သံယုတ္တနိကာယ်—၁၂

၇—မဟာဝဂ်

၂—ဒုတိယ အဿုတဝါသုတ်

၆၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်သည် မဟာဘုတ်လေးပါးတို့ဖြင့် ပြီးသော ဤကိုယ်၌ ငြီးငွေ့မူလည်း ငြီးငွေ့ရာ၏၊ တပ်ခြင်းကင်းမူလည်း ကင်း ရာ၏၊ လွတ်လိုခြင်း ဖြစ်မူလည်း ဖြစ်ရာ၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ မဟာဘုတ်လေးပါးဖြင့် ပြီးသော ဤကိုယ်၏ တိုးပွားခြင်းသည်လည်းကောင်း၊ ဆုတ်ယုတ်ခြင်းသည်လည်းကောင်း၊ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်၏။ ထို့ကြောင့် အကြားအမြင် မရှိသော ပုထုဇဉ်သည် ဤကိုယ်၌ ငြီးငွေ့မူလည်း ငြီးငွေ့ရာ၏၊ တပ်ခြင်းကင်းမူလည်း ကင်းရာ၏၊ လွတ် လိုခြင်း ဖြစ်မူလည်း ဖြစ်ရာ၏။ ရဟန်းတို့ စိတ်ဟူ၍လည်းကောင်း၊ မနောဟူ၍လည်းကောင်း၊ ဝိညာဏ် ဟူ၍လည်းကောင်း ဆိုအပ်သော သဘောတရား၌ အကြားအမြင် မရှိသော ပုထုဇဉ်သည် ငြီးငွေ့ခြင်းငှါ မစွမ်းနိုင်၊ တပ်ခြင်း ကင်းခြင်းငှါ မစွမ်းနိုင်၊ လွတ်လိုခြင်းငှါ မစွမ်းနိုင်။ ထိုသို့ မစွမ်းနိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်သည် ဤစိတ်ဟူသော သဘောတရားကို “ဤ သည်ကား ငါ၏ ဥစ္စာဖြစ်၏၊ ဤသည်ကား ငါ ဖြစ်၏၊ ဤသည်ကား ငါ၏ ကိုယ်အတ္တတည်း”ဟူ၍ ရှည်စွာသော ကာလပတ်လုံး (တဏှာဒိဋ္ဌိတို့ဖြင့်) စွဲယူအပ်၏၊ မြတ်နိုးအပ်၏၊ မှားသောအားဖြင့် သုံးသပ် အပ်၏၊ ထို့ကြောင့် အကြားအမြင်မရှိသော ပုထုဇဉ်သည် ထိုစိတ်ဟူသော သဘောတရား၌ ငြီးငွေ့ခြင်းငှါ မစွမ်းနိုင်၊ တပ်ခြင်း ကင်းခြင်းငှါ မစွမ်းနိုင်၊ လွတ်လိုခြင်းငှါ မစွမ်းနိုင်။

ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်သည် အလိုရှိခဲ့သော် မဟာဘုတ်လေးပါးဖြင့် ပြီးသော ဤကိုယ်ကို အတ္တဟူ၍ ကပ်ရောက်ရာ၏၊ စိတ်ကိုမူ မကပ်ရောက်နိုင်သည်သာလျှင်တည်း။ ထိုသို့ ဖြစ်ခြင်း သည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဤမဟာဘုတ်လေးပါးဖြင့် ပြီးသော ကိုယ်သည် တစ်နှစ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ နှစ်နှစ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ သုံးနှစ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ လေးနှစ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ ငါးနှစ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ ဆယ်နှစ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ အနှစ်နှစ်ဆယ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ အနှစ် သုံးဆယ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ အနှစ်လေးဆယ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ အနှစ် ငါးဆယ်ပတ်လုံး တည်သည်ကိုလည်းကောင်း၊ အနှစ်တစ်ရာပတ်လုံး တည်သည်ကိုလည်းကောင်း၊ အနှစ် တစ်ရာထက် အလွန် တည်သည်ကိုလည်းကောင်း ထင်မြင် အပ်၏။ ရဟန်းတို့ စိတ်ဟူ၍လည်းကောင်း၊ မနောဟူ၍လည်းကောင်း၊ ဝိညာဏ်ဟူ၍လည်းကောင်း ဆိုအပ်သော သဘောတရားသည် ညဉ့်၌လည်းကောင်း၊ နေ့၌လည်းကောင်း တခြားတစ်ပါးသာလျှင် ဖြစ်၏၊ တခြားတစ်ပါးသည် ချုပ်၏၊

ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် (ပဋိစ္စသမုပ္ပါဒ်) ကို သာလျှင် သင့်လျော်သောအားဖြင့် ကောင်းစွာ နှလုံးသွင်း၏၊ “ဤသို့ ဤအကြောင်းတရား ရှိသော် ဤ အကျိုးတရားသည် ဖြစ်၏၊ ဤအကြောင်းတရား ဖြစ်ခြင်းကြောင့် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်း တရား မရှိသော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား ချုပ်ခြင်းကြောင့် ဤအကျိုးတရား ချုပ်၏”၊ ရဟန်းတို့ ချမ်းသာခံစားမှု ‘သုခဝေဒနာ’၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ကို စွဲ၍ ချမ်းသာ ခံစားမှု ‘သုခဝေဒနာ’ ဖြစ်၏၊ ထိုသုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿ ချုပ်ခြင်းကြောင့်သာလျှင် ဖဿ အား လျော်စွာ ခံစားအပ်သော သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်သော သုခဝေဒနာ သည် ချုပ်၏၊ ငြိမ်း၏။ ရဟန်းတို့ ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ’၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ကို စွဲ၍ ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ’ ဖြစ်၏၊ ထိုဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿ ချုပ်ခြင်းကြောင့် သာလျှင် ဖဿအား လျော်စွာ ခံစားအပ်သော ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်သော ဒုက္ခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏။ ရဟန်းတို့ ဆင်းရဲ ‘ဒုက္ခ’လည်း မဟုတ် ချမ်းသာ ‘သုခ’လည်း မဟုတ် သော ခံစားမှု ‘ဥပေက္ခာဝေဒနာ’၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ကို စွဲ၍ ဆင်းရဲ ‘ဒုက္ခ’လည်း မဟုတ် ချမ်းသာ ‘သုခ’လည်း မဟုတ်သော ခံစားမှု ‘ဥပေက္ခာဝေဒနာ’ ဖြစ်၏၊ ထိုဒုက္ခလည်း မဟုတ် သုခလည်း မဟုတ်သော ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿ ချုပ်ခြင်းကြောင့်သာလျှင် ဖဿအား လျော်စွာ ခံစားအပ်သော ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်သော ဥပေက္ခာဝေဒနာသည် ချုပ်၏၊ ငြိမ်း၏။

ရဟန်းတို့ ဥပမာသော်ကား ထင်းချောင်း နှစ်ချောင်းတို့၏ ပွတ်တိုက်ပေါင်းဆုံခြင်းကြောင့် အပူ ဓာတ်ငွေ့သည် ဖြစ်၏၊ မီးဖြစ်ပေါ်လာ၏၊ ထိုထင်းချောင်း နှစ်ချောင်းတို့ကိုပင်လျှင် အထူးထူး ပြု၍ သုံးဆောင်ခြင်းကြောင့် ထင်းချောင်းအား လျော်သော အပူဓာတ်ငွေ့ ချုပ်၏၊ ငြိမ်း၏။ ရဟန်းတို့ ဤအတူ ပင်လျှင် ချမ်းသာခံစားမှု ‘သုခဝေဒနာ’၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ကို စွဲ၍့ချမ်းသာခံစားမှု ‘သုခဝေဒနာ’ ဖြစ်၏၊ ထိုသုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿ ချုပ်ခြင်းကြောင့်သာလျှင် ဖဿအား လျော်စွာ ခံစားအပ်သော သုခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏။ပ။ ဆင်းရဲခံစားမှု ‘ဒုက္ခဝေဒနာ’၏ အကြောင်း ဖြစ်သော တွေ့ထိမှု ‘ဖဿ’ကို စွဲ၍။ ဆင်းရဲ ‘ဒုက္ခ’လည်း မဟုတ် ချမ်းသာ ‘သုခ’လည်း မဟုတ်သော ခံစားမှု ‘ဥပေက္ခာဝေဒနာ’၏ အကြောင်းဖြစ်သော ‘ဖဿ’ကို စွဲ၍ ဆင်းရဲ ‘ဒုက္ခ’လည်း မဟုတ် ချမ်းသာ ‘သုခ’လည်း မဟုတ်သော ခံစားမှု ‘ဥပေက္ခာဝေဒနာ’သည် ဖြစ်၏၊ ထိုဒုက္ခလည်း မဟုတ် သုခလည်း မဟုတ်သော ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿ ချုပ်ခြင်းကြောင့်သာလျှင် ဖဿအား လျော်စွာ ခံစားအပ်သော ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်သော ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဥပေက္ခာဝေဒနာသည် ချုပ်၏၊ ငြိမ်း၏။

ရဟန်းတို့ အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ဤသို့ မြင်သည် ရှိသော် ဖဿ၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သည်ရှိသော် တပ်ခြင်းကင်း၏၊ တပ်ခြင်းကင်းခြင်းကြောင့် ကိလေသာမှ လွတ်၏၊ ကိလေသာမှ လွတ်ရာ၌ “ကိလေသာမှ လွတ်၏”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံး ပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ အရဟတ္တဖိုလ်ဟူသော အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီ”ဟု သိ၏ဟု (ဟောတော်မူ၏)။

ဒုတိယသုတ်