သံယုတ္တနိကာယ်—၁၂

၇—မဟာဝဂ်

၁—အဿုတဝါသုတ်

၆၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ အကြား အမြင် မရှိသော ပုထုဇဉ်သည် မဟာဘုတ်လေးပါးဖြင့် ပြီးသော ဤကိုယ်၌ ငြီးငွေ့မူလည်း ငြီးငွေ့ရာ၏၊ တပ်ခြင်းကင်းမူလည်း ကင်းရာ၏၊ လွတ်လိုခြင်း ဖြစ်မူလည်း ဖြစ်ရာ၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ် ကြောင့်နည်း၊ ရဟန်းတို့ မဟာဘုတ်လေးပါးဖြင့် ပြီးသော ဤကိုယ်၏ တိုးပွားခြင်းသည်လည်းကောင်း၊ ဆုတ်ယုတ်ခြင်းသည်လည်းကောင်း၊ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်၏။ ထို့ကြောင့် အကြားအမြင် မရှိသော ပုထုဇဉ်သည် ဤကိုယ်၌ ငြီးငွေ့မူလည်း ငြီးငွေ့ရာ၏၊ တပ်ခြင်းကင်း မူလည်း ကင်းရာ၏၊ လွတ်လိုခြင်း ဖြစ်မူလည်း ဖြစ်ရာ၏။

ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်သည် စိတ်ဟူ၍လည်းကောင်း၊ မနောဟူ၍လည်းကောင်း ဝိညာဏ်ဟူ၍လည်းကောင်း ဆိုအပ်သော သဘောတရား၌ ငြီးငွေ့ခြင်းငှါ မစွမ်းနိုင်၊ တပ်ခြင်း ကင်းခြင်းငှါ မစွမ်းနိုင်၊ လွတ်လိုခြင်းငှါ မစွမ်းနိုင်။ ထိုသို့ မစွမ်းနိုင်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ အကြား အမြင် မရှိသော ပုထုဇဉ်သည် ဤစိတ်ဟူသော သဘောတရားကို “ဤသည်ကား ငါ၏ ဥစ္စာဖြစ်၏၊ ဤ သည်ကား ငါ ဖြစ်၏၊ ဤသည်ကား ငါ၏ အတ္တတည်း”ဟု ရှည်စွာသော ကာလပတ်လုံး (တဏှာဒိဋ္ဌိတို့ဖြင့်) စွဲယူအပ်၏၊ မြတ်နိုးအပ်၏၊ မှားသောအားဖြင့် သုံးသပ်အပ်၏၊ ထို့ကြောင့် အကြားအမြင် မရှိသော ပုထုဇဉ် သည် ထိုစိတ်ဟူသော သဘောတရား၌ ငြီးငွေ့ခြင်းငှါ မစွမ်းနိုင်၊ တပ်ခြင်း ကင်းခြင်းငှါ မစွမ်းနိုင်၊ လွတ်လိုခြင်းငှါ မစွမ်းနိုင်။

ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်သည် အလိုရှိခဲ့သော် မဟာဘုတ်လေးပါးဖြင့် ပြီးသော ဤကိုယ်ကို အတ္တဟူ၍ ကပ်ရောက်ရာ၏၊ စိတ်ကိုမူ မကပ်ရောက်သည်သာလျှင်တည်း။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ မဟာဘုတ်လေးပါးဖြင့် ပြီးသော ဤကိုယ်သည် တစ်နှစ်ပတ်လုံး တည် သည်ကိုလည်းကောင်း၊ နှစ်နှစ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ သုံးနှစ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ လေးနှစ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ ငါးနှစ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ ဆယ် နှစ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ အနှစ်နှစ်ဆယ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ အနှစ်သုံး ဆယ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊့အနှစ်လေးဆယ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ အနှစ် ငါးဆယ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ အနှစ်တစ်ရာပတ်လုံး တည်သည်ကိုလည်းကောင်း၊ အနှစ် တစ်ရာထက် အလွန် တည်သည်ကိုလည်းကောင်း ထင်မြင်အပ်၏။

ရဟန်းတို့ စိတ်ဟူ၍လည်းကောင်း၊ မနောဟူ၍လည်းကောင်း၊ ဝိညာဏ်ဟူ၍လည်းကောင်း ဆိုအပ် သော သဘောတရားသည် ညဉ့်၌လည်းကောင်း၊ နေ့၌လည်းကောင်း တခြားတစ်ပါးသာလျှင် ဖြစ်၏၊ တခြားတစ်ပါးသည် ချုပ်၏။ ရဟန်းတို့ ဥပမာသော်ကား ကြီးစွာသော တောအုပ်၌ လှည့်လည်သော မျောက်သည် သစ်ကိုင်းကို ကိုင်ရာ၏၊ ထိုသစ်ကိုင်းကို လွှတ်၍ တစ်ပါးသော သစ်ကိုင်းကို ကိုင်ရာ၏၊ ထိုသစ်ကိုင်းကိုပင် လွှတ်ပြန်၍ တစ်ပါးသော သစ်ကိုင်းကို ကိုင်ယူပြန်ရာ၏။ ရဟန်းတို့ ဤအတူသာလျှင် စိတ်ဟူ၍လည်းကောင်း၊ မနောဟူ၍လည်းကောင်း၊ ဝိညာဏ်ဟူ၍လည်းကောင်း ဆိုအပ်သော သဘောတရား သည် ညဉ့်၌လည်းကောင်း၊ နေ့၌လည်းကောင်း တခြားတစ်ပါးသာလျှင် ဖြစ်၏၊ တခြားတစ်ပါးသည် ချုပ်၏။

ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ပဋိစ္စသမုပ္ပါဒ်ကို သာလျှင် ကောင်းစွာ သင့်လျော်သောအားဖြင့် နှလုံးသွင်း၏၊ “ဤအကြောင်းတရား ရှိခဲ့သော် ဤအကျိုး တရား ဖြစ်၏၊ ဤအကြောင်းတရား၏ ဖြစ်ခြင်းကြောင့် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား သည် မရှိသော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား ချုပ်ခြင်းကြောင့် ဤအကျိုးတရား ချုပ်၏၊ ယင်းအကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ပုံကား မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်၏။ပ။ ဤသို့ လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏”ဟု (ကောင်းစွာ သင့်လျော်သောအားဖြင့် နှလုံးသွင်း၏)။

ရဟန်းတို့ အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ဤသို့ မြင်သော် ရုပ်၌လည်း ငြီး ငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သည်ရှိသော် တပ်မက်မှု ကင်း၏၊ တပ်မက်မှု ကင်းခြင်းကြောင့် ကိလေသာမှ လွတ်၏၊ ကိလေသာမှ လွတ်ရာ၌ “ကိလေသာမှ လွတ်၏”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ အရဟတ္တဖိုလ်ဟူသော အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီ”ဟု သိ၏ဟု (ဟောတော်မူ၏)။

ပဌမသုတ်