သံယုတ္တနိကာယ်—၁၂

၆—ဒုက္ခဝဂ်

၁ဝ—နိဒါနသုတ်

၆ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မမည်သော ကုရုတိုင်းသူတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား အံ့ဖွယ်ရှိစွတကား၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ အသျှင်ဘုရား ဤ (ပဋိစ္စသမုပ္ပါဒ်) သည် အလွန်လည်း နက်နဲပါ၏၊ နက်နဲသော အရိပ်အရောင်လည်း ထင်ပါ၏၊ ထိုသို့ပင် ဖြစ်ပါသော်လည်း အကျွန်ုပ်အား တိမ်သကဲ့သို့ ထင်ပါ၏”ဟု (လျှောက်၏)။

အာနန္ဒာ ဤသို့ မဆိုလင့်၊ အာနန္ဒာ ဤသို့ မဆိုလင့်၊ အာနန္ဒာ ဤ (ပဋိစ္စသမုပ္ပါဒ်) သည် နက်လည်း နက်နဲ၏၊ နက်နဲသော အရိပ်အရောင်လည်း ရှိ၏၊ အာနန္ဒာ ဤ (ပဋိစ္စသမုပ္ပါဒ်) တရားကို လျော်စွာ မသိနိုင်သောကြောင့် ထိုးထွင်း၍ မသိနိုင်သောကြောင့် ဤသတ္တဝါအပေါင်းသည် ရက်ကန်းချည်ထွေးကဲ့သို့လည်းကောင်း၊ စာပေါင်းသိုက်ကဲ့သို့လည်းကောင်း၊ ဖြူဆံမြက်ပြိန်းမြက်ကဲ့သို့လည်းကောင်း ဖြစ်၍ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ဖြစ်သော သံသရာကို မလွန်မြောက်နိုင်။

အာနန္ဒာ ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည်ဖြစ်၍ နေ သော သူအား တပ်မက်မှု ‘တဏှာ’သည် ပွား၏၊ တဏှာ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏၊ ဥပါဒါန် အကြောင်းခံကြောင့် ဘဝ ဖြစ်၏၊ ဘဝ အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်၏၊ ဇာတိ အကြောင်းခံကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ စိုးရိမ်ခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ဆင်းရဲခြင်း ‘ဒုက္ခ၊ နှလုံးမသာယာခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့ ဖြစ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏၊

အာနန္ဒာ ဥပမာသော်ကား သစ်ပင်ကြီးသည် ရှိရာ၏၊ ထိုသစ်ပင်ကြီး၏ အောက်သို့လည်းကောင်း၊ ဖီလာ (ကန့်လန့်) သို့လည်းကောင်း သွားကုန်သော အလုံးစုံသော အမြစ်တို့သည် အထက်သို့ သြဇာဓာတ် ကို ဆောင်ကုန်၏၊ အာနန္ဒာ ဤသို့ ဖြစ်သည်ရှိသော် ထိုသစ်ပင်ကြီးသည် ထိုသြဇာဓာတ်လျှင် အစာရှိသည် ဖြစ်၍ ထိုသြဇာဓာတ်လျှင် စွဲယူရာရှိသည်ဖြစ်၍ ကြာရှည်စွာသော ကာလပတ်လုံး တည်ရာ၏၊ အာနန္ဒာ ဤအတူသာလျှင် ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည်ဖြစ်၍ နေ သော သူအား တဏှာ ပွား၏၊ တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏၊ ဥပါဒါန် အကြောင်းခံကြောင့် ဘဝ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏၊

အာနန္ဒာ ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေသော သူအား တဏှာ ချုပ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏၊

အာနန္ဒာ ဥပမာသော်ကား သစ်ပင်ကြီးသည် ရှိရာ၏၊ ထိုအခါ၌ ယောကျာ်းသည် ပေါက်တူးခြင်းတောင်းကို ယူ၍ လာရာ၏၊ ထိုယောကျာ်းသည် ထိုသစ်ပင်ကို အရင်း၌ ဖြတ်ရာ၏၊ အရင်း၌ ဖြတ်ပြီး၍ မြေကို တူးရာ၏၊ မြေကို တူးပြီး၍ အမြစ်တို့ကို ထုတ်ရာ၏၊ အယုတ်သဖြင့် ပန်းရင်းရိုးမျှလောက်ဖြစ်သော အမြစ်ညှောက်ကလေးကို ပင်သော်လည်း နုတ်ရာ၏၊ ထိုယောကျာ်းသည် သစ်ပင်ကို အပိုင်းပိုင်း ဖြတ်ရာ၏၊ အပိုင်းပိုင်း ဖြတ်ပြီး၍ ခွဲရာ၏၊ ခွဲပြီး၍ အစိတ်စိတ် ပြုရာ၏၊ အစိတ်စိတ် ပြုပြီး၍ လေ နေပူ၌ ခြောက် သွေ့စေရာ၏၊ လေ နေပူ၌ ခြောက်သွေ့စေပြီး၍ မီးဖြင့် ရှို့ရာ၏၊ မီးဖြင့် ရှို့ပြီး၍ ပြာပြုရာ၏၊ ပြာဖြစ် အောင် ပြုပြီး၍ ပြင်းစွာလာသော လေ၌မူလည်း လွှင့်ရာ၏၊ လျင်မြန်သော ရေအလျဉ်ရှိသော မြစ်၌မူလည်း မျှောရာ၏၊ အာနန္ဒာ ဤသို့ ပြုသည်ရှိသော် ထိုသစ်ပင်ကြီးသည် အရင်း ပြတ်သည်မူလည်း ဖြစ်ရာ၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးသည် တစ်ဖန် မဖြစ်ခြင်းကို ပြုပြီးသည် နောင်အခါ၌ တစ်ဖန် မဖြစ်ခြင်းသဘော သည် ဖြစ်ရာ၏။ အာနန္ဒာ ဤအတူသာလျှင် ဥပါဒါန်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေသောသူအား တဏှာ ချုပ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ဇာတိ ချုပ်၏၊ ဇာတိ ချုပ်ကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ စိုးရိမ်ခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ဆင်းရဲခြင်း ‘ဒုက္ခ’၊ နှလုံးမသာယာခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့ ချုပ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

ဒသမသုတ် ခြောက်ခုမြောက် ဒုက္ခဝဂ် ပြီး၏။