့ သြဇာဓာတ် ကို ဆောင်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ထိုသစ်ပင်ကြီးသည် ထိုသြဇာဓာတ်လျှင် အစာရှိသည် ဖြစ်၍ ထိုသြဇာဓာတ်လျှင် စွဲယူ ရာရှိသည် ဖြစ်၍ ကြာရှည်စွာသော ကာလပတ်လုံး တည်ရာ၏၊ ရဟန်းတို့ ဤအတူသာလျှင် သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည်ဖြစ်၍ နေသောသူအား နာမ်ရုပ်၏ သက်ဝင်ခြင်းသည် ဖြစ်၏။ပ။

ရဟန်းတို့ သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု ရှုသည် ဖြစ်၍ နေသော သူအား နာမ်ရုပ်၏ သက်ဝင်ခြင်းသည် မဖြစ်၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။

ရဟန်းတို့ ဥပမာသော်ကား သစ်ပင်ကြီးသည် ရှိရာ၏၊ ထိုအခါ၌ ယောကျာ်းသည် ပေါက်တူးခြင်းတောင်းကို ယူ၍ လာရာ၏။ပ။ နောင်အခါ၌ တစ်ဖန် မဖြစ်ခြင်းသဘော ရှိ၏၊ ရဟန်းတို့ ဤဥပမာ အတူသာလျှင် သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ကို ရှုသည်ဖြစ်၍ နေသော သူအား နာမ်ရုပ်၏ သက်ဝင်ခြင်းသည် မဖြစ်၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏။ပ။ ဤသို့ လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

အဋ္ဌမသုတ်။